Fans of Mahn Robert Ba Zan

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁၁)


 အပိုင်း (၁၀) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
 တပ်ကြပ်ကြီး တင်ထွန်းနှင့် လှုပ်ရှားတပ်စိတ်သည် ကရင်ရွာ၊ ပသျူးရွာ၊ ဘိတ်ရွာများ၌ စည်းရုံးရေး ဆင်းနေကြသည်။ လူထု နှင့် လက်ပွန်းတတီး ရှိနေပြီဖြစ်သည်။ လူထု ထောက်ခံမှုကိုလည်း ရနေသည်။ နယ်မြေ အခြေအနေ၊ ရန်သူ့ အခြေအနေများ သတင်းပို့လျက် ရှိသည်။ တပ်ကြပ်ကြီး တင်ထွန်းသည် အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်း နှင့် ရုပ်ရှင်မင်းသားလို လှပသူ ဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေသည်။






ကရင်နှင့် ဘိတ်သူများသည် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ပသျှူများမှာ အစ္စလမ် ဘာသာဝင်များ ဖြစ်သဖြင့် မိမိရဲဘော်များကို သတိပေးရမည် ဖြစ်သည်။ “ဟေ့ကောင်တွေ၊ မင်းတို့ ဝက်နဲ့ အရက် ရှောင်နိုင်ရင်၊ တနေ့ (နမာစ်) ငါးကြိမ် ဖတ်နိုင်ရင် ပသျှူး အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနိုင်တယ်။ ဒါမှမဟုတ်ရင် ဝေးဝေးက ရှောင် ကြဟေ့” ဟု သတိပေး လိုက်သည်။



တနေ့ သတင်းကောင်းတစ်ခု ဝင်လာသည်။ “(ရေငံကြီး) ရန်သူ့စခန်းမှ လက်နက်(၁၅)လက် သိမ်းပိုက်ရရှိကြောင်း” တိုက်ပွဲ ပြင်းပြင်းထန်ထန် မတိုက်ရဘဲ အလွယ်တကူ တိုက်နိုင်ခဲ့ကြောင်း သတင်းဝင်လာသည်။ ချီးကျူးဂုဏ်ပြုကြောင်း၊ အခြေအနေ ပေးလာပါက တပ်ရင်းဌာနချုပ်သို့ ပြန်တက်ခဲ့ရန်နှင့် ဂုဏ်ပြုပွဲ ကျင်းပပေးမည့်အကြောင်း သတင်းပေး လိုက်သည်။

တပ်ရင်းဌာနချုပ် ခံစစ်စီမံချက်လည်း ပြီးသလောက် ရှိနေပါပြီ။ (ကီးဒို) ခံစစ်ကုန်းရှိ ကတုတ်အားလုံးနှင့် မြေအောက်မှ ဆက်သွယ်သွားလာနိုင်သော မြေအောက်ဥမင်လှိုင်ခေါင်း ဆက်တူးရန်သာ ရှိနေသည်။ တူးရာ၌ ဘယ်ဘက် အခြမ်းကို တူးသည့် အဖွဲ့သည် ရန်ကုန်သားများ အပါအဝင် မြစ်ဝကျွန်းပေါ်သားများ ဖြစ်ကြပြီး ညာဘက်ခြမ်း တူးသူများမှာ (ဖါးအံ) (မြပြေ) အရှေ့ပိုးကရင် ရဲဘော်များ ဖြစ်သည်။ အမောပြေစေရန်အတွက် (ကက်ဆက်) နှစ်လုံး စီစဉ်ပေးရသည်။ ဘယ်ဘက် ခြမ်းကို တူးနေသည့် အဖွဲ့သည် စိုင်းထီးဆိုင်၊ မေဆွိ စတီရီယို သီချင်းများကို နှစ်ချိုက်ပြီး ညာဘက်ခြမ်းကို တူးသည့်အဖွဲ့ကို သိန်လှပေါင်နှင့် ကျော်လှသိန် နာမည်ကြီး ပိုးကရင် အဆိုတော်များ၏ သီချင်းများကို စီစဉ်ပေး ရသည်။

