Fans of Mahn Robert Ba Zan

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၁)


စာဖတ်ပရိသတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရော ဘဇန်က သူဖြတ်သန်း တွေ့ကြုံခဲ့ရတဲ့ ဖလူးတိုက်ပွဲ အကြောင်းကို “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ဒီဆောင်းပါးကို ဖတ်ရူကြည့်ရင် ဖထီး မန်းရောဘဇန်ဟာ စစ်ခေါင်းဆောင် တစ်ဦးရဲ့ကောင်းမွန်သော အမူအကျင့်များ ဖြစ်တဲ့ Follow me (ငါ့နောက်လိုက်ခဲ့) ပေါ်လစီအတိုင်း ရဲဝံ့စွာ တိုက်ပွဲမှာ ရှေ့တန်းမှ ဦးဆောင်နိုင်ခဲ့သူဖြစ်ကြောင်း၊ လက်တစ်ဖက်လုံး ဒဏ်ရာရ နေချိန်မှာတောင် အပြုံးမပျက်ဘဲ ၈၁ မမ စိန်ပြောင်းကြီးကို ဗုံးထည့် ပစ်ပြနိုင်သူဖြစ်ကြောင်း၊ ရဲဘော် ရဲဘက်များကိုလည်း သွေးထဲက ဖြစ်လာတဲ့သားလို သဘောထားတာကြောင့် ချစ်ကြောက်ရိုသေမှု ရရှိခဲ့သူ ဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ဖထီးရဲ့ စည်းလုံးခြင်းရဲ့ အင်အား မည်မျှကောင်းသည်ကို သက်သေပြရရင် နိုင်ငံတကာ စံအရ စစ်ရေးစစ်ရာမှာ ထိပ်တန်းက ပါဝင်တဲ့ ဂျပန်လူမျိုး (၂) ဦးကို စည်းရုံးနိုင်ခဲ့ပြီး သင်တန်းအတူပြ၊ တိုက်ပွဲအတူဝင် ပါဝင်ခဲ့တာကို အံ့သြဖွယ်ရာ တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်ကိုဖိုးတရုတ် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းခေတ်က ဂျပန်တွေကို ခေါ်ယူပြီး နယ်ချဲ့ကို တွန်းလှန်ခဲ့တာကို ပြန်ပြောင်း သတိရမိပါသေးတယ်။ ယခုလို ပေးပို့လာတဲ့ ဖထီး မန်းရောဘဇန်အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ ဂုဏ်ပြု မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ် ခင်ဗျား။




ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၁) 


ကျွန်တော်တို့တပ်ဖွဲ့ ၁၉၈၉ ခုနှစ်၊ မေလ (၂ရ) ရက်နေ့ (ဝမ်းခါသစ်) တိုက်ပွဲအပြီး တပ်နေရာချိန်းရန် ပြင်ဆင်နေကြသည်။ ကျွန်တော်တို့နေခဲ့သော ၀မ်းခါသစ်စခန်းကြီး၏ ထိပ်တိုက်ရင်ဆိုင် ခံစစ်ကုန်းသည် KNLA ၏ အထူးတပ်ရင်း အမှတ် (၁ဝ၁) တပ်ရင်း အမာခံတပ်ဖွဲ့များက တစ်ပါတ်တစ်ကြိမ် သွားရောက်တာဝန်ယူနေရသော နေရာဖြစ်သည်။ ကျနော်တို့ တစ်ပါတ် ပြည့်ပြီးဖြစ်၍ ထိုနေရာသို့ KNLA ၏ အထူးတပ်ရင်း (၁ဝ၁) မှ ဗိုလ်ကြီးဖေါဒို (ယခုဒုတိယဗိုလ်မှူးကြီး တပ်ရင်း (၁ဝ၁) တပ်ရင်းမှူး၊ မိမိနှင့် (NDF) ဗိုလ်သင်တန်းအပါတ်စဉ် (၁) အတူ တက်ခဲ့သူ) နှင့်အဖွဲ့ လာရောက်တာဝန်ယူမည် ဖြစ်သည်။ မိမိတို့တပ်ဖွဲ့က နောက်တန်းသို့ ပြန်လည်ဖွဲ့စည်း အနားယူမည် ဖြစ်သည်။
 
