Fans of Mahn Robert Ba Zan

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၂)


စာဖတ်ပရိသတ်များခင်ဗျား၊

ဒီအပတ်မှာတော့ ဖထီး မန်းရော ဘဇန်ရဲ့ ဖလူးတိုက်ပွဲ အပိုင်း (၂) မှာ (ABSDF) ကျောင်းသားများကို သေဘောဘိုး စခန်းတွင် မွေးဖွားလေ့ ကျင့်ပေးခဲ့ပုံ၊ ဗမာ ကရင် မခွဲခြား ဘဲ လူမျိုးပေါင်းစုံ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ သဖွယ် စည်းလုံးညီညွတ်စွာဆက်ဆံခဲ့ရာမှာ
ပြည်တွင်းကို ပြန်ဝင်မယ့် ကျောင်းသားများက ဖထီးအား ကန်တော့ခဲ့တဲ့ စာသားကို ဖတ်မိရတဲ့ ကျွန်တော် ကိုဖိုးတရုတ်မှာတော့ တော်လှန်ရေးအတွက် ၀မ်းနည်းဝမ်းသာ ဖြစ်မိရပါတယ်။ ဒါ့အပြင် ဂျပန် လူမျိုးနှစ်ဦးက အစားဆင်းရဲ၊ အနေဆင်းရဲ ကြမ်းတမ်းလှတဲ့ တော်လှန်ရေးဘ၀ကို ဖြတ်သန်းနေပုံတွေကို ဖတ်ရတော့ ကျွန်တော်တို့ရဲ့ တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတ သတိရမိပါတော့တယ် ….


ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၂)

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၁) ကို ဒီနေရာမှာ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

၁၉၈၉ ခုနှစ် အစောပိုင်းကာလ။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၆) စစ်ဆင်ရေးဒေသ၊ ကုန်သွယ်ရေး (ဂိတ်) တစ်ခုဖြစ်သော (သေဘောဘိုး) စခန်းရှိသည်။ ကုန်သည်များ နေ့စဉ် (ထောင်)ဂဏန်းချီ၍ လာရောက်ကြသည်။ အထမ်းသမားများ၊ ကျွဲ၊ နွား ကုန်သည်များ၊ အချိုမှုန့်၊ အဝတ်အထည်၊ စက်ဘီးတာယာ စသည့် တိုင်းပြည်မှ လိုအပ်နေသည့် လူသုံးကုန် ပစ္စည်းများ လာရောက်ဝယ်ယူနေကြသည်။


၁၉၈၈ ပြည်သူ့အရေးတော်ပုံကြောင့် ကျောင်းသားလူငယ်များ အပါအ၀င် တိုင်းရင်းသား လူမျိုးစုံပြည်သူများ (သေဘောဘိုး) စခန်းသို့ ရောက်ရှိလာကြသည်။ နေ့စဉ်လူ (၁ဝဝ)၊ (၂ဝဝ)၊ (၃ဝဝ) မှ ထောင်ဂဏန်းအထိ ရှိလာသည်။ သေနတ်ပေးပြီး ပြန်တိုက်ကြမည်၊ သေနတ်ပေးရန် တောင်းဆိုလာကြသည်။

တနေ့ တပ်မဟာ(၆) မှူး ဗိုလ်မှူးကြီးရွှေဆိုင်း (ကွယ်လွန်) (နောင် ဗိုလ်ချုပ်၊ (KNU) ဒုတိယ ဥက္ကဌ နှင့် NDF ဥက္ကဌ) ဖြစ်သူမှ မိမိအားတွေ့လိုကြောင်း အရာရှိတစ်ဦးမှ လာရောက် သတင်းပို့သဖြင့်၊ သူနှင့် သွားတွေ့သည်။

