Fans of Mahn Robert Ba Zan

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁၂)

အပိုင်း (၁၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
တစ်နေ့ သတင်းဆိုး တစ်ပုဒ် ဝင်လာသည်။ “ပင်လယ်ပြင်မှ စက်လှေနှင့် ပြန်ဝင်လာသော တပ်ကြပ်ကြီး တင်ထွန်း အဖွဲ့အား ရန်သူမှ တန်ပြန် ခြုံခိုတိုက်ခိုက်သဖြင့် ၄င်းနှင့်အတူ ရဲဘော် (၃) ယောက် ကျဆုံးသွားကြောင်း” ၄င်းအလောင်းအား ကရင် ရွာ၌ မြုပ်သည်ကို ပသျူးရွာသားများက လာရောက် တူးဖေါ်ပြီး ၄င်းတို့ရွာ၌ ပြန်မြုပ်နှံသဖြင့် ကရင်နှင့် ပသျှူးရွာသားများ အကြား မပြေလည်မှု ရှိကြကြောင်း သိရသည်။ (လူထုထောက်ခံမှု အလွန်ရကြောင်း၊ စည်းရုံးရေးကောင်းကြောင်း) သိရ သည်။


မိမိတို့ တပ်ရင်းထောက်ပံ့ရေးအတွက် သစ်ကုမ္ပဏီ နှစ်ခု ရှိသည်။ (စလဝင်း) နှင့် (ကျောက်ဘုရား) ဖြစ်သည်။ ၄င်းသစ် ကုမ္ပဏီ နှစ်ခုအား သစ်များခုတ်ခွင့်ပေးပြီး သစ်အခွန် ယူသည်။ ရန်သူ့ထိုးစစ် တစ်လ ခံစစ်စီမံချက် (၉ဝ) ရာခိုင်နှုန်း ပြီးနေပြီ ဖြစ်သည်။ အတွင်းစည်း၊ အလယ်စည်းနှင့် အပြင်စည်း မှအစ ပြင်ဆင်မှု ပြီးနေပါပြီ။ (ရန်သူကို ကြိုတင် ပြင်ဆင်မှု မရှိဘဲ မတိုက်နှင့်)

လူမျိုးစုံနဲ့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု အငယ်လေး

မိမိသာ ရန်သူ့ဗျူဟာမှူး ဖြစ်ခဲ့သော် မည်သို့တိုက်မည်ကို သုံးသပ်ပြီး ကျန်လိုအပ်ချက်များကို ပြင်ဆင်သည်။ ရန်သူ လာရောက် နေရာယူပြီး ၁၂ဝ မမ၊ စိန်ပြောင်း (၇၅) မမ နောက်ပွင့်ရိုင်ဖယ်များ ထားနိုင်မည့်နေရာများ၌ မိုင်းခင်းရန် ပြင်သည်။ လာရောက်တိုက်နိုင်သော ရန်သူ့တပ်ရင်းများမှာ ခလရ (၂၂၄) (၂၆၂) (၂၅) (၁ရ) နှင့် (၁ဝ၁) ဖြစ်သည်။ မိမိလက်နက်ငယ် ကျည်ဖွဲ့စည်းပုံ အလက် (၃ဝဝ) ထားပြီး တိုက်ပွဲစဉ်တလျှောက်လုံးအတွက် (MK) နှင့် (M 16) (၅) သောင်းစီ ထားရန်၊ (၈၁) မမ တလက် (၂ဝဝ)၊ (.5) စက်ကြီးအတွက် (၅ဝဝဝ) အရံကျည်များ အဖြစ် ထားရန် စီစဉ်ထားပြီး ဖြစ်သည်။

