“တိုင်းပြည်မဲ့နေတဲ့လူမျိုးဟာ ကျွန်ဘဲ”
(ဥက္ကဌကြီး စောဘဦးကြီး)
စာဖတ်ပရိသတ်များ ခင်ဗျား
ကျွန်တော်တို့ရဲ့ “စည်းလုံးခြင်းရဲ့ အင်အားသို့” အကြံဥာဏ်များ၊ အားပေးလမ်းညွှန်မှုများ၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့ နေကြတဲ့ ပရိသတ်များ အားလုံးကို နှစ်သစ်ကူးမှာ ကျန်းမာချမ်းသာစွာဖြင့် ရည်မှန်းချက်ပန်းတိုင်များဆီသို့ စိတ်သစ် လူသစ်နဲ့ ရောက်ရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ် ခင်ဗျား။ ဒီနေ့မှာ ပင်တိုင် ဆောင်းပါးရှင် ဖထီး မန်းရောဘတ် ဘဇန်ရဲ့ ဆောင်းပါးရှည် အသစ်တစ်ပုဒ်ကို စတင် တင်ပြပေးလိုက်ပါတယ်။ဒီဆောင်းပါး မှာ မာနဲပလောဌာနချုပ်ရဲ့ ရှေ့ခံစစ်စည်းလို့ နာမည်ကြီးတဲ့ “ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် ၄၀၄၄ - တိုက်ပွဲ” အကြောင်းနဲ့ စပ်လျဉ်းပြီး စစ်နည်းဗျူဟာပိုင်းဆိုင်ရာ စိတ်ဝင်စားဖွယ် လေ့လာ သုံးသပ်နိုင်ဖို့ တင်ပြထားပါတယ်။ ဒါ့အပြင် မာနဲပလောဌာနချုပ်မှာ အဖွဲ့အစည်းပေါင်းစုံရဲ့ ဌာနချုပ်များ စုဝေးရာ သမိုင်းမှတ်တိုင်အဖြစ် တွေ့ရှိရမှာ ဖြစ်ကြောင်း၊ တပ်မတော်ရဲ့ တိုက်ပွဲ သမိုင်းမှာ ပွိုင့် ၄၀၄၄ တိုက်ပွဲဟာ အပြင်းထန်ဆုံး ထိပ်ပိုင်းတိုက်ပွဲ စာရင်းထဲတွင် ပါရှိပြီး လူ၊ လက်နက်၊ ခဲယမ်းများစွာ ကျဆုံးပျက်စီးရှုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံတွေ အနေနဲ့ လူမျိုး၊ ဘာသာ၊ တန်းတူညီမျှရေးဟာ အရေးကြီးပုံ၊ ဆောင်းပါးရှင်ရဲ့ ပြည်တွင်းစစ်အပေါ် ထားရှိတဲ့ သဘောထားနဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲထွက်သွားမှာ မဟုတ်ဘူးဆိုတဲ့ သစ္စာစကား၊ နိုင်ငံတော် ငြိမ်းချမ်းသာယာ ဝပြောရေး အတွက် ဘက်နှစ်ဘက်က တပ်မတော်နှစ်ရပ် အတူတကွ လက်တွဲ လုပ်ဆောင်နိုင်ပါစေ ဆိုတဲ့ ဆုတောင်းထားပုံတွေကို နှစ်သစ်အ၀င်မှာ အထူးတင်ပြ ရေးသားထားပါတယ်။ အခုလို ပေးပို့ လာတဲ့ ပင်တိုင် ဆောင်းပါးရှင် “ဖထီး” အားလည်း စည်းလုံးခြင်းရဲ့အင်အားမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရင်း တင်ပြပေးလိုက်ပါတယ်ခင်ဗျား။
ဗဟိုစစ်ဦးစီးဌာနချုပ် (မာနဲပလော)
၁၉၉၃ - ၉၄၊ ခုနှစ် ...