“သေဘောဘိုး စခန်းကို ရောက်လာတဲ့ လူတွေ ပြန်တိုက်ဘို့ သေနတ်တောင်းနေတယ်၊ ဒီအတိုင်းပေးလို့တော့ မဖြစ်ဘူး၊ စစ်မြေပြင်မှာ ဒို့ ရဲဘော်တွေနဲ့ သဟဇာတဖြစ်ဖို့ သင်တန်းပေးရန် လိုတယ်။ ခင်ဗျား သင်တန်းပေးဖို့ စီစဉ်” ဟု ညွှန်ကြား သဖြင့် သင်တန်းပေး နိုင်မည့် ရဲဘော်များကို မိမိတပ်ဖွဲ့အတွင်း၌ ရှာဖွေ စီစဉ်တာဝန်ပေးရပါတော့သည်။

ရဲဘော်တင့်လွင် (တတိယနိုင်ငံရောက်)၊ ရဲဘော်ငြိမ်းငြိမ်း (တတိယနိုင်ငံရောက်)၊ ရဲဘော် ကျော်ကျော် (တတိယနိုင်ငံ ရောက်)၊ ရဲဘော်ထူးထူး (ဆုံး)၊ ရဲဘော်ဇော်ဇော် (ဆုံး)၊ ရဲဘော် ငမဲ (ကျော်ဆန်း) (မွတ်ဆလင်ရဲဘော်) (ဆုံး) အမှောင်ထဲတွင် ခြင်မမြင်လောက်အောင် မဲသည် ၊ ရဲဘော်သန်းဖြူ (ထိုင်းထောင်တွင် တစ်သက်တစ်ကျွန်းထောင်ကျနေ) စသည့် ရဲဘော်များ ကို သင်တန်းမှူးများအဖြစ် ရွေးချယ်ပြီး (သေဘောဘိုး) စခန်းသို့ ချီတက် သွားကြသည်။


လူမျိုးစုံနဲ့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု အငယ်လေး

မိမိတို့တပ်ဖွဲ့တွင် လူမျိုးစုံသည်၊ ကရင်စကားပြောလို့ တခြားလူမျိုးများ နားမလည်၊ ကရင် အချင်းချင်းတောင် စကောကရင် စကားကို အရှေ့ပိုးကရင်၊ အနောက် ပိုးကရင်များ အကုန်လုံးနားမလည်၊ လူမျိုးခြားဆို ဝေးရော၊ စက်စကားပြောရာ တွင်၎င်း၊ အချင်းချင်း စကားပြောကြရာတွင်၎င်း ဗမာစကားကိုသာ ပြောကြသည်။

တပ်မဟာ(၆)မှူးမှ မိမိအား သင်တန်းပေးရန် ရွေးချယ်ရခြင်းမှာ အကြောင်းရှိသည်။ မိမိသည် တော်လှန်ရေးလောကသို့ ရောက်ရှိမလာမှီ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ (ရကသ) အဖွဲ့ဝင်ဖြစ်ခဲ့ကြောင်း၊ ဆဲဗင်းဇူလိုင် အရေးတော်ပုံတွင် ပါဝင်ခဲ့ကြောင်း၊ ရန်ကုန်သားဖြစ်ပြီး ဗမာစကားကို ကောင်းမွန်စွာပြောတတ်ကြောင်း သိထားသဖြင့် ယခုကဲ့သို့ သင်တန်း ပေးရန် ရွေးချယ်ခြင်း ဖြစ်နိုင်သည်။

သေဘောဘိုး ဘောလုံးကွင်း၌ ဒီမိုကရေစီသူရဲကောင်းများနှင့် ပြည့်နေသည်။ သင်တန်းသား (၁ဝဝ) စီပါသော တပ်ခွဲများ သတ်မှတ်ပေးပြီး မိမိရဲဘော်များကို တပ်ခွဲများအား တာဝန် ခွဲပေးလိုက်သည်၊ “မယ်ညား၊ ပါသ၊ အိုညော၊ အိုမူ” “ရှေ့ကြည့်၊ သတိ၊ သက်သာ၊ အေးစေ” ဆိုသော စစ်မိန့်ပေးသံများ သေဘောဘိုးရွာ၏ အထက် ကောင်းကင်ယံကို လွမ်းခြုံ သွားတော့သည်။

