Fans of Mahn Robert Ba Zan

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - အပိုင်း (၅)


စာဖတ်ပရိတ်သတ်များခင်ဗျား

ဒီအပတ်မှာတော့ ဖလူး ခံစစ်ကုန်းတွင် နေရာယူထားတဲ့ ဖထီး မန်းရောဘဇန် တပ်ဖွဲ့တွေဟာ ရန်သူအား ကျားကုတ် ကျားခဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင် ခဲ့ပုံတွေ၊ အထူးသဖြင့် ဖထီးဟာ ရန်သူရဲ့ လက်နက်ကြီး ဗုံးစ ထိမှန် ဒဏ်ရာရနေစဉ် ကာလ အတွင်းမှာတောင် ဇွဲမလျှော့ဘဲ ၈၁ မမ စိန်ပြောင်း လက်နက်ကြီး နှစ်လက်အား ဗုံးသီးများ စုပြုံထည့်ပြီး ရဲရဲတောက် တိုက်ခိုက်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။





အပိုင်း (၄) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

  ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - အပိုင်း (၅)

ညသန်းခေါင်ရောက်သည်နှင့် လက်နက်ကြီးမျိုးစုံ ခပ်စိပ်စိပ် ပစ်လာသည်၊ ထိပ်တိုက်မှ ပစ်တက် တက်လာသည်။ သေနတ် သံများ ကမ္ဘာပျက်ခမန်း ဆူညံလို့နေသည်။ လက်နက်ကြီး၊ ငယ်မျိုးစုံ အပြန်အလှန် ပစ်ခတ်နေသည်။ သုံးကြိမ်တိုင် ကျား တက်ထိုးသည်၊ ပြန်လှန်သွားသည်၊ နောက်တစ်ကြိမ် နံနက် (၄) နာရီ ပြန်တိုက်ပြန်သည်။ လက်နက်ကြီးမျိုးစုံ အတော မသတ် ပစ်သည်။ (၃) စက္ကန့် တစ်လုံး ပစ်ထည့်နေသည်။ (ဖလူး) စခန်းတစ်ခုလုံး ပြိုကျသွားမလောက် တုန်ခါနေသည်။ (၆) နာရီ ထိုးတော့ အပစ်ရပ်သွားသည်။ ပြန်ဆုတ်သွား သည်။ မိမိဘက်မှ ထိခိုက်မှုမရှိ။

ခံစစ်ကုန်းတစ်ခုတွင်အဖူးက ညွှွှွှွှန်ကြားနေပုံ 
 
ရန်သူတွေ အမှောင်ထုကို အကာအကွယ်ယူပြီး ကြိုးစားတက်သည်။ မရ။ မိုးလင်းလာပြီ ဖြစ်သည်။ နှစ်ကြိမ် ကျားထိုး တက်ပြီး လုံးရန်ကြိုးစားသည်။ မရ၊ ရေချိုး၊ မျက်နှာသစ်ရန်၊ ရေချိုးမည့်နေရာသို့ ဆင်းလာသည်။ ရဲဘော်ထဲနစင် ကတုတ် တွင်းထိုင်၍ ညကအခြေအနေကို (ကြားဖြတ်) ဆက်သွယ်ရေးစက်မှ ရန်သူ့သတင်း မေးကြည့်သည်။ တပ်ခွဲ နှစ်ခွဲလောက် ပြုတ်သွားသည်။ မရ၊ ရအောင်တက်ရန် နောက်ပိုင်းက ညွှန်ကြားနေသည်။ ရှေ့တန်းမှ ဗျူဟာမှူးများ အဆဲခံနေရသည်။ မိမိရှိသော ခေါင်ကတုတ်သို့ ဗိုလ်မှူးရွှေမောင်း ရောက်လာသည်။ ၄င်းနှင့်အတူ ထိုင်းဘရန်ဒီ (Regency) အပြားလေး တစ်ပြား ပါလာသည်။ “ဟန်ကျတာဘဲ၊ အိပ်ပျက်တာနဲ့အတော်ဘဲ” တစ်ယောက် နည်းနည်း ငှဲ့သောက်ကြသည်။ ရဲဘော် ထဲနစင်မှ မြေပဲလှော်တစ်ထုတ်ပေးသည်။