(တန်းတူရေးနှင့် အပြန်အလှန်) လေးစားမှုသည် တပ်တွင်းသွေးစည်းညီညွတ်ရေး၏ အသက်သွေးကြော ဖြစ်သည်။ (ရေသောက်မြစ်) ဖြစ်သည်။ မိမိ ဝင်တူးသည်၊ ခေတ်မှီ လေသွင်း၊ လေထုတ်စက် မရှိ၊ ရှိတာနှင့် တူးသည်။ (၁ဝ) မိနစ်သာ နေနိုင်သည်၊ တိုက်ပွဲကာလ ဒဏ်ရာရရဲဘော်များ ကုသရန် မြေအောက် ဆေးရုံဆောက်ရန် တူးကြသည်။ မြေပွ သဖြင့် သစ်သားဒေါင့် မထောက်မှီ မြေပြိုကျသောကြောင့် ရဲဘော်သက်ဇော် ပေါင်ကျိုးသွားသဖြင့် ဆက်လက်မတူးတော့ဘဲ ရပ်ထားလိုက်သည်။

ရေလှောင်ကန်ဆောက်ရန် အင်္ဂတေ ပိုက်ကြီးများ ဝယ်၍ ရေလှောင်ကန်လုပ်သည်။ ထင်းမီးသွေးများ ဖုတ်ခိုင်းသည်။ မီးဖိုများ ဝယ်ထားသည်။ မိမိတို့ တောင်ယာမှ ထွက်သော ကျောက်ဖရုံသီး၊ ရွှေဖရုံသီးးများကို သိုလှောင်ထားသည်။ (စားတတ်တဲ့အပင် အကုန်စိုက်၊ စားတတ်တဲ့ အကောင် အကုန်မွေး) ရန် “မူ” ချမှတ်ထားသည်။ ဆေးဌာန တာဝန်ခံ (Uncle Gyi) သည် (Italian Goat) (ခွေး) များ မွေးထားသည်။ အရေးပေါ် ဟင်းအဖြစ် စားရန်ဖြစ်သည်။

ပွိုင့် (၄၉၁) သည် စီမံချက်အတိုင်း ပြီးလုနေပြီ ဖြစ်သည်။ အသေးစိတ် လိုအပ်ချက်များ စစ်ဆေးရသည်။ လက်နက်မျိုးစုံ ကျည်၊ ရိက္ခာ၊ ဆေးဝါးမှ အစ ပြည့်စုံနေပြီ ဖြစ်သည်။ ရန်သူတက်လာနိုင်သော တောင်ကြော၌ ခြံစည်းရိုးမကာဘဲ (၅) လက်မသံများ စိုက်ထားသော သစ်ပြားများကို ခင်းထားရန်နှင့် ဗုံးကိုသာ ခင်းထားရန် တာဝန်ကျမှ အကြံပြုလာ သဖြင့် သဘောတူလိုက်သည်။ ကောင်းမွန်သောအကြံပြုချက်ဖြစ်သည်။

ရန်သူကို တလ တိတိ ဆွဲတိုက်မယ်၊ ထိုးစစ် အခြေအနေကို ကြည့်ပြီး အလယ်စည်းအဖွဲ့တွေ အပြင်စည်းထွက်ပြီး (ဘုတ်ပြင်း) ကို တိုက်မယ်။ (အိမ်နောက်ပူ အိမ်ရှေ့ မချမ်းသာ) ဆိုသလို ကျင့်သုံးမယ်။ ရန်သူတွေ အဖွဲ့လိုက် လက်နက်ချခိုင်းမယ်။ ဒီကောင်တွေ ရေပြတ်၊ အစားပြတ်ရင် ကြာကြာမခံပါဘူး၊ (သူ့ကို တိုက်ဖို့ စဉ်းစားချိန်မှာ မိမိကိုယ်ကို ကာကွယ်ဘို့) ဘယ်အထိ ပြင်ဆင်ပြီးပြီးလဲဆိုတာ စဉ်းစားရမယ်။ လေးလပတ် အစည်းအဝေးမှာ နောက်ဆုံးပြင်ဆင်မှု အဆင့် ဘယ်အထိပြီးပြီလဲဆိုတာ သိနိုင်ဖို့ အစည်းအဝေး ခေါ်လိုက်သည်။