ထို့နောက် သေဘောဘိုး စစ်သင်တန်းအား တပ်မဟာ(၆) စစ်သင်တန်းအဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး မိမိတို့အဖွဲ့က (မြို့ပြ ပျောက်ကြား) သင်တန်း သက်သက်ပေးရန်သာ တာဝန်ယူလိုက်သည်။ ထိုအချိန်၌ (ABSDF) (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဖွားမြင်လို့လာခဲ့ပြီး သေဘောဘိုး စခန်းတွင် ကျောင်းသား တပ်မတော် တပ်ရင်း (၁) ဦးမျိုးချစ်၊ တပ်ရင်း (၂) ကိုတင်မောင်စန်း၊ တပ်ရင်း(၃) ကိုသန်းနိုင် စသည့် ရဲဘော်များ အသီးသီး အုပ်ချုပ်နေပြီး (မြို့ပြ ပျောက်ကြား) (Urban Guerilla) အဖွဲ့အား ရဲဘော် စိုးမိုးဦး (ကျဆုံး) က ဦးစီးအုပ်ချုပ်လျက်ရှိသည်။

ထိုစဉ်က မိမိတို့ (မြို့ပြ ပျောက်ကြား) စခန်းအား (ဒီမို) စခန်းဟု တွင်နေသည်။ ရဲဘော်များအား မိမိတတ်စွမ်းသမျှ သင်ကြားနေရုံမက၊ မိမိ မိတ်ဆွေ ဂျပန်လူမျိုးများ (အပျော်တမ်း) (Mr. Nishikawa/ Mr. Lwai) တို့နှစ်ဦးမှ (လက်နက်မဲ့တိုက်ခိုက်နည်း)၊ (မြို့ပြပျောက်ကြား) စစ်ဆင်ရေးတွင် လိုအပ်နေသော ဘာသာရပ်များ စသည်တို့ကို သင်ကြားပေးလျက် ရှိသည်။ (ယခု ၄င်းတို့ နှစ်ဦးစလုံး ငှက်ဖျားရောဂါဖြင့် သေဆုံးသွားကြပြီး ဖြစ်သည်။ (ဂျပန်ရဲဘော်များ ကောင်းရာသုဂတိဘုံ၌ စံမြန်းကြပါစေ)။

သက်လုံကောင်းနိုင်ရေးအတွက် မိမိတို့ (ဒီမို) စခန်းမှ တပ်ရင်း(၃) ရှိသည့်နေရာအထိ နေ့စဉ်မှန်မှန် နံနက် စောစော PT အပြေးလေ့ကျင့်နေကြသည်။

“အမှတ်စဉ်၊ အမှတ်စဉ်၊ အမှတ်စဉ် ဆို (၁၊ ၂၊ ၃၊ ၄၊) (၁၊ ၂၊ ၃၊ ၄) (၁၊ ၂၊ ၃၊ ၄)” “ပြည်သူ့အတွက် လေ့ကျင့်ပေး”
 “ဘာလုပ်နေလဲ၊ လေ့ကျင့်နေတယ်”
“ဘယ်သူ့တွက်လဲ၊ ပြည်သူ့တွက်ဘဲ”

ဆိုသည့် ကျောင်းသားနှင့် မိမိရဲဘော်များ၏ အသံသည် (နအဖ) စစ်အုပ်စု၏ နှလုံးသားကို တုန်လှုပ် ရိုက်ခတ်သွားမည် ဖြစ်သည်။