“ဒီကောင်တွေ သူတို့အထက်က မရ ရအောင် တက်ခိုင်းနေတယ်၊ နှစ်ခါတက်ပြီးပြီး၊ တပ်ခွဲ နှစ်ခွဲလောက် ပြုတ်သွားပြီ၊ ထပ်တက်အုံးမယ် ထင်တယ်” ဟု မိမိပြောပြီး၊ ဗိုလ်မှူးရွှေမောင်း မှ “တက်လည်း တက်ပေါ့ဗျာ၊ နေ့ခင်းကြောင်တောင်ကြီး ဆိုတော့ ပစ်လို့ကောင်းတာပေါ့” ဟု ပြောနေစဉ် လက်နက်ကြီးသံများ ဆူညံလာသည်။ အဆက်မပြတ်တော့။ လက်နက် ငယ်များပါ ပါလာသည်။ “တက်ပြီးထင်တယ်” ဟု ပြောပြောဆိုဆို ထိပ်တိုက်ရင်ဆိုင်ကုန်းရှိ မိမိတို့ နေရာများသို့ အသီးသီး ပြန်တက်လာကြသည်။

မိမိလည်း မိမိ (Body Guard) ရဲဘော်ဘာဂျာမွတ်အား ခေါ်၍ ထိပ်တိုက်သို့ပြန်တက်လာ သည်။ (ဖလူး) ဘုရားကျောင်းနားရှိ လမ်းမှပြန်တက်လာသည်။ လက်နက်ကြီးများ ဒလစပ် ပစ်နေသည်။ ကျည်ကွယ်မရှိ၊ ဒီအတိုင်း မိမိနေရာသို့ ပြန်တက် လာသည်။

“အုန်း၊ ဒိုင်း၊ ဂျိမ်း၊ ဂွမ်း” လက်နက်ကြီး ကျည်များ ကျပေါက်ကွဲနေသည်။ (ဖလူး) ဘုရားရှစ်ခိုးကျောင်းနား အရောက် လက်နက်ကြီးကျည်တစ်လုံး ကျကွဲသည်။ ရဲဘော်ဘာဂျာမွတ် ရင်ဘတ်ကို ကျည် နှစ်ခြမ်း ထိမှန်သွားသည်။ မှောက် နေသည်။ နောက်ကျောနှစ်နေရာမှ သွေးနီများ ပန်းထွက်နေသည်။ အသက်လုရှူပြီး “အပါး၊ ကျနော့်ကို မဲဆောက်ဗလီ ပို့ပါ” တဲ့။ နောက်ဆုံး ချစ်ရဲဘော် ပြောခဲ့သည့် အမှာစကား ဖြစ်သည်။ နောက် အသက်မရှိတော့၊ (ရဲဘော်ဘာဂျာမွတ် အလာ အရှင်မြတ် ရင်ခွင်မှာ စံမြန်းရပါစေ) တဆက်တည်းမှာပင် မိမိညာဘက် တတောင်ဆစ်နား မော်တာဗုံးစ ထိသွားသည်။ ဘာမှ မဖြစ်။

(မိမိစစ်အင်္ကျီ ဘယ်ဘက်အိတ်တွင် သမ္မာကျမ်းစာပါသည်။ ညာဘက်အိတ်တွင် ခင်မင်ရတဲ့ ဆရာသမား၊ မိတ်ဆွေများ ပေးထား သော ပြီးဆေးများ တထုပ်ကြီးရှိသည်။ မိမိကိုလေးစားချစ်ခင်သော (ဘိုကလေးဆရာတော်) မှ ကျောပြင်တစ်ခုလုံး ပြီးဆေးများ ထိုးထားပေးသည်။ တစ်ကြိမ်၌ မိမိတို့တပ်ဖွဲ့ ရန်သူ့စစ်ရေယာဉ်ကို တိုက်ရန် ကျုံဒိုးဘက် ဆင်းသွားသည်။ အလုပ်မဖြစ်။ ပြန်တက်အလာ ကော့ကျိုက်အရောက် ရန်သူ ကချင် (၂) နှင့် ထိတွေ့မှုဖြစ်သည်၊ ရန်သူမှ စပစ်သည်။ မိမိတို့ကွင်းပြောင်ကို ဖြတ်နေကြသည်။ မိမိအနီး၌ (၂) လက်မ စိန်ပြောင်း ကျရောက်ပေါက်ကွဲသည်။ မိမိစကား ပြောစက်တိုင် ထိမှန်သဖြင့် ကောက်သွားသည်။ မိမိကို မထိ၊ မိမိရဲဘော် တစ်ဦးတစ်ယောက်မှ မထိ၊ မိမိကိုယ်ကိုမိမိ ကျည်ပြီးကြောင်း ထင်နေသည်။ ပြီးဆေးကြောင့် လော။ ဘုရားကြောင့်လော။ ဘုရားကို မေ့လာသည်)