အလယ်စည်း ပြောက်ကျား (၅) ဖွဲ့ တာဝန်ခံ ဗိုလ်ထူးထူးကို -

“ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ ဗုံးမျိုးစုံ (M-14) (Claymore) (ပို့ယမ်း-Cap) ကောင်း မကောင်း၊ စစ်ဆေးပြီးပြီလား။ စကားပြောစက်သုံး ဓါတ်ခဲ၊ ဝှက်စာက အစ) ကွာ အားလုံး အဆင်သင့် ရှိပြီလား”
“အားလုံးအသင့်ဘဲ”။

နောက် ဆေးအဖွဲ့တာဝန်ခံ (Uncle Gyi) ကို -

“ဆရာ အားလုံး အသင့်ဘဲ မဟုတ်လား”
 “အားလုံးအသင့်ဘဲ”။

လက်နက်ကြီးတာဝန်ခံနှင့် ဗုံးတာဝန်ခံ ဗိုလ်ကီးဒိုနှင့် ဗိုလ်ကျော်လှ တို့နှစ်ဦးကို -

“ဘယ်လိုလဲ၊ အားလုံး အသင့်ဘဲ မဟုတ်လား။ ဘာလိုလဲ”

“အားလုံးအသင့်ဘဲ” ဟု လက်နက်ကြီး တာဝန်ခံ ဗိုလ်ကီးဒို မှပြောသော်လည်း ဗုံးတာဝန်ခံ ဗိုလ်ကျော်လှမှ -

“တစ်ခုလိုတယ်ဗျ၊ တိုက်ပွဲကာလ တလ တိတိ ဆိုတော့ ပင်ပန်းမယ်၊ အိပ်ပျက်မယ်၊ ဆေးကောင်း ဝါးကောင်းတွေ ဆောင်ထားဘို့ လိုတယ်”
“ရပါတယ် (Uncle Gyi) ဆီမှာ ဆေးတွေ အပြည့်ဘဲ”
“ဟာ မဟုတ်ဘူးဗျ၊ ကျနော်ဆိုလိုတာ ဒီဆေး မဟုတ်ဘူး၊ ဟိုဆေးလေ”
“-သ -သ ဟိုဆေးဆိုတာလား၊ သိပြီ၊ မပူနဲ့ စီစဉ်ပေးမယ်”

ဗိုလ်ကော်လာမှ “ကျ၊ ကျနော်လဲ ပါတယ်နော်” အထစ်အထစ်နှင့် ဝင်ပြောသည်။
“မပူနဲ့ မင်းတပ်စုအတွက် တင်မကဘူး၊ အားလုံးအတွက် စီစဉ်ဘို့ တပ်ရင်းတပ်ထောက် ဗိုလ်သန်းဝင်းကို စီစဉ် ခိုင်းမယ်”

မှတ်ချက်။
ဟိုဆေး ဆိုတာ အခြားမဟုတ် (အရက်) ကို ဆိုလိုသည်။

စစ်သားဆိုတာ ဘယ်တပ်ကဘဲဖြစ်ဖြစ် သေနတ်ကိုင်ပြီး တဖက်ရန်သူကို အနိုင်တိုက်ဖို့ စိုင်းပြင်းနေကြတာ စိတ်ပုတီးစိတ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်သူတွေ မဟုတ်ဘူး၊ နေ့သေမလား၊ ည သေမလား ဘယ်သူမှ မသိကြဘူး၊ ရှင်သေမင်းကို သစ္စာနှံထားသူတွေ ဖြစ်တယ်၊ (အရက်) လောက်တော့ ခွင့်ပြုသင့်တယ်လို့ ယူဆပါသည်။

 ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်

0 comments:

Post a Comment