Fans of Mahn Robert Ba Zan

ကရင့်အာဇာနည်များကို ဉီးညွတ်အလေးပြုပါ၏။


ကရင့်အာဇာနည်များကို ဉီးညွတ်အလေးပြုပါ၏။
(မန်းရောဘတ် ဘဇန် - ဖူးကီးဒို)

၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့၊ နံက် (ရးဝ၀) နာရီ။ အမေရိကန် ပြည်ထောင်စု၊ မီနီဆိုတား ပြည်နယ်၊ စိန်ပေါမြို့၊ (မစ္စစပီး အလယ်တန်းကျောင်း) အားကစားကွင်းကြီးတွင် ကရင်အမျိုးသားလူကြီး၊ လူငယ်များ မိမိတို့အမျိုးသား ဝတ်စုံ ရောင်စုံဝတ်ဆင်ထားသူများ၊ မိမိတို့အသင်းအားကစား ဝတ်စုံများနှင့် ဘောလုံး၊ ဘော်လီဘော အားကစား မောင်မယ်များ၊ နှင့်ပြည့်နေသည်။ (၆၃) ကြိမ်မြောက် ကရင့် အာဇာနည်များနေ့ဟု စကောကရင်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာတမ်းထိုးထားသော အပြာရောင်နောက်ခံ အဖြူရောင်ဆိုင်းဘုတ်ကြီးသည် ထင်းထင်းပေါ်နေသည်၊ ၄င်း၏ညာဘက်တွင် ကရင့်အာဇာနည်များ ကျောက်တိုင်ကို တွေ့နေရသည်။

အသံချက်စက်မှ ကရင်ကွန်မြူနီတီမီနီဆိုးတား (KCM)(Karen Community of Minesot) နှင့်(KOM)(Karen Organization of Minnesota) တို့မှ ခေါင်းဆောင်တဉီးဖြစ်သည့် သရာမူနော်ဖေါဝါးတိုး ကရင့် အာဇာနည်နေ့ အစီအစဉ်များ ဖတ်ကြားသံများ ပေါ်ထွက်လာသည်။

(၆၃)ကြိမ်မြောက် ကရင့်အာဇာနည်များနေ့အတွက် သဘာပတိ(၃)ဉီး နေရာယူပါရန် ပန်ကြားမှုကြောင့် သဘာ ပတိများဖြစ်ကြသည့် မန်းရောဘတ် ဘဇန်၊ စောနေထူး (ကရင်ကွန်မြူနီတီမီနီဆိုးတား ဉက္ကဌ)၊ စောအယ်တောဒွေး (မီနီဆိုးတား ကရင်အစည်းအရုံး)(KOM) ဒုတိယဉက္ကဌတို့ အသီးသီးနေရာယူကြသည်။

အစီအစဉ်အရ အလေးပြုခြင်း နှစ်ရပ်ဖြစ်သော အမေရိကန်ပြည်ထောင်စုအလံနှင့် ကရင်အမျိုးသား အလံတော်အား အလေးပြုရန် စောဒါးတိုး (ယခင် တပ်မဟာ (၄) ရုံးထိုင်မှူး ဗိုလ်မှူးဒါးတိုး) ၏ (ရှေ့ကြည့်၊ သတိ၊ ကရင်အမျိုးသားနိုင်ငံတော် အလံအား အလေးပြု) ရန် အမိန့် ပေးသံထွက်ပေါ်လာသည်။ ကြက်သရေအပေါင်းနှင့် ပြည့်စုံသည့် ကရင်အမျိုးအောင်လံတော်ကို အလေးပြုရင်း ကျနော့ အတွေးရေယဉ်ကြောသည် ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ရောက်ရှိသွားတော့သည်။