ဆက်သွယ်ရေးမြောင်းနားရှိ ကတုတ်တွင်းမှ ရဲဘော်များအား ရဲဘော်ဘာဂျာမွတ်ကို ဆေးရုံသို့ ယူသွားရန် ညွန်ကြားခဲ့ပြီး ရဲဘော်ဘာဂျာမွတ် ကိုင်ဆောင်သော (M-၇၉) အား ယူဆောင်၍ မိမိကတုတ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသည့်ကြားမှ အရောက် ချီတက်ခဲ့သည်။ မိမိ ကတုတ်ကျင်းရောက်လျှင် ကတုတ်တစ်ခုလုံး လက်နက်ကြီး ဒဏ်ကြောင့် ကြေမွပြီး ကျွန်းကိုင်း၊ ကျွန်းခက်တို့ ဖုန်းအုပ်ထားသလို ဖြစ်နေသည်။ (M - ၇၉) ကျည်တွဲကို ခက်ခက်ခဲခဲ ထုတ်ယူခဲ့ပြီး ထိပ်တိုက်ကုန်းပေါ်သို့ တက်သွားသည်။ “ရန်သူခြံစည်းရိုးရှေ့ရောက်မှ စပစ်ရန်” လိုက်ညွန်ကြားလိုက်သည်။ မိမိတို့တပ်ဖွဲ့နား (ABSDF) ကျောင်းသားတပ်မတော်မှ တပ်ဖွဲ့ တစ်ဖွဲ့ရှိနေသည်။ ဆက်သွယ်ရေးမြောင်း ပေါ်မှ မိမိအသွား ထိပ်တိုက်ကုန်းပေါ်အရောက် သောင်ရင်းမြစ်နား ခြံစည်းရိုးဒေါင့်တွင် စက်လတ် ပစ်နေသော ရန်သူကို တွေ့သည်။ အတွဲလိုက် ပစ်နေသည်။ မိမိနှင့် ကိုက် (၄ဝဝ) ခန့်ရှိမည်ဟု ထင်သည်။

ထိုရန်သူအား ခြေမှုန်းရန် လိုအပ်နေသောကြောင့် မိမိကိုင်ဆောင်ထားသော (M - ၇၉) အား ဗုံးသီးတစ်လုံး ထည့်သွင်းပစ်ထည့်လိုက်သည်။ မရောက်၊ နောက်ထပ် တလုံးပစ်သည်။ ကျော်သွားသည်။ နောက်တစ်လုံး ထည့်ရန်လုပ်စဉ်၊ မိမိဘယ်ဘက်လက်၊ နောက်ပြန် သွားသလို ပူကနဲ ခံစားမိသည်။ ရန်သူ့လက်နက်ကြီးဗုံးစက M - ၇၉ ကို မှန်သွားသည်၊ လွတ်ကျသွားသည်။ မိမိဘယ်ဘက် ပုခုံးနား သွေးနီများ ပန်းထွက်လာသည်။ မိမိအောက်ပိုင်းကို စမ်းကြည့်သည်။ ဘာမှမဖြစ်။ မိမိလည်စီးအား ဖြုတ်၍ နောက်လှန်သွားသော လက်ကို သိုင်းချီလိုက်သည်။ ဆက်သွယ်ရေးမြောင်းအတိုင်း ပြန်လာသည်၊ ရဲဘော်များအား ခြံစည်းရိုး ကြားရောက်မှ ပစ်ရန်၊ ချိန်ပစ်ရန်၊ ထိအောင်ပစ်ရန် ညွှန်ကြားခဲ့သည်။

ရဲဘော်ဝါးဂေးမှ “ဖူးကီးဒို တာညာဂိုထော်လီး” စကားဝှက်ဖြင့် ပြောသော ကရင်စကား၊ အဓိပ္ပါယ်မှာ “ဖူးကီးဒို ဒဏ်ရာရသွားပြီ”။
ထို့နောက် မနေ့ည အစည်းအဝေးမှ မိမိမှာထားသော တပ်စုတစ်စုအား “အခုချက်ချင်းပို့ရန်” မှာလိုက်သည်။

