Fans of Mahn Robert Ba Zan

(62nd )Anniversary of Karen Martyr’s Day

Read more

KKO နှင့် DKBA တို့မှ ကြီးမှူးကျင်းပသော (၆၂) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်များနေ့သို့ ပေးပို့သော (KCM) ကရင်ကွန်မြူနီတီ မီနီဆိုးတား၏ သဝဏ်လွှာ


ကလိုထူးဘော ကရင်အစည်းအရုံး (KKO) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့မှ ကြီးမှူးကျင်းပသော (၆၂) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်များနေ့သို့ ပေးပို့သော (KCM) ကရင်ကွန်မြူနီတီ မီနီဆိုးတား၏ သဝဏ်လွှာ

ကလိုထူးဘော ကရင်အစည်းအရုံး (KKO) နှင့် (DKBA)  မှ ကရင့်အမျိုးသားခေါင်းဆောင် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဒေသအသီးသီးတွင်ရှိကြသော ကရင်ပြည်သူများအားလုံး ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း မိမိတို့မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယနေ့သည် ကရင်အမျိုးသားထုတရပ်လုံး၏ နေ့ထူးနေ့မြတ်များထဲမှ နေ့တရက်ဖြစ်ပြီး ကရင်လူမျိုးများအပေါ် ဖိနှိပ်အနိုင်ကျင့်မှု၊ ကျွန်ပြုမှုနှင့် မတရားမှုများမှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီး စောဘဉီးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေ အပါအဝင်ရဲဘော်များအားလုံး၊ ကရင့်တော်လှန်ရေးအပေါ် ပုံစံအမျိုးမျိုးဖြင့် ကျရာအခန်းကဏ္ဍမှ ထောက်ပံ့ကူညီရင်း အသက်စတေးခံခဲ့ကြရသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်းတို့
အား ဂုဏ်ပြုသော ဂုဏ်ရောင်ပြောင်မြောက်သည့် ကရင့်အာဇာနည်များနေ့လည်းဖြစ်ပါသည်။

မိမိတို့ကရင်အမျိုးသားများ၏ ရဲရင့်သောသတ္တိ၊ မဟုတ်မခံသောစိတ်၊ မဆုတ်မနစ်သောဇွဲတို့ဖြင့် ကရင့်တော်လှန်ရေး၏ နှစ်ပေါင်း (၆၀) ကျော်ကာလ အတွင်းထောင်ပေါင်းများစွာသော အာဇာနည်များပေါ်ပေါက်ခဲ့ပြီးဖြစ်သကဲ့သို့ ဆက်လက်၍ တိုက်ပွဲဝင်နေဆဲလည်းဖြစ်ပါသည်။ ယနေ့ကာလသည် မြန်မာပြည်တွင်းနှင့်ပြည်ပနေရာအနှံ့တွင်ရှိကြသော ဘာသာပေါင်းစုံမှ ကရင်လူမျိုးများနှင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ကရင်အမျိုးသားများအားလုံး တလုံးတဝတည်းစည်းလုံးညီညွတ်မှုရှိရန် အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။

ယနေ့မျက်မှောက်ကာလ မြန်မာပြည်အစိုးရအနေဖြင့် ဒီမိုကရေစီဖေါ်ဆောင်ရေးလုပ်ငန်းများအား ဆောင်ရွက်လာသည်ဟု ဆိုနေသော်ငြားလည်း ခေတ်နောက်ပြန်ဆွဲလိုသည့် အချို့သော စစ်အာဏာရှင်စနစ် အကြွင်းအကျန်များမှ မြန်မာနိုင်ငံအား နည်းမျိုးစုံဖြင့် ဆက်လက်ကြီးစိုး၊ မင်းမူလိုစိတ်ရှိနေသေးသည်ကို တိုင်းရင်းသားဒေသများသို့ စစ်ဆင်တိုက်ခိုက်နေမှုများအား ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။

ထို့အပြင် မြန်မာပြည်တွင်းရှိ အခြားလူမျိုးစုငယ်များအပါအဝင် ကရင်လူမျိုးများအတွင်း အချင်းချင်း ရန်လိုမုန်းတီးသတ်ဖြတ်ကြရန်နှင့် ကရင်တမျိုးသားလုံး၏ညီညွတ်ရေးတည်ဆောက်မှုလုပ်ငန်းများအား ဟန့်တားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ ကြံစည်လျှက်ရှိပါသည်။ ထို့ကြောင့် ကရင့်အမျိုးသားများအနေဖြင့်မြန်မာအစိုးရနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်သွားရမည့် မည်သည့်ကိစ္စရပ်များကိုမဆို မိမိတို့အမျိုးသားအချင်းချင်း ထိတွေ့ညှိနိုင်းတိုင်ပင်ပြီး ဆင်ခြင်လုပ်ကိုင်ကြရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။

မိမိတို့ (KCM) အနေဖြင့် မိခင်အဖွဲ့အစည်းဖြစ်သော (KNU) ၏ ဉီးဆောင်မှုအား ဆက်လက်ခံယူသွားမည် ဖြစ်သကဲ့သို့ ယနေ့  ကရင့်အမျိုးသားခေါင်းဆောင်ကြီး စောဘဉီးကြီး၏ မူဝါဒလေးချက်ကို အခိုင်အမာဆုပ်ကိုင်လျှက်ရှိသောကလိုထူးဘော ကရင်အစည်းအရုံး (KKO) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  တို့၏ ရပ်တည်ချက်၊ ခံယူချက်နှင့် ကရင်ပြည်သူလူထုအပေါ် သစ္စာစောင့်သိမှုများအား အလေးအနက်ထောက်ခံအားပေးသွားမည်ဖြစ်သည်။ ရဲဘော်အပေါင်း
ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း ထပ်မံ၍ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အောင်ပွဲသည် တိုက်ရဲသူတို့အတွက်ဖြစ်သည်ဆိုသော ဆောင်ပုဒ်အတိုင်း မိမိတို့ကရင်အမျိုးသားများ၏ လွတ်မြောက်ရေးတိုက်ပွဲအတွင်း အသက်ပေးသွားခဲ့သော အာဇာနည်များနှင့် ဆက်လက်၍ တော်လှန်တိုက်ပွဲဝင်နေကြသော ကရင့်အမျိုးသားရဲဘော်အပေါင်းတို့အား အစဉ်ဉီးညွတ်အလေးပြုလျှက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

အလုပ်အမှုဆောင်ကော်မီတီ

(KCM)

စိန့်ပေါလြ် မို့
အမေရိကန်ပြည်ထောင်စု
Read more