Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၂)


ဗိုလ်မှူးချုပ် စောလားပွဲ (နုတ်ခမ်းမွေး) ဦးဆောင်တဲ့ ညီနောင် (DKBA) ရဲဘော်တွေ မိခင်(KNU)ထံပြန်လာပြီး အမျိုးသားရန်သူကို ပြန်လည်တိုက်ခိုက်ကြတယ်။ အမျိုးသားရန်သူရဲ့ (ဗျူဟာ)တွေကို သိရှိလာလို့ ခုလိုပြန်လည်တိုက်ခိုက်ရတာဖြစ်တယ်။ တခါ ဗိုလ်မှူးဘီခို ဦးစီးတဲ့ (BGF) တပ်ရင်း (၄) ရင်းလည်း (KNLA) က ညီနောင်များနဲ့ ပြည်လည်ပူးပေါင်းပြီး (DKBA)အဖြစ် ပြန်လည်ခံယူလိုက်ပြန်တယ်။ ခုလိုပြန်လည်ပူးပေါင်းမှုဟာ ကရင့်လက်နက်ကိုင်ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲအစလို့ ပြောချင်တယ်။ စည်းလုံးခြင်းရဲ့အင်အားစုတစ်ရပ် ပေါက်ဖွားလာတာ ဖြစ်တယ်။



အဆုံးသတ်အောင်ပွဲခံဘို့ မိမိတို့မှာရှိတဲ့ အားနည်းချက်တွေကို စုစည်းပြီး စနစ်တကျ ပြုပြင်ရမယ်၊ ကြုံတွေ့ရင်ဆိုင်ခဲ့တဲ့ ကရင့်တော်လှန်ရေးသမိုင်း အတွေ့အကြုံတွေကို သင်ခန်းစာအဖြစ် မှတ်ယူပြီး နောက်ထပ်အမှားများ မရှိအောင် လုပ်ဆောင်ရမယ်။ မိခင်ရင်ခွင်သို့ ခိုဝင်လာတဲ့ သားသမီးများကို ခွင့်လွတ်ခြင်း၊ နားလည်ခြင်း၊ ယုံကြည်ခြင်းများနှင့် မေတ္တာတရား လွှမ်းခြုံပေးရမယ်။ တစ်ဦးနှင့် တစ်ဦး ရန်သူသတ်လျှိုလို့ မရအောင် ကျောချင်းကပ် စည်းစည်းလုံးလုံး နေရမယ်။ ရန်သူတွေဟာ မိမိတို့တော်လှန်ရေးတွေကို နည်းမျိုးစုံနဲ့ ဖြိုခွဲနေကြတယ်၊ အုပ်စိုးသူ အဆက်ဆက်က စကားလုံးလှလှသုံးပြီး တော်လှန်ရေးကို ဖြိုခွဲတယ်။ ဖဆပလ ဦးနုလက်ထက်မှာ “လက်နက်နဲ့ ဒီမိုကရေစီ” လဲ ခိုင်းတယ်။ စစ်ကာဏာရှင် နေဝင်း၊ စောမောင် နဲ့ ခု သန်းရွှေလက်ထက်ကြတော့ “လက်နက်နဲ့ငြိမ်းချမ်းရေး” လဲခိုင်းပြန်တယ်။   စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး၊ ပြည်သူ့တရားခုံရုံးက စီရင်ချက်ချမဲ့ “ကြိုးစင်”  မတက်ရရေးအတွက် အမျိုးမျိုး ခုခံကါကွယ်သွားကြမှာ ဖြစ်တယ်။ အာဏာတည်မြဲရေးနဲ့ ကြိုးစင်မတက်ရရေးအတွက် နည်းဗျူဟာမျိုးစုံသုံးပြီး တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲသွားမှာ ဖြစ်တယ်။ မိမိတို့ ကရင့်တော်လှန်ရေးကိုလည်း မစားရ ဝခမန်း အမျိုးမျိုး ပျားနည်နဲ့ဝမ်းချပြီး မြူဆွယ်သိမ်းသွင်းခဲ့လို့ ၁၉၉၅ခုနှစ်မှာ ညီနောင်တချို့ ရန်သူ အိတ်ထဲ ရောက်သွားတယ်။