၁၉၆၄ခုနှစ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ မြောင်းမြခရိုင်၊ (သိမ်လ္လာ-ကမ်းနီ) တောတွင်းတနေရာသို့ ရောက်နေသည်။ ခရိုင်ဉက္ကဌ စောဘီဖိုး၊ (ကျဆုံး) အတွင်းရေးမှူးစောအယ်ကော်၊ (လက်နက်ချ) တပ်ရင်းမှူးများဖြစ်သည့်၊(KPLA) (Karen People Liberation Army) တပ်ရင်း(၂)တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး စောသောင်းညွန့် (ကျဆုံး)၊ ဒုတိယဗိုလ်မှူးကြီး မန်းကွက်ကော့၊ တပ်ရင်းမှူး၊ တပ်ရင်း(၆)၊ (KPGF)(Karen People Guerrilla Force) ကရင်ပြည်သူ့ ပျောက်ကျားတပ်ဖွဲ့၊ မန်းကျော်လှ၊ (ဘိုကလေး စစ်ဆင်ရေးတွင် ကျဆုံး)၊ ဉက္ကဌ၊ လပွတ္တာမြို့နယ်။ မန်းဘိုင်ချောက်၊ ဉက္ကဌ၊ ဝါးခယ်မမြို့နယ်၊ စောလားပွဲ၊ ဉက္ကဌ၊ အိမ်မဲမြို့နယ်၊ စသည့် ခရိုင်ခေါင်းဆောင်များနှင့် တွေ့နေသည်။ ၄င်းတို့၏ ဘယ်ဘက်တွင် ရပ်နေသူတပ်မှူးများကိုပါ တွေ့နေရသည်။ ဗိုလ်ကြီးချစ်လေးမောင် (တချက်တကောင်)၊ (KPLA) တပ်ခွဲ-၂၊ တပ်ခွဲမှူး၊ ဗိုလ်ကြီးသာမင်း (လက်နက်ချ)၊ (KPLA) တပ်ခွဲ-၁၊ တပ်ခွဲမှူး၊ (KPLA) တပ်ခွဲ-၂ မှ တပ်စုမှူးများဖြစ်သည့် ဗိုလ်အယ်ဆိုး (ကျဆုံး)၊ ဗိုလ်အယ်ဆဲ (ကျဆုံး)၊ ဗိုလ်ကြီးအောင်သန်း၊ တပ်ခွဲမှူး၊ တပ်ခွဲ (၁) (KPGF) တပ်ရင်း(၆)၊ တို့ကိုပါ တွေ့နေသည်။ (ငါတို့ကရင်ပီသစွာနဲ့ အဘ ကရင်ပြည်ရရှိရေးနဲ့ ကရင်အမျိုးသားလွတ် မြောက်ရေးအတွက် ငါတို့အသက်တွေပေးဆပ် တိုက်ပွဲဝင်ခဲ့ကြပြီး၊) ဟူသည့် တည်ကြည်သောမျက်နှာထားနှင့် ကျနော့်ကိုကြည့်နေသည်။ ၄င်းတို့နှင့် မလှမ်းမကမ်းတွင် ဖျာပုံ၊ ပုသိမ်၊ မအူပင်၊ ဟင်္သတနှင့် ဟံသာဝတီခရိုင်များနှင့် (KPLA) တပ်ရင်း(၁) နှင့်(၃)မှ အရာရှိ အရာခံ၊ အကြပ်၊ စစ်သည် များကို၎င်း၊ (KPGF) ပျောက်ကြားတပ်မဟာ (၄) နှင့်တပ်မဟာ (၅) မှအရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များကို၎င်း၊ (KPLA) တပ်မ (၂)၊ တပ်မမှူး ဗိုလ်ချုပ်စောမြရင်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးချုပ်မနှ်း- သိန်း၊ ဗိုလ်မှူးကြီးစောလေးမှူး၊ ဗိုလ်မှူးကြီး မန်းဖန်းရှောင်း၊ ဒုတိယဗိုလ်မှူးကြီးကျော်လှိုင် (မြပုခက်)၊ ဒုတိယဗိုလ်မှူးကြီး စောကျော်နီဖိုး (KPGF)၊ တပ်ရင်း (ရ) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးသန်းရှိန်၊ (KPGF) တပ်ရင်း (၃)၊ တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကီးဒို၊ ဗိုလ်မှူး မောင်ဇန်၊ ဗိုလ်မှူးမောင်ချစ်၊(KPLA) တပ်ရင်း (၁)၊ (ဒုတိယတပ်ရင်းမှူး နှင့် နိုင်ငံရေးမှူး)၊ ဒုတိယဗိုလ်မှူးကြီး စောဝေးလေ၊ (KPLA) တပ်ရင်း(၃)၊ ဒုတိယဗိုလ်မှူးကြီးကိုကို၊ တပ်ရင်းမှူး (KPGF) တပ်ရင်း (၅) တပ်ရင်းမှူး၊ ဗိုလ်မှူးကြီးစောဂျက် (ထီးကစာ)၊ ဗိုလ်ကြီးကျားလေး၊ ငပုတောမြို့နယ် တပ်ခွဲမှူး စသည့် တပ်မှူးများနှင့် ရာပေါင်းများစွာသော အုပ်ချုပ်ရေးနှင့် စစ်ဖက်မှရဲဘော်၊ ရဲမေများကို တွေ့နေသည်။ (သူတို့လက်ထဲမှာ ရန်သူဆီက တိုက်ယူထားတဲ့ လက်နက်မျိုးစုံ ကြစ်ကြစ်ပါ ဆုတ်ကိုင်ထားပြီး- “ဟေ့-ဗိုလ်မှူးရောဘတ်ဇန်-ငါတို့ခေါင်းဆောင်ကြီး စောဘဉီးကြီးရဲ့ မူ (၄) ချက်ကို မြေဝယ်မကျ ကိုင်စွဲ ထားတယ်ကွ၊ ဒီ သစ္စာတရားကို ဒေါ်လာဖြစ်ဖြစ်-ရွေပုံကြီးပုံပေးလဲ မလဲနိုင်ဘူး၊ အမျိုးသားသစ္စာဖေါက်တွေ အဖြစ် အဖြစ်မခံနိုင်ဘူး”-လို့ သံပြိုင်ဟစ်ကြွေးသံကို ကြားလိုက်သည်။