အလုံးစုံပြင်ဆင်ထားသည်၊ ရုပ်ဝတ္ထုပစ္စည်း ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘာလိုသေးလဲ၊ စဉ်းစားသော် စိတ်ဓါတ်ခိုင်မာဖို့ လိုသည်၊ စိတ်ဓါတ်ခိုင်မာမှ တိုက်စိတ်ခိုင်မာမည်၊ စိတ်ဓါတ်နဲ့ တိုက်စိတ်ခိုင်မာဖို့အတွက် တပ်တွင်း စည်းလုံးညီညွတ်ဖို့ လိုသည်၊ စည်းလုံးညီညွှတ်ဖို့ တန်းတူမှု (Equality) လိုသည်။

တပ်တွင်း တန်းတူမှုများအနက် ဘာသာရေး တန်းတူမှု မတည်ဆောက်နိုင်ရင်လည်း စည်းလုံးညီညွတ်မှု မရနိုင်ဘူး၊ (ဟိုဘာသာကို ဦးစားပေးတယ်၊ ဒီဘာသာကို ဦးစားပေးတယ်) လို့ ဖြစ်နိုင်သည်။ တပ်မှူးရဲ့ ညွှန်ကြားချက်နဲ့ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းကြီး ဆောက်ထားပြီး ဖြစ်သည်။ တပ်တွင်းရှိ ဘာသာစုံ ရဲဘော်များ၏ လုပ်အားဖြင့် ဆောက်ထားခြင်း ဖြစ်သည်။ ခရစ်ယာန်ဘာသာ တစ်ခုထဲကိုဘဲ ဦးစားပေးတယ်လို့ မမြင်စေရန်၊ မဖြစ်စေရန် အတွက် ဗုဒ္ဓဘာသာဝင် ရဲဘော်တွေကို “မင်းတို့ ဘာလိုလဲ” လို့ မေးရာ “လပြည့် လကွယ် တောင်အောက် ဘုန်းကြီးကျောင်းမှာ (ဗွီဒီယို) ပြချင်တယ်၊ ဆန် တစ်လ တစ်အိတ် လှူချင်တယ်” တဲ့။

“ရတယ်” တပ်ရေးဗိုလ်ကြီး စိုင်းမွန်ကို စီစဉ်ပေးရန် ညွှန်ကြားလိုက်သည်။

တဆက်ထဲ မွစ္စလင်ရဲဘော်များကို “မင်းတို့ ဘာလိုလဲ” လို့မေးရာ၊ “ကျနော်တို့က လူလဲနည်းတယ်၊ ရေသုံးတာ များတော့၊ ဗလီ မဆောက်နိုင်ဘူး၊ တောင်ပေါ်ကို ရေမခပ်တင် နိုင်ဘူး၊ တနေ့ (နမာစ်) ငါးကြိမ်ဖတ် ခွင့်ပေးထားတာ လုံလောက်နေပါပြီ၊ တန်းတူမှု အပြည့်ရှိပါတယ်” ဟု အသက်အကြီးဆုံးနှင့် ဝါအရင့်ဆုံး မိုဟာမက် အီစွပ်မှ ပြောလိုက်သည်။ တပ်တွင်း (Equality) (တန်းတူမှု) ကို တည်ဆောက်ထားပြီး ဖြစ်သည်။ ရန်သူထိုးစစ်ဆင်လာရင် တိုက်ဖို့သာ ရှိတော့သည်။

     - တပ်တွင်းတန်းတူမှု (Equality) တည်ဆောက်ထားပြီး ဖြစ်သည်။
     - တပ်တွင်း ဒီမိုကရေစီကျင့်သုံးမှု တည်ဆောက်ထားပြီး ဖြစ်သည်။
     - တပ်တွင်း အပြန်အလှန် လေးစား၊ တန်ဖိုးထားမှု တည်ဆောက်ထားပြီး ဖြစ်သည်။
     - ပြည်ထောင်စု အငယ်စားလေးလို သဘောထားတည်ဆောက်ထားပြီး ဖြစ်သည်။ ကိုယ်စွမ်း ရှိသလောက်၊ ဥာဏ်စွမ်း ရှိသလောက် တည်ဆောက်ထားပြီး ဖြစ်သည်။