နောက်တန်းသို့ ပြန်လည်အနားမယူမှီ မိမိတို့က ရန်သူထံမှ သိမ်းဆီးရရှိသော လက်နက်မျိုးစုံ (ရ၉) လက်အား စာရင်းပြပြီး တပ်ရင်း (၁ဝ၁) တပ်ရင်းမှူးသို့ ဆက်သွယ်ရေးစက် (PRC) တစ်လုံးသာ အပ်နှံကာ အဆိုပါ လက်နက်များ အားလုံးကို မိမိတို့တပ်ဖွဲ့အတွက် တပ်ဆင်ရန် ယူထားလိုက်သည်။ သိမ်းဆီးရရှိလိုက်သော လက်နက်များမှာ- ကါဘိုင်၊ BA (၇၂၊ ၆၃၊ ၆၄)၊ M - (ရ၉) ၊ BA- (၉၃) ၊ Browning Pistol (၂) လက် တို့ ဖြစ်သည်။

(ဝမ်းခါသစ်) တွင် သိမ်းပိုက်ရရှိလိုက်သော ရန်သူ့လက်နက်များအား မိမိတို့တပ်ဖွဲ့ကို ပြန်လည်တပ်ဆင်သည်။ ထိုလုပ်ထုံး လုပ်နည်းသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ တပ်မတော်ထောက်ပံ့ရေး မူ (၃) ရပ် အနက်၊ မိမိတပ်မတော်ကို ရန်သူ့လက်နက်ဖြင့် ထောက်ပံ့ရမည်ဟု လမ်းညွန်ချက်အတိုင်း ကျင့်သုံးလိုက်ခြင်း ဖြစ်သည်။ သိမ်းပိုက်ရရှိထားသော (Browning Pistol) (၂) လက်အား မိမိတပ်ဖွဲ့၏ တပ်စုမှူး နှစ်ဦးအား ဆု အဖြစ် ပေးလိုက်သည်။ မိမိကိုင်ဆောင်ထားသော (Browning Pistol) မှာ (ဖါးကပ်) တိုက်ပွဲတွင် သိမ်းပိုက်ရရှိထားသော ခမရ - (၃) မှ ဗိုလ်မြင့်အောင် (သို့မဟုတ်) ဗိုလ်မြင့်ဝင်းကြူ၏ ပစ္စတို ဖြစ်သည်။ နံပါတ်မှာ (T-၄၇၇၄) ဖြစ်သည်။ မိမိတို့၏ ခံယူချက်မှာ အထက်အရာရှိမှ ထုတ်ပေးသော၊ ကိုယ်ပိုင်ငွေဖြင့်ဝယ်ယူသော ပစ္စတိုကို စစ်ချပ်ဝတ်တန်ဆာတွင် ချိတ်ခြင်းထက် ရန်သူ့ထံမှ သိမ်းဆီးရရှိသော ပစ္စတိုကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်လိုကြသည်။

ထိုအခါ မိမိတို့တပ်ဖွဲ့တွင် လက်နက်အင်အား တောင့်တင်းလာပြီးဖြစ်သည်။ စာရင်းအရ ရန်သူ့ထံမှ သိမ်းဆည်း ရမိသည့် လက်နက် (ရ၉) လက် တင်ပြထားသော်လည်း မိမိတို့ရဲဘော်များ (ဝေါ်လေ) အောက်စခန်း ပြန်ရောက်သော အခါ စာရင်းထက် မြေပြင်တွင် ပိုများနေသည်။ ဥပမာ (ကာဘိုင်) လေးလက်၊ (M - ရ၉) သုံးလက်တို့ကို ဖြုတ်ပြီး ကြောပိုးအိတ်ထဲ ဝှက်ယူလာခဲ့ကြသည်ကို တွေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်က ရဲဘော်တွေကို မေးရာမှာ -

“ဟေ့ကောင်တွေ ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ။”

“ကျနော်တို့က ကာဘိုင် နဲ့ (M - ရ၉) ကို ရီးစားထက် ပိုချစ်တယ်ဗျ၊ အသက်ပေးပြီး တိုက်ယူခဲ့ ရလို့ပါ”

“ကောင်းတယ်ကွာ၊ ဒို့တပ်လဲ တိုးချဲ့ဖွဲ့စည်းဖို့ဖြစ်တော့ သေနတ်လိုနေတာနဲ့ အတော်ဘဲ၊ တပ်စိတ် တစ်စိတ် အနည်းဆုံး တပ်စိတ်မှူးကို ကာဘိုင်၊ ဒုတိယတပ်စိတ်မှူးကို ( M - ရ၉)၊ အဖွဲ့ခေါင်းဆောင် (Team Leader) ကို (RPD/AK - စက်လတ်) တပ်ဆင်ပေးဘို့ စဉ်းစားထားတယ်”