(ဘိုကလေး) ကရင်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် ကျဆုံးခဲ့ကြသော ခရစ်ယာန်သာသနာ့ ကရင်သူ ရဲကောင်းများဖြစ်သည့် ဆရာတော်(စောထွန်းစိန်) နှင့် အပြစ်မဲ့ ကရင်အမျိုးသမီး၊ အမျိုးသား၊ ကျောင်းသား၊ လူငယ်၊ သက်ကြီးရွယ်အို၊ ခလေးသူငယ်များကိုပါ တွေ့နေသည်။ ရွာတွေမီးရှို့ခံရလို့ ပြာပုံပေါ်စုရပ်ပြီး မျက်ရည်စက်လက်နှင့် တချို့ ကိုယ်ခနာတခုလုံး သွေးတွေလွှမ်းလို့ မိမိကို လွမ်းလွမ်းဆွေ့ဆွေ့ ကြည့်နေသည်ကို တွေ့နေသည်။ -လူမဆန်၊ တိရိစာန်တွေ၊ အရိုင်းအစိုင်းတွေလို နှိပ်စက်ကလူ ပြုမှုကြောင့် ပေါ်ထွက်လာတဲ့ (ငိုသံ၊ ငြီးငြူသံ)တွေ ကျနော် နားကွဲလုမတတ် ကြားနေ သည်။
အခန်းအနားမှူး သရာမူ ဖေါဝါးတိုး မှ (၆၃)ကြိမ်မြောက် ကရင့်အာဇာနည်များနေ့ မိန့်ခွန်းပြောကြားရန် ကြေညာ လိုက်သဖြင့် ကျနော့အတွေးများ ရပ်သွားတော့သည်။