မာနဲပလောအောင်မြေသည် ဒေါနတောင်နှင့် သောင်ရင်းမြစ်ကြား၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အထက်တွင် တည်ရှိပါ သည်။ ကေ၊အဲန်၊ယူ ဗဟိုဌာနချုပ်၊ (KNLA) (Karen National Liberation Army) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးဌာနချုပ်တို့ တည်ရှိသော အခြခံစခန်းကြီး ဖြစ်သည်။ (KNDO) (Karen National Defense Organization) (ကရင်အမျိုးသား ကာကွယ်ရေးအစည်းအရုံး) ဌာနချုပ်လည်း ရှိပါသည်။
ဖထီး မန်းရောဘဇန်
ထို့အပြင် (NLD-LA) (National League For Democracy - Liberated Area) (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) (လွတ်မြောက်နယ်မြေ) ဌာနချုပ်၊ (DAB) (Democratic Allaince of Burma) (မြန်မာပြည်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ်) ဌာနချုပ်၊ (NDF) (National Democratic Front) (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) ဌာနချုပ်၊ (DPNS) (Democratic Party for New Society) (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) ဌာနချုပ်၊ (ABSDF) (All Burma Student’s Democratic Front) (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး) ဌာနချုပ်၊ (PLF) (People’s Liberation Front) (ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး) ဌာနချုပ်၊ (NCGUB) (National Coalition Government of Union of Burma) (ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ) ဌာနချုပ်၊ (NCUB) (National Council of Union of Burma) (ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ) ဌာနချုပ်၊ (ABYMU) (All Burma Young Monk Union ) (ရဟန်းပျိုသမဂ္ဂ) ဌာနချုပ် များလည်း ရှိသည်။
(KYO) (Karen Youth Organization) ကရင်လူငယ် အစည်းအရုံး၊ (KWO) (Karen Women Organization) ကရင် အမျိုးသမီး အစည်းအရုံး၊ အတွင်းရေးမှူးချုပ်ရုံး၊ သစ်တောဌာန၊ ပညာရေးဌာန၊ မိုင်းဌာန၊ တရားရေး ဌာန၊ ဧည့်ဂေဟာ၊ စစ်ဆေးရုံ၊ စစ်သင်တန်းဌာန၊ ဘုရားရှိခိုးကျောင်း၊ ဘုန်းကြီးကျောင်း၊ လက်နက်ကြီးကုန်း၊ ဆက်သွယ်ရေး ဌာန၊ စစ်ရုံးချုပ်၊ စစ်အချုပ်၊ ရိက္ခာဂိုဒေါင်များ၊ ကွန်မန်ဒိုကုန်း၊ အစည်းအဝေးခန်းမ၊ စစ်တန်းလျားများ အပြည့်အစုံရှိသည့် ဌာနချုပ်ကြီးပင် ဖြစ်သည်။