မြို့ပြပျောက်ကြား လေ့ကျင့်ရေးစခန်းတွင် သင်တန်းတက်နေသော ကရင်တပ်မတော် ရဲဘော်များမှာ မိမိမှတ်မိသလောက် ရဲဘော်လှထွန်းဦး၊ ရဲဘော်ကျော်မိုးနိုင်၊ ရဲဘော် ဇော်ဇော် (ရခိုင်အမျိုးသား) (ဆုံး)၊ ရဲဘော်မောင်အေး၊ ရဲဘော်လှထွေး၊ ရဲဘော်ဆာဒူးဒူဇန်၊ ရဲဘော်ဘာဂျာမွတ်(မွတ်ဆလင်)၊ (ကျဆုံး)၊ ရဲဘော်အယိုင့် (ယခု DKBA)၊ ရဲဘော်သန်းဝင်း (စောကုလား)၊ ရဲဘော်ကျော်စွာ (ဆုံး) (ဗမာအမျိုးသား)၊ ရဲဘော်ဂျော်လီဆွေ၊ ရဲဘော်လဘို၊ ရဲဘော်အာပြဲ၊ (ကြည့်မကောင်းအောင် အာပြဲသည်) (လူငယ်)၊ ရဲဘော် အေးသောင်း (ယခု DKBA)၊ ရဲဘော်ငြိမ်းငြိမ်း၊ ရဲဘော်သူးသူး၊ ကျောင်းသားတပ်မတော်မှ ရဲဘော်များ (၂ဝ) ယောက်ကျော် ပါဝင်သည်။ ရဲဘော်စိုးမိုးဦးနှင့် ကျနော်သည် စခန်းကို ပူးတွဲ အုပ်ချုပ်သည်။ ကျောင်းသားတပ်မတော်မှ (မြို့ပြ ပျောက်ကြား) သင်တန်းသားများကို တချို့မှတ်မိတော့ခြင်း မရှိသဖြင့် အမည်များကျန်ရှိနိုင်၍ ခွင့်လွှတ် ပေးစေလိုပါသည်။

ရဲဘော်စိုးမိုးဦးသည် အလွန်ထက်မြက်သော၊ ခေါင်းဆောင်မှု အရည်အချင်းနှင့်ပြည့်စုံသော ဗမာ့သားကောင်းနှင့် အနာဂါတ် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သည်။ ၄င်းဆုံးရှုံးမှု အတွက် အလွန်ပင် ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် ရပါသည်။

ဂျပန်ရဲဘော် နှစ်ဦးသည်လည်း လခ တစ်ပြားမှ မရဘဲ စေတနာအပြည့်နှင့် သင်ကြားနေသည်။ မိမိတို့စားသလို စားသည်။ ကျနော်တို့လည်း သူတို့အတွက် သီးသန့် ချက်ပြုတ်ပေးရန် ငွေမရှိ။ ထို့ကြောင့် တစ်နေ့ ကျနော်တို့စားနေကျ ငါးပိထောင်း (ငါးပိနှင့် ငြုပ်သီးထာင်း၊ ပဲဟင်း)ကို သူတို့အား ပြုစုစောင့်ရှောက်ရသော ရဲဘော်မှ ခူးခတ်ကျွေးရာ၊ ၄င်းတို့စားပြီး “ရှူးရှူး ရှားရှား” ဖြစ်လာကြသည်။ အဲသည်နေ့ ငါးပိထောင်းကလဲ (ကုလားအော်သီး) နဲ့ ထည့်ထောင်းထားတော့ ဂျပန်ရဲဘော်နှစ်ဦး ပြဿနာ တက်ပါလေရော။