ဗဟိုဌာနချုပ် လက်နက်ပြင်ဌာန ဗိုလ်မြကြိုင်တို့ မိမိအား ကတုတ်ရောက်မှ သွေးတိတ်ရန် ဆေးတစ်လုံး ထိုးပေးသည်။ ကတုတ်မှအထွက် မိမိမှာထားသော တပ်စုတစ်စု ရောက်လာသည်၊ ထိုတပ်စုအား တပ်စုမှူးစောလဲပွဲ (ယခု DKBA တပ်မဟာမှူး နှုတ်ခမ်းမွေး) ဦးစီးသည်။

“ဟေ့ ရှေ့မှာ ကတုတ်နှစ်လုံးပြိုသွားပြီ၊ မြန်မြန်တက်၊ ဆက်သွယ်ရေးမြောင်းအတိုင်းသွား၊ ရှေ့မှာ ဒို့ရဲဘော်တွေရှိတယ်၊ စိတ်ချမယ်ဟေ့” ဟုပြောလိုက်သည်။ မိမိစစ်အင်္ကျီ ရင်ဘတ် တစ်ခုလုံး သွေးနီတွေပေကျံနေသည်ကို ဗိုလ်နှုတ်ခမ်းမွေး မြင်သွားမည်ထင်သည်။

သွေးထွက်မရပ်။ ထို့ကြောင့် ဆေးရုံသွားရန် အကြံပြုလာသဖြင့် ဆေးရုံသို့သွားသည်။ (ဖလူး) စခန်းတွင်းရှိ ဆေးရုံဖြစ်သည်။ ရဲဘော်ဗိုလ်ထဲနစင် ကတုတ်ရောက်လျှင် စိန်ပြောင်းနှစ်လက် ဘယ်သူမှမပစ်သဖြင့် ရဲဘော်ထဲနစင်ကိုခေါ်ပြီး မိမိအား (၈၁) မမစိန်ပြောင်း ဗုံးသီးတွေရဲ့ (Pin) ဖြုတ်ပေးရန် ပြောပြီး ညာဘက် လက်တဘက်တည်းနှင့် တစ်လုံးပြီးတစ်လုံးထည့်ပစ်နေသည်။ ဘယ်ဘက်လက်ကတော့ သုံးမရတော့။ စိန်ပြောင်းအား ဘယ် ညာ၊ အနိမ့်၊ အမြင့် ရွှေ့ပြီး ဝှေ့၊ ဝိုက် ပစ်ထည့်လိုက်သည်။ တဂျိမ်းဂျိမ်းနှင့် ပေါက်ကွဲနေသည်။ သွေးနှင့်ပြည့်နေသော မိမိအင်္ကျီ ချွတ်လိုက်သည်။ တကိုယ်လုံး သွေးများဖြင့် စွေးစွေးနီလျက်။ (၈၁) မမ စိန်ပြောင်းသီး အလုံးပေါင်း (ရဝ) ကျော် ပစ်ထည့်အပြီး ကျည်ကုန်ပြီးဖြစ်ကြောင်း ရဲဘော်ထဲနစင်မှ ပြောလာသဖြင့် မိမိလည်း ၄င်းကတုတ်တွင်း သွားရောက်အနားယူစဉ် သွေးထွက်များလို့ထင်သည်။ အိပ်ပျော်သွားသလို ဖြစ်ပြီး ဘာတခုမှ သတိမရတော့ပါ။

နောက်နေ့ သတိပြန်ရလို့ ငြီးငြူသံတွေ ကြားနေရသည်၊ မျက်စေ့ဖွင့်ကြည့်တော့ (ဝေါ်လေ) ဆေးရုံသို့ မိမိပြန်ရောက်လို့ နေသည်။ ဘယ်ဘက်လက် တခုလုံး လှုပ်မရတော့။

တိုက်ပွဲတစ်ပွဲတော့ ပြီးသွားပြန်ပြီ။

ထိုနေ့ (ဖလူး) တိုက်ပွဲ၌ ရန်သူအကျအဆုံးများစွာဖြင့် ပြန်ဆုတ်သွားသည်။ မိမိတို့ရဲဘော်များလည်း (ဖလူး) စခန်းကို ထိန်းသိမ်းထားနိုင်သည်။ (အောင်ပွဲသည် တိုက်ရဲသူများ အတွက် ဖြစ်သည်)။

မိမိတို့တပ်ဖွဲ့ (ဝမ်းခါသစ်)နှင့် (ဖလူး) တိုက်ပွဲများ၌ ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရ စုစုပေါင်းမှာ အောက်ပါအတိုင်းဖြစ်သည် -

ကျဆုံး - ရဲဘော်ဘာဂျာမွတ်။ ရဲဘော် အောင်ကျော်မြင့်။
(ကျဆုံးလေပြီးသော ရဲဘော်အပေါင်း ကောင်းရာသုဂတိဘုံ၌ စံမြန်းကြပါစေ။)

ဒဏ်ရာရ - မိမိ၊ ဗိုလ်ကြီးတင့်လွင်၊ ဒုအရာခံဗိုလ် ကျော်မိုးနိုင်၊ ဝင်းနေထူး၊ လဘို၊ ငမဲ (ကျော်ဆန်း)၊ ထီခန့်၊ ဗိုလ်ထူးထူး၊ အောင်ကြည်၊ ကော်ဒို၊ သူးသူး၊ စောငယ်။

မိမိတို့တပ်ဖွဲ့ ဘိတ်၊ ထားဝယ်ခရိုင်၊ တပ်မဟာ(၄)၊ ကရာသူရိ၊ လေညာ၊ ဘုတ်ပြင်းသို့ ခရီးရှည် ချီတက်ကြရတော့မည်ဖြစ်သဖြင့် မိမိတပ်ဌာနချုပ်၊ (ဝေါ်လေ)အောက်စခန်းသို့ ပြန်လည်စုဝေးရန် ပြန်လည်ရောက်ရှိကုန်ပြီး ဖြစ်သည်။ ရဲဘော်သစ်နှင့် ၁ဝ၁ မှ ရဲဘော်များ ဖြစ်သည့် ဗိုလ်စိုင်းမွန်၊ ဗိုလ်သောထူး (ကျဆုံး)၊ ဗိုလ်အယ်ခလေး၊ ဗိုလ်နောင်နောင်၊ ဖိုးသာထူး (ကျဆုံး) စသည့် ရဲဘော်များဖြင့်အင်အားဖြည့်တင်းလာသည်။

(ဝေါ်လေ) အောက်စခန်းနှင့် တပ်မဟာ (၆) ကို ခွဲခွာပြီး နေရာသစ်ကို ထိုးဖေါက်ရတော့မည်၊ ဘာအခက်အခဲတွေ ရင်ဆိုင်ရဦးမည် မသိ၊ တော်လှန်ရေး မအောင်မချင်း၊ ကရင်ပြည် မရမချင်း၊ ကရင်တွေ မလွတ်လပ်မချင်း၊ ဘယ်အခက်အခဲ၊ ဘယ်အကြပ်အတည်းကို မဆို ကျော်လွှားဖို့ အသင့်၊ ရင်ဆိုင်ဖို့ အသင့်၊ အားလုံးအသင့် ရှိနေပါသည်။

နောက်ဘယ်နှစ်ပွဲ ဆက်တိုက်ကြရဦးမည် မသိ။ ပြည်တွင်းစစ် ရှိနေသမျှ စစ်ဆက်တိုက်နေကြရဦးမည်။ လူတွေ သေကြေနေကြဦးမည်။ နှစ်ဘက် စစ်သည်တော်တွေ ဆုံးရှုံး ကျဆုံးနေဦးမည်။ မုဆိုးမ၊ ဖတဆိုးတွေ ရှိလာကြဦးမည်။ တိုင်းပြည်တဝှမ်း ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း (၆ဝ) ကျော်ခဲ့ပါပြီ။ နောက်ထပ် ဆယ်စုနှစ် ဘယ်နှစ်ခုလောက် ဆက်ဖြစ်နေဦးမှာလဲဗျာ။

(War destroy not only the vanquish but also the victor)

မှတ်ချက်။ ။ မိမိသေနတ်ထိမှန်ပြီးနောက်ပိုင်း သမ္မာကျမ်းစာအုပ်မှတပါး အခြား ဘာပြီးဆေးမှ မရှိတော့။ မိဘနှစ်ပါး