သည့်နောက် ရပ်ကွက်များလည်း ရှိပြန်သည်။ (လောကွားလူ) (ကပေါလူ) (ထူးဝါးလူ) (ပဟီလူ) (ဖွေးဘောလူ) (ဖူးမြလူ) (ထီးသေဃီ) (ယာဒေးနီ) စသည့် ရပ်ကွက်များ ရှိကြသည်။ (KNDO) ဌာနချုပ်နားတွင် အာဇာနည်များ ဗိမ္မာန်လည်း ရှိသည်။ ထိုနေရာတွင် ကွယ်လွန်သွားပြီ ဖြစ်သော မိမိ၏ မိဘနှစ်ပါးစလုံးကို မြုပ်နှံထားပါသည်။ အထက်တန်းကျောင်းများ၊ (ဖူးရသေ့) ၏ တိုင်းရင်းဆေးကျောင်းလည်း ရှိသည်။ ထို့ပြင် လက်နက်ကြီး အခြေခံစစ်သင်တန်း၊ ဗိုလ်သင်တန်းကျောင်းတို့ ရှိသည်။
တပ်ရင်း (၁၂)၊ တပ်မဟာ (၄) မှ “မာနဲပလော” ဗဟိုဌာနချုပ်သို့ ပြည်ရောက်ပြီး ဗိုလ်ချုပ် စောမောင်မောင် စစ်ကော်မတီအတွင်းရေးမှူး၏ (DAB) (Democratic Alliance of Burma) တွင် မိမိအား တာဝန်ပေးခြင်းကို ခံရသည်။ ဗိုလ်ချုပ်စောမောင်မောင် (ကွယ်လွန်) အား သတင်းပို့ပြီးနောက် နေရန်အိမ် မရှိသေးသဖြင့် ဗိုလ်ချုပ်ကြီး စောဗိုလ်မြအား အိမ်လိုကြောင်း သတင်းပို့ရာ သစ်တောဌာနတာဝန်ခံ အောင်ဆန်း (လက်နက်ချ) အား အိမ်တစ်ဆောင်စာ သစ်တိုက်ပေးရန် ဗိုလ်ချုပ်ကြီးမြမှ ညွှန်ကြားလိုက်ပါသည်။
(ကပေါလူ) တွင် အိမ်ဆောက်ရန်နေရာကို မိမိသားများ၊ ရဲဘော်များနှင့် မြေညှိခြင်း၊ နေရာရှင်းခြင်းတို့ကို ပြုလုပ်ရပါသည်။ ရန်သူ့သတင်း ကြားဖြတ် (Intercept) အဖွဲ့မှ ရဲဘော်များက လာရောက် ကူညီလုပ်ကိုင်ပေးကြပါသည်။ အိမ်မိုးရန် အင်ဖက်နှင့်သစ်များ မရောက်သေးပေ။ ကျနော်သည် (DAB) စစ်ကော်မတီ အတွင်းရေးမှူးရုံးတွင် တနင်္လာနေ့မှ သောကြာနေ့အထိနေပြီး စနေ၊ တနင်္ဂနွေနေ့ (Weekend) များ၌ မိသားစုနှင့် မိဘနှစ်ပါးတို့ အခြေချနေထိုင်ခဲ့သော (ကပေါလူ) တွင် ပြန်နေပါသည်။ (DAB) ရုံးတက်စဉ် ကျောင်းသားတပ်မတော်၊ သုတေသနဌာနမှ ထုတ်ဝေသော ရန်သူ့စစ်အဂါင်္စဉ်ကို လေ့လာသည်။ မိမိတို့ စစ်ဦးစီးဌာနချုပ်မှ (ကြားဖြတ်) သတင်း၊ တိုက်ပွဲအစီရင်ခံစာ များကို လေ့လာသည်။ အထူးသဖြင့် မိမိရောက်ရှိနေသော (ဗဟိုဌာနချုပ်) ဝန်းကျင်ရှိ ရန်သူ့တပ်တည်နဲ့ တပ် လှုပ်ရှားမှုများကို ဦးစားပေး လေ့လာခဲ့သည်။