“မြတ်တရားတဲ့ ကရင့်လက်နက်ကိုင် ခုခံတော်လှန်စစ် ရာစုနှစ်တဝက်ကျော် ဆင်နွဲခဲ့တဲ့ ကရင်များအတွင်း ကျနော်တို့ မိသားစုပါဝင်ခဲ့တယ်။ ကျနော်တို့မိသားစုအတွင်း အာဇာနည်တွေရှိခဲ့တယ်။ ကျနော့ညီထွေး ဒုတိယဗိုလ်ထိုလွီဇန်၊ ကျနော့်ညီဝမ်းကွဲ တပ်ကြပ်ကြီးရောကိ(ပုချို)၊ ကျနော့တူ ဒုတိယဗိုလ်မိုးအောင်ဝင်း၊ စစ်မြေပြင်မှာ ကျဆုံးခဲ့တယ်။ ကျနော့ မိဘနှစ်ပါးကတော့ ကရင့်တော်လှန်ရေးအပေါ် သစ္စာစောင့်သိ ရိုသေပြီး ကရင့်တော်လှန်ရေးအတွင်းမှာဘဲ လူကြီးရောဂါနဲ့ ဆုံးပါးသွားတယ်။ ကျနော်ရဲ့ခေါင်းဆောင်မှုနဲ့ ကျနော်နဲ့အတူ စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ကျနော်အသက်နဲ့ ထပ်တူ ချစ်မြတ်နိုးတဲ့ ရာဂဏန်းရှိတဲ့ ရဲဘော်တွေကို သတိရလွမ်းဆွတ်နေတယ်။ ကျနော့လိုဘဲ ဒီကရင့်အာဇာနည်နေ့ကို ကြွရောက်လာတဲ့ ကျနော့အမျိုးသားများ အတွင်း ရှိကြမှာဘဲ။ သူတို့ဟာ အာဇာနည်တွေရဲ့ (မိဘ) နဲ့ (ဆွေမျိုးညီကိုမောင်နှမ)တွေဖြစ်တယ်။ (အာဇာနည်) မျိုးဖြစ်တယ်။

ဒီနေ့ ကျနော်တို့ အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတာ (အမျိုးသားရန်သူကို ကြောက်လို့၊ ကရင့်တော် လှန်ရေးကို စွန့်ခွာလာတာမဟုတ်ဘူး)၊ တိုက်ပွဲပုံစံပြောင်းတာ ဖြစ်တယ်။ (သွေးမထွက်တဲ့ တိုက်ပွဲ) ပုံစံကို ပြောင်းလိုက်တာ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာ ကရင့်တော်လှန်ရေး အခြေခံစခန်း တည်ဆောက်နေတာ ဖြစ်တယ်။ (စိန်ပေါ)မြို့ကို (ဒုတိယမာနဲပလော)ဖြစ်အောင် လာတည်ဆောက်တာ ဖြစ်တယ်။ နိုင်ငံတကာရောက် ကရင်တွေကလည်း ကရင့်တော်လှန် ရေး အခြေခံစခန်းတွေ ဆောက်တည်နေတာဖြစ်တယ်။

ဒို့ရန်သူဟာ ဒို့တမျိုးသားလုံးကို ပညာမဲ့တွေဖြစ်အောင် လုပ်နေတာ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရလာ ကတဲကဖြစ်တယ်။ ဒီအခြေအနေကို ပြောင်းပြန်ဖြစ်အောင် နိုင်ငံတကာရောက် ကရင်တွေက လုပ်နေတာဖြစ်တယ်။ နိုင်ငံတ ကာခေတ်မှီ အထက်တန်း၊ ကောလိပ်နဲ့ တက္ကသိုလ်ကြီး တွေမှာ ကရင်တွေပညာဆီးပူးနေကြပြီး ဖြစ်တယ်။ တနေ့ (ကော်သူးလေ)ကရင်ပြည်ကို ခေတ်ပညာတတ် မျိုးချစ်ကရင်လူငယ်တွေနဲ့ တည်ဆောက်ကြမှာ ဖြစ်တယ်။ မီနီဆိုတားမှာ ကရင်လူငယ် တွေ ခံယူထားတာက- (အညံ့ဆုံး ကရင်လူငယ်ဟာ အထက်တန်းအောင်တဲ့ ကရင်ဖြစ်ရမယ်) နောင်ဆယ်စုနှစ် တခု၊ နှစ်ခု လောက်မှာ နိုင်ငံတကာရောက် ကရင်များအတွင်း (ပညာမဲ့)တဲ့ ကရင်မရှိရဘူး၊ ဒါဟာ (ကရင်အမျိုးသားရေး တာဝန်) တခုလို့ ခံယူထားကြသည်။