ချေမှုန်းရေးလက်နက်အင်အား ကောင်းအောင် ကျနော်တို့အတွက် တိုက်ရိုက်ပစ် လက်နက်များဖြစ်သည့် ငှက်ပျောဖူး လောင်ချာ (RPG) အမျိုးအစား နံပါတ်များဖြစ်ကြသည့် (၂/၅/၇) လိုနေတယ်ဗျ။ ဘယ်လိုရအောင် လုပ်ရမလဲ - လို့ စဉ်းစားတော့၊ တပ်မဟာ (၆) မှာ (KE) (Kawthoolei Engineer) ဌာနရှိသည်၊ တာဝန်ခံက ဖူးရော်ဘင် ဖြစ်သည်။ လက်နက်ထုတ်လုပ်တဲ့ ဌာနဖြစ်သဖြင့် ကျနော်တို့ လိုအပ်နေသော လက်နက်ထုတ်ပေးနိုင်သည်၊ ထိုကြောင့် သူ့ဆီသွားပြီး အပူကပ်သည်။

“ဖူး ကျနော်တို့ (RPG) လိုချင်တယ်”
 “ဟ ကောင်တွေ၊ အလကား ဘယ်ရမလဲကွ”
 “ ကျနော်တို့မှာ ပိုက်ဆံမှ မရှိတာ”
“ဒီလိုဆို တပ်ပိုင် စိုက်ခင်းက ပြောင်းဖူးတွေ ခွာပေးရမယ်”
“မြတ်စွာဘုရား ပြောင်းဖူးတွေကို လက်သဲနဲ့ခွာပေးရမယ်” တဲ့။

“ငါနဲ့ တပ်စိတ် တစ်စိတ်လိုက်ခဲ့” လို့ ညွန်ကြားပြီး ကျနော်တို့ ဖူးရော်ဘင် (KE) စခန်းတွင် ပြောင်းဖူးသွားခွာနေပါတော့သည်။ လက်သဲတွေ နာလိုက်သည်ဖြစ်ခြင်း။ တောင်ယာတစ်ခုလုံးက ထွက်သည့် ပြောင်းဖူးသီးများကို ခွာနေကြရသည်။ ဖူးရော်ဘင်ကလဲ ဘယ်လောက် အခိုင်းရက်စက်သလဲ ဆိုလျှင် တောင်ယာပါ ဆက်ခုတ်ခိုင်း လိုက်သေးသည်။ မတတ်နိုင်၊ ဆက် ခုတ်ပေးကြစဉ် စစ်ဆင်ရေးလုပ်ငန်းတစ်ခု ပေါ်ထွက်လာသဖြင့် မိမိတို့ စခန်းသို့ပြန်ရန် ပြင်ဆင် နေစဉ် (KE) လုပ် (RPG) (၂) နှစ်လက်အပြင် Orginal RPG (7) တစ်လက်၊ ၆ဝ မမ စိန်ပြောင်းတစ်လက် ပါ လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။

“ပင်ပန်းခဲ့သမျှ အားလုံးဘယ်ရောက်ကုန်လဲ မသိတော့ဘူးဗျား” ဟု (RPG) ကို ဖက်ထားပြီး ပြောလိုက်သူကတော့ ကျဆုံးလေပြီးသော (မွတ်ဆလင်သူရဲကောင်း) ရဲဘော် ဘာဂျာမွတ် ဖြစ်သည်။ ရဲဘော်များ ပျော်မဆုံး တပြုံးပြုံးနဲ့ (ဝေါ်လေ) စခန်းသို့ ပြန်လည်ရောက်ရှိ လာကြပါတော့သည်။

ကျနော်တို့ စခန်းတဖက်တွင် ကြံခင်းရှိသည်။ ကြံခင်းရှင်က သူ့ကြံတွေ ရဲဘော်များကို ပေးစားသည်။ “ရဲဘော်တို့၊ ကြံခင်းရှင်က ဒို့ကို သူ့ကြံတွေ ကြွေးတယ်ကွ၊ သွားစားလို့ရတယ်။ ဒါပေမဲ့ စခန်းထဲယူလာပြီး မစားနဲ့၊ အမှိုက်ရှုပ်တယ်၊ ဟိုဘက်ကမ်းမှာဘဲစား” လို့ ညွှန်ကြား ထားရသည်။ နောက်နေ့ မိမိစခန်းတွင်း ရောက်သော် စခန်းတွင်း၌ ကြံဖတ်များဖြင့် ရှုပ်ပွနေသည်။