ရန်သူ့အကြောင်း လေ့လာရာ၌ တပ်အမျိုးအစား၊ ဖွဲ့စည်းပုံ (W.E) စစ်အင်္ဂါစဉ်၊ တပ်တည်၊ လက်နက်တပ်ဆင်မှု၊ (စရိုက်၊ အမူအကျင့်) များကို လေ့လာရသည်။ အထူးသဖြင့် (ရတခ) အရှေ့တောင်တိုင်းတပ်များ၏ အခြေအနေ၊ ထို့နောက် တပ်မ (၆၆) နှင့် တပ်မ (၈၈) တို့၏ လှုပ်ရှားမှုများကို လေ့လာသည်။ ရန်သူသည် (မာနဲပလော) ဗဟိုဌာနချုပ်ကို အရ ထိုးစစ်ဆင် သိမ်းပိုက်ရန် ကြီးမားသော ရည်ရွယ်ချက် ထားရှိကြောင်း သိရသည်။ တပ်မ (၆၆) သည် (မာနဲပလော) ချေမှုန်းရေးအတွက် စစ်ဆင်ရေးကို တာဝန်ယူရပြီး တပ်မ (၈၈) သည် အုပ်ချုပ်မှုအတွက် (L of C) လမ်းကြောင်းတလျောက် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး (ထောက်၊ ပို့) တာဝန်ယူရမည် ဖြစ်ကြောင်း သိရသည်။ တပ်မ (၆၆) အား တပ်မမှူး ဗိုလ်မှူးချုပ် အေးကျော်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး တင်ဝင်းတို့က ဦးစီးပြီး (၆၆၁)၊ (၆၆၂)၊ (၆၆၃) နည်းဗျူဟာမှူးများမှာ ဗိုလ်မှူးကြီး အောင်သိန်း(ခန့်မှန်း)၊ ဗိုလ်မှူးကြီး စိုးဝင်းမောင်နှင့် ဗိုလ်မှူးကြီး သူရမြင့်မောင်တို့ ဖြစ်ကြသည်။ တပ်မ (၆၆) လက်အောက်ခံ တပ်များမှာ ခလရ (၁)၊ (၁၁)၊ (၁၄)၊ (ရ၅)၊ (၈ဝ) နှင့် ခမရ (၄)၊ (၅)၊ (၆)၊ (၁ဝ)၊ (၁ဝ၈) စုစုပေါင်း (၁ဝ) ရင်း ဖြစ်ပါသည်။
(အမတ) အမြောက်တပ်ရင်း (၃)၊ (၅)၊ ကွန်မန်ဒို တပ်ခွဲ (၃) ခွဲ၊ လေတပ်မှာ တရုတ်လုပ် (F-7)၊ ယူဂိုစလပ်လုပ် (G-4)၊ ဆွစ်ဇာလန်လုပ် (PC -7)၊ (PC-9) ဖြစ်သည်ဟု သိရသည်။ ရန်သူအသုံးပြုနေသော လက်နက်ကြီးများမှာ (ဂ၁) မမ၊ (၁၂ဝ) မမ စိန်ပြောင်းများ၊ (ရ၅) မမ၊ (၈၄) မမ၊ (၁ဝ၆) မမ နောက်ပွင့် ရိုင်ဖယ်များ၊ (၂၅) ပေါင်ဒါ အမြောက်ကြီးများ၊ (point -5) စက်ကြီးများ အစုံအလင် ပါသည်ဟု သိရသည်။ အထမ်းသမားပေါ်တာ ထောင်ချီ၍ ဖမ်းလာကြောင်းလည်း သိရပါသည်။
တစ်နေ့ မိမိသားများ၊ ရဲဘော်များနှင့် အိမ်တိုင်ထူနေစဉ် ဗိုလ်ချုပ်ကြီးမြမှ ၄င်းထံ သတင်းပို့ရန် မိမိစကားပြောစက်မှ ပေါ်ထွက်လာသဖြင့် ၄င်းနှင့် သွားတွေ့သည်။ “နက်ဖန် တပ်မဟာ (၆) က ကျောင်းသားတပ်ဖွဲ့ ရောက်မယ်၊ ကျောင်းသားအဖွဲ့ကို ဦးစီးပြီး (ထွီဖါးဝီး) စစ်မြေပြင်တစ်ခုမှာ နေရာသွားယူ” ဟု ပြောပါသည်။ လိုအပ်ချက်များကို မိမိဌာနမှူး ဗိုလ်ချုပ်မောင်မောင်သို့ တင်ပြလိုက်ပါသည်။ (DAB) (ကီးဒို) စစ်ကြောင်းအဖြစ် ဖွဲ့စည်းရန် လိုအပ်သော တိုက်ပွဲဝင်ပစ္စည်းများ၊ တပ်အင်အားများကို ထုတ်နုတ်ဖွဲ့စည်းရန် ဗျူဟာမှူးဖြစ်သော မိမိညီမလေး နန်းနွယ်ဇန်၏ခင်ပွန်း ဗိုလ်မှူးကြီး လောဝါဒိ (ကွယ်လွန်) အား ညွန်ကြားလိုက်ပါသည်။
ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်
0 comments:
Post a Comment