နောက်ထပ် ဒီလိုအဖြစ်မျိုး မိမိကရင့်တော်လှန်ရေးမှာတင်မက ညီနောင် ဘဝတူ လူမျိုးစုတွေအတွင်း ဒီအဖြစ်မျိုးထပ်မံဖြစ်နိုင်အောင် တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းလေ့လာ၊ လေ့လာရင်းတိုက်ကြရမယ်။ လေ့လာစရာရှိတဲ့ စစ်ပညာတွေ လေ့လာနိုင်ဘို့ မိမိ လေ့လာဆည်းပူးထားတဲ့ စစ်ပညာတချို့ကို မျှဝေလိုက်ပါတယ်။(KNLA) (KNDO) (DKBA) စတဲ့ ကရင့်လက်နက်ကိုင် တပ်ပေါင်းစုံက တိုက်ပွဲဝင် ကရင်သူရဲကောင်းတွေ လေ့လာဘို့နဲ့ ဘုံရန်သူကို တိုက်နေတဲ့ တိုက်ပွဲဝင် ဘဝတူလူမျိုးစု ညီနောင်များပါ လေ့လာနိုင်ဘို့ဖြစ်ပါတယ်။ ရန်သူ့အကြောင်း မိမိအကြောင်းသိရင်၊ တိုက်ပွဲတရာ အောင်ပွဲတရာ မုချရမှာဖြစ်တယ်။ မိမိ လေ့လာဆည်းပူးထားတဲ့ မိမိတို့ကရင့် တော်လှန်ရေးကို တလျောက်လုံးတိုက်ခိုက် ဖြိုခွဲခဲ့တဲ့ ရန်သူ့ဗျူဟာကတော့  “စန်းသမိန်”  ရေးတဲ့ “မြန်မာ့သွေး၊ မြန်မာ့ဓါး၊  မြန်မာ့စစ်ပညာ” စာအုပ်၊ စာမျက်နှာ (၂၈ဝ) မှာပါတဲ့ “စစ်မဟာဗျူဟာကြီး ၂၉ ရပ်”ကို လေ့လာဘို့ ဖြစ်ပါတယ်။

 “စစ်မဟာဗျူဟာကြီး ၂၉ ရပ်”

၁။ မဏ္ဍုက ဗျူဟာ (ဖါးစစ်)

မလောက်မလား၊ ငယ်စွာဖါးဟု၊ တောသားခြင်္သေ့၊ မာန်ရှိငွေ့ဖြင့်၊ သွား၍မနေ၊ စစ်ထိုးချေသော်၊ ညွန်ရေဖုံးအုပ်၊ ကိုယ်လုံးမြုပ်လျက်၊ ဖားပြုပ်ဘာသာ၊ တချို့မှာမူ၊ သွားရာခြင်္သေ့၊ တူရူရှေ့က၊ မတေ့မထင်၊ သွေးဆောင်ငင်၏၊ ယင်းတွင်ကျံကျံ၊ ဖါးမြည်သံကြောင့်၊ နားခံစိုက်စိုက်၊ အပြင်းလိုက်မူ၊ ကမ်းရိုက်မြေစွန်၊ ခရီးလွန်၍၊ ရေညွန်ချောင်းပေါက်၊ ခြင်္သေ့ရောက်လျင်၊ ရှေ့နောက်နံပါး၊ အဖော်ဖါးတို့၊   မြူးသွားလေရာ၊ မျက်ရှိန်ပါနှင့်၊ လိုက်ရှာမိသော်၊ ပြင်းဟိုက်ဟော်လျက်၊ နွမ်းယော်ပန်းညောင်း၊ ထိုညွန်ပျောင်းတွင်၊ တောင်စောင်းမြောက်ခွေ၊ ချက်ခြင်းသေ၏၊ တောခြေစုံပြား၊ ခြင်္သေ့အားကို၊ လောက်လားသမျှ၊ ဖါးနိုင်ရသည်။ (ခြင်္သေ့သည် ဖါးသူငယ်ကိုကား မလောက်လားဟု အားတက်မာန် ကြိုးစစ်ထိုးချေသော်၊ ရွံ့ရေညွန်တွင် မြုပ်လျှင် ဖါးတို့သည် ခြင်္သေ့၏ တူရူမနီးမကမ်းက ကြိုးကြိုးကြံကြံ မြည်သောအသံကို ခြသေ့င်္နာခံ၍ အပြင်းလိုက်လေသော် ခရီးလွန်သဖြင့် ညွန်ရေချောင်းပေါက်သို့ ရောက်ကာလ  ခြသေ့င်္ရှေ့နောက် ဝဲယာဖါးအများ ဖျဖျဝန်းအုံ သွားလာမြူးတူးကြရာ ခြသေ့င်္အမျက် ဆုန်းဆုန်းထွက်၍ အပြင်းလိုက်လေသော် ပင်ပန်းခြင်း ပြင်းလှသောကြောင့် တခဏခြင်း သေကြေ ပျက်စီးခြင်းသို့ ရောက်လေသည်) (မဏ္ဍုက ဗျူဟာ) ခေါ် (ဖါးစစ်) ၏ သဘောကား - မိမိသည် အင်အားသေးသည်ဖြစ်၍ မိမိအရပ်မနေသင့်သော အရပ်တွင် အဆုံးမဖြတ်ပေးမည့် စစ်ပွဲကို ရှောင်ရှားလျက် မိမိအတွက် အရပ်အနေသင့်သော စစ်အောင်ရာ ဒေသသို့ ရန်သူအား ကျုံးသွင်း သွေးဆောင်ပြီး အပြီးအပိုင်ခြေမှုန်းသော  စစ်မဟာဗျူဟာပင် ဖြစ်ပါတယ်။

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

0 comments:

Post a Comment