သတ်မှတ်ထားတဲ့ စကားပြောချိန် ပြည့်သွားသည်နှင့် မိန့်ခွန်းကိုရပ်လိုက်သည်။ အစီအစဉ်အတိုင်း တခုပြီး တခုဆက်လုပ်နေသည်။ ကရင့်အာဇာနည်နေ့အကြောင်း ဖတ်ကြားခြင်း၊ ကျောင်းသား၊ လူငယ်၊ အမျိုးသမီးများ၏ အာဇာနည်သီချင်း ဆိုချင်းများ အာဇာနည်နေ့ သဝဏ်လွှာများ ဘတ်ကြားခြင်းများ ပြီးဆုံးသည်နှင့် ကရင့်အာဇာနည်များ ကျောက် တိုင်တွင် (လွမ်းသူ့ပန်းခွေ) များချသည့် အစီအစဉ်ကို စတင်လိုက်သည်။

(KCM) အမျိုးသမီး၊ လူငယ်၊ ကျောင်းသား-ကျောင်းသူ များမှ- “သြဂုတ်လ (၁၂)ရက်” – သီချင်း ဆိုသည်နှင့် ပန်းခွေများ ချကြသည်။ သြဂုတ်လ (၁၂)ရက်နေ့ သီချင်းသံကြားသည်နှင့် ကျဆုံးလေပြီးသော ကျနော့ညီများ၊ တူ နှင့်ရဲဘော် ရဲဘက်များ၊ မိဘများကို မြင်ယောင်လာသည်။ ကျနော့နှလုံးမှ သွေးနီများ စိမ့်ထွက်လာပြီး မျက်ရည်ဖြူအဖြစ် အသွင်ပြောင်းကာ မျက်စေ့အိမ်မှ ယိုစိမ့်ကျလာသည်။ ကျနော် ငိုနေမိသည်။ သခင်ခရစ်တော်ခြေတော်ရင်းမှာ ထိုင်နေတဲ့ မိဘနှစ်ပါးကို မြင်လာသည်၊ မိဘနှစ်ပါးစလုံးက ကျနော့ခေါင်းကိုကိုင်ပြီး ဆုတောင်းပေးနေသည်။ ပြီးတော့ ကျနော့ကို ဆုံးမသြဝါဒ ပေးတော့သည်။
“ငါ့သား-ငါပေးခဲ့တဲ့ တော်လှန်ရေးအမွေကို သစ္စာရှိရှိ ကိုင်စွဲပြီး (သွေးထွက်တဲ့တော်လှန်ရေးနဲ့ သွေးမထွက်တဲ့ တော်လှန်ရေးနှစ်ရပ်ကို) စွဲစွဲမြဲမြဲလုပ်နေတာတွေ့ရလို့ ငါတို့ဂုဏ်ယူတယ် လူဆိုတာ တနေ့သေမယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်း ပြည်အတွက် သေရခြင်းဟာ ဂုဏ်ရောင်ပြောင်ပြီးကြီးမြတ်တယ် အာဇာနည်ပီပီသေကြ၊ အမျိုးသားသစ္စာဖေါက်လို့ သတ်မှတ်ခြင်း မခံရစေနဲ့၊ သစ္စာရှိရှိ တော်လှန်ရေးလုပ်၊ ရန်သူနဲ့ပေါင်းပြီး ကိုယ်ကျိုးစီးပွားလုပ်၊ ကိုယ့်အမျိုးကို ရောင်းစားပြီး ချမ်းသာနေရင်တောင်၊ ပြည်သူလူထုက သစ္စာဖေါက်လို့ အခေါ်ခံရရင်၊ ဒီလူအပါအဝင် သူ့ဆွေမျိုးတသိုက်လုံး လူ့အသိုင်း အဝှန်းမှာ ခေါင်းဖေါ်နိုင်မှာ မဟုတ်ဘူး”
“သား-ရန်သူဟာ တရုပ်စစ်ပါရဂူ ဆွန်ဇူးရဲ့ - "The supreme act of war is to subdue the enemy
without fighting" “စစ်မတိုက်ရဘဲနိုင်တဲ့နည်း” ကို တွင်တွင်ကျင့်သုံးနေတယ်။ စစ်တိုက်ရရင် ငွေကုန်မယ်၊ ဗမာ့တပ်မ တော်က စစ်သည်တွေ ရာထောင်ချီပြီးသေမယ်။ ဒီတော့ ဒီငပွေးတွေကို စစ်မတိုက်ရဘဲ (ဒေါ်လာ)သန်းတရာလောက် အကုန်ခံလိုက်တာနဲ့ ဒို့အိပ်ကပ်ထဲ ထည့်လို့ရပြီး၊ ဒီကောင်တွေ စီးပွားရေးသမားတွေ ဖြစ်ကုန်ပြီး။ ဒီကောင်တွေ ကရင့် အာဇာနည်နေ့တောင် မလုပ်ရဲတော့ဘူး၊--ဆိုတဲ့ (ဆွန်ဇူး) နည်းကို ကျင့်သုံးလိုက်ပြီး၊ (စီးပွားရေး)လုပ်ခွင့်ပေးပြီး ဒို့သေနတ် ပြောင်းတွေ ပိတ်လိုက်ပြီး၊ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်နဲ့ ဆယ်စုနှစ် တခုနှစ်ခုအထိ အချိန်ဆွဲထားပြီး ခြော့မြူ၊ လှည့်စား၊ ဖျားရောင်း၊ သိမ်းသွင်းလိုက်ပြီး ဖြစ်နေတယ်။”