ရဲဘော်စောကုလားမှ ၄င်းတို့ကို ပါးစပ်ဟခိုင်းပြီး ယက်တောင်နှင့် ယက်ခတ်ပေးရလေသည်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်၍ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ညီအစ်ကိုသဖွယ် ချစ်ကြည်မှုကို လိုလားသော ဂျပန်ရဲဘော်များအတွက် အခက်အခဲ မြောက်များစွာ တွေ့ရသည်ကို ပြန်လည်မြင်ယောင်မိပါသည်။ တစ်နေ့ ၄င်းတို့လက်ဖက်ရည်ကြမ်း ရေပူ (Hot Tea) သောက်လိုကြောင်း တောင်းဆိုသဖြင့် ရဲဘော်ငြိမ်းငြိမ်းမှ ရဲဘော်အာပြဲအား တာဝန်ပေးလိုက်သည်။ ရဲဘော်အာပြဲသည် အာပြဲသလောက် အပြင်းထူသည်။ မယ်ကလာ ချောင်းတွင်းမှ ရေခပ်ပြီး လက်ဖက်ခြောက်ထည့်ကာ ဂျပန်သင်တန်းမှူးများကို သွားပေးသည်။

ဂျပန်သင်တန်းမှူးများ (ရှူးရှူး ရှားရှား) ဖြစ်ပြီး ကျနော့်ကို အာပြဲ ယူလာသော လက်ဖက်ရည်ကို ပြသည်။ ရေနွေး မဟုတ်ဘဲ ရေအေးတွင် လက်ဖက်ခြောက်ထည့်ပြီး ပေးလိုက်ခြင်း ဖြစ်လို့ ဂျပန်တွေက ဘ၀င်မကျ ဖြစ်နေရခြင်း ဖြစ်သည်။ ၄င်းတို့အတွက် မုန့်နှင့် လက်ဖက်ခြောက်၊ ရေနွေးဓါတ်ဘူး စီစဉ်ပေးလိုက်ပြီးကာမှ ပြဿနာ ပြေလည်သွားသည်။ (ပြဿနာရှိရင် ဖြေရှင်းနည်းရှိသည်။ ကမ္ဘာလောကကြီးဟာ ပြသာနာတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမှုအဆောက်အအုံ မဟုတ်ပါလား ခင်ဗျား)။

(မြို့ပြပျောက်ကြား) အပါတ်စဉ်တစ်ခု ပြီးသောကြောင့် သင်တန်းဆင်းရဲဘော်များ အတွင်းမှ လက်ရွေးစဉ်များ စီစစ်ထားသည်။ သင်တန်းသားတချို့ မြို့တွင်းပြန်ဝင်ရန် တောင်းဆိုလာသည်။ ကျနော်စဉ်းစားသည်၊ ဒီရဲဘော်တွေ ပြန်ဝင်ကြရင် အဖမ်းခံရမှာဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ထွက်လာကတည်းက ဘယ်သူတွေပျောက်သွားပြီ ဆိုသည်ကို ရန်သူများ သိထားပြီးဖြစ်သည်။ သင်တန်းကာလ အချိန်တို၊ ရက်တိုအတွင်း ၄င်းတို့ပြန်ဝင်ပါက အတတ်ပညာပိုင်းဆိုင်ရာ လုံလောက်မှု မရှိသေးသဖြင့် ၄င်းတို့အတွက် အသက်အန္တရာယ်ရှိသည်။ ထို့ကြောင့် မလွှတ်လိုပါ။ သို့သော် ၄င်းတို့ကလည်း စိတ်အားထက်သန်နေလွန်းသဖြင့် ပြန်ခွင့်ပြုလိုက်ရသည်။ တစ်ယောက်စီ လွှတ်သည်။ ၄င်းတို့ ခရီးမထွက်မှီ ကျနော့်ထံ လာရောက်၍ ဒူးတုတ် ရှစ်ခိုးကန်တော့ကြသည်။ ဘေးကင်းစေကြောင်း ဆုတောင်းပေးရပါသည်။ ကျနော့် ဆုတောင်းချက် မပြည့်လိုက်ပါ။ ဝင်သွားသည့် ရဲဘော်တိုင်း အဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခြင်း ခံကြရသည်။ ၄င်းတို့အတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အတွက် စွန့်လွှတ် လိုက်ရသဖြင့် တဖက်က ဂုဏ်ယူမိသည်။

ဆောင်းပါးရှင် - မန်းရောဘဇန်

0 comments:

Post a Comment