တစ်နေ့ ဗဟိုစစ်ဦးစီးဌာနချုပ် (ဗိုလ်ချုပ်ကြီး စောဗိုလ်မြ) ထံမှ ကြေးနန်းတစ်စောင် ဝင်လာသည်။ ကြေးနန်းစာပါ အကြောင်း အရာကတော့ -

“ဖူးကီးဒိုအား (DAB) စစ်ကြောင်းတွင် တာဝန်ပေးရန်အတွက် စစ်ဦးစီးဌာနချုပ်သို့ အမြန်သတင်းပို့ရန်” ဟူ၍ ဖြစ်သည်။ ထိုသတင်းကြောင့် တပ်တွင်း၌ အတော် (ဂယက်) ရိုက် သွားသည်။ ရဲဘော်တပ်မှူး တပ်သားများ မျက်ရည်မျက်ခွက်နဲ့ လာရောက်တွေ့ကြသည်။ သူတို့လဲ ပြန်လိုက်ကြမည်ဖြစ်ကြောင်း၊ ဘဝတွေ အတူ ပေးဆပ်ခဲ့ကြကြောင်း၊ မိဘမဲ့ ဘဝ ရောက်ရတော့မည် ဖြစ်ကြောင်းလာပြောကြသည်။ သူတို့နဲ့ ခွဲခွာရမည်ကို စိတ်မကောင်းပါ။ သို့သော် “စစ်သားဆိုတာ မိမိကိုယ်ကို မိမိမပိုင်၊ အဖ ကရင်ပြည်က ပိုင်ကြောင်း၊ ပေးအပ်လာသမျှ တာဝန်များကို ထမ်းဆောင်ပါ့မယ်၊ ဘယ်နေရာ၊ ဘယ်အရပ်၊ ဘာတာဝန်ဘဲ ပေးပေး ထမ်းဆောင်ပါ့မယ်လို့ သစ္စာဆိုထားကြတယ်မဟုတ်လား။

နောက်နှစ်ရက်အတွင်း ဗဟိုစစ်ဦးစီးဌာနချုပ်သို့ သတင်းပို့ရန် ရဲဘော်အချို့နှင့် ချီတက်သွားကြပါပြီ။

(ယွားလေ) လူတိုက်ပွဲ၌ ကျဆုံးသွားလေပြီးသော အာဇာနည်ရဲဘော်အပေါင်းအား ဦးညွတ်လျှက်။

စာပေသစ္စာဖြင့် -
(ဖူးကီးဒို) (မန်းရောဘတ်ဘဇန်)
ဒီဇင်ဘာလ (၁၅)ရက်၊၂ဝဝ၉။

မှတ်ချက်။
(ယွာဟေလူ) တိုက်ပွဲကို မိမိသတ်မှတ်ချက် တစ်လ တိတိ တိုက်မည်ဟု သတ်မှတ်ထားသော်လည်း (4၅) ရက် တိုင် တိုက်နိုင်ခဲ့သည်။ ကျည်ကုန်သွားခြင်း၊ နောက်ပိုင်းက ကျည် မစီစဉ်နိုင်ခြင်းကြောင့်သာ ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းခြင်းနှင့် လမ်းတလျှောက်လုံး ပြောက်ကျားပစ်ခံနေရခြင်း တို့ကြောင့် ဗမာပြည် ပြည်တွင်းစစ် သမိုင်းတွင် (ပေါ်တာ) ကို ရဟတ်ယဉ်နှင့် သယ်ယူပို့ဆောင်ပေးရခြင်းမှာဤ (ယွားဟေလူ) တိုက်ပွဲတပွဲသာ ဖြစ်ခဲ့သည်ဟု သမိုင်းတွင်ခဲ့သည်။ ခလရ (၂၂၄) တပ်ရင်း ဖွဲ့စည်းပုံပျက်သွားသည် ဟု နောက်ပိုင်း မိမိရဲဘော်များ ပြောပြချက်အရ သိရသည်။

 ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်

0 comments:

Post a Comment