“သား-ဒို့ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှ (မရှုံး)ဘူး၊ ပြည်တွင်း-ပြည်ပ က မျိုးချစ်ကရင်တွေ ဘယ်တော့မှ (စစ်ရှုံးတဲ့ လူမျိုး) အဖြစ်မခံဘူး၊ မျိုးဆက်သစ်တွေကို စစ်ရှုံးတဲ့အမွေ မပေးဘူး၊ ဆိုတာယုံတယ်။ (ပျော့ညံ့တဲ့ကရင်၊ အချောင်သမားကရင်၊ သစ္စာဖေါက်ကရင်၊ ရန်သူကိုဒူးထောက်တဲ့ ကရင်၊ (ဒေါ်လာ)(ငွေ)နဲ့ ခေါင်းဆောင်ကြီး စောဘဉီးကြီးရဲ့ (မူ-လေးချက်) (သစ္စာတရား လေးပါး)နဲ့ လဲတဲ့စာရင်းထဲ ငါ့သားမပါစေနဲ့” ဒါဘဲပြောချင်တယ်။ “ငါသားကို ထာဝရဘုရား ကြည့်ရှု၊ စောင်မ ပါစေ” ဆိုတဲ့ - ပါးပါ ရဲ့ ဆုံးမသြဝါဒ သံများ တစတစ ဝေးလို့သွားပါပြီး။

ကျောင်းသူကျောင်းသားများ၏ ဝါးညပ်အက၊ ကျောင်းသူလေးများ၏ ဒုံးယိမ်းအကများအတွက် ဂီတသံများ ထွက်ပေါ်လာသဖြင့် ကျနော့အတွေးရေယဉ်ကြောကြီး ပြတ်တောက်သွားတော့သည်။

*ဘုရားရှင်တော်မြတ် ကရင်တမျိုးသားလုံးကို ကာကွယ်စောင်မ ပါစေ*
*သူရဲကောင်းပီသတဲ့ ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံက ရဲဘော်-ရဲမေများ ဘေးဘရာ ဝေးကွာကြပါစေ*
*စာဘဉီးကြီးမူလေးချက်ကို ခိုင်မြဲစွာ ကိုင်စွဲကြ*

မန်းရောဘတ် ဘဇန် (ဖူးကီးဒို)
သြဂုတ်လ (၁၂)ရက်နေ့၊ ၂၀၁၃ခုနှစ်။

0 comments:

Post a Comment