“ဘယ်သူတွေ ကြံစားပြီး အမှိုက်ရှုပ်ထားတာလဲကွ” ဟု မေးရာ ဖြေသူမရှိသဖြင့်၊ အားလုံးတန်းစီခိုင်းပြီး၊
“မင်းတို့ကို ကြံစားခွင့်ပေးတယ်၊ အမှိုက်မချဖို့ ပြောတယ်၊ ခုဘယ်သူမှ မလုပ်ဘူးဆိုတော့ ဘယ်ခွေးမသားက လာချတာလဲကွ”
 “တရားခံမတွေ့ရင်၊ မင်းတို့အားလုံးအပြစ်ရှိတယ်၊ ဒုတ်ယူမလား၊ ဒါဏ်ယူမလား” ဟု မေးလိုက်ရာ၊ ရှေ့ထွက်သတိဆွဲ ဖြေသူကတော့ မိမိသားထွေး ဆာဒူးဒူးဇန်၊ (ယခု အမေရိကန်နိုင်ငံသား အဖြစ် ခံယူပြီးချိန်၌ ကော်သူးလေဇန်ဟု အမည်ပြောင်းလိုက်သည်) က၊ “ဒါဏ်” ယူမည် ဟု ဖြေလိုက်သည်။

“ဒါဆိုရင် မင်းတို့အားလုံး ပါးစပ်ဟထား၊ စားပြီးအမှိုက် ပစ်အုံးကွ”

ရဲဘော်အားလုံး ပါးစပ်ဟ ထားကြသည်။ ပေးတဲ့အပြစ်ကို ခံယူကြသည်။

မိမိရဲဘော်များ ဘာကြောင့် မိမိအမိန့်ကို နာခံကြပါသနည်း။

ရဲဘော်တွေကို (ဘဝက ဖြစ်တဲ့သား) အဖြစ် သဘောထားသည်၊ သွေးကဖြစ်တဲ့သားလို တတန်းထဲထားသည်၊ မေတ္တာ ပေးသည်၊ ပေးတဲ့မေတ္တာတွေ ရောင်ပြန်ဟပ်သည်။ တန်းတူ အခွင့်အရေးပေးသည်။ မိမိ ရဲဘော်များအတွင်း စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက် ပိုးကရင်၊ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီကုလား၊ ကရင်ပြည်ဘွား မွတ်ဆလင်များ ရှိသည်၊ လူမျိုးစုံသည်။ လူမျိုးစုံနဲ့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု အငယ်လေးဖြစ်သည် - ဟု ခံယူသည်။ သူတို့ကို လေးစားသည်။ လခ တစ်ပြားတစ်ချပ်မှ မရဘဲ အမျိုးနဲ့ တိုင်းပြည်အတွက် ပေးဆပ်နေကြသည့် တန်ဘိုးမဖြတ် နိုင်သော သားကောင်းရတနာများ အဖြစ် လေးစားတန်ဘိုးထားသည်။ စစ်မြေပြင်တွင် ခေါင်းဆောင်တွေဟာ (Follow Me Policy) ငါ့နောက်လိုက်ခဲ့ မူဝါဒ ကို ကျင့်သုံးသည်။ အန္တရာယ်များတဲ့ နေရာတွေမှာ သူတို့ကို ဘယ်တော့မှ ရှေ့တန်းသို့ လက်လွတ်စပယ် မထား၊ မလွှတ်။ မိမိကိုယ်တိုင် စစ်ဆေးကြည့်ရှုပြီး အန္တရယ်ကင်းမှ သူတို့ကို နေရာချ သည်။ တန်းတူမှု၊ အပြန်အလှန်လေးစားမှု၊ ဒီမိုကရေစီကျင့်သုံးမှုများကြောင့် မိမိအမိန့်ပေးမှုများ ရဲဘော်များအတွင်း စိမ့်ဝင်လျှက်ရှိသည်။ ထို့ကြောင့် မိမိ အမိန့်ကို နာခံကြခြင်း ဖြစ်သည်။

ဆောင်းပါးရှင် - မန်းရောဘဇန်

0 comments:

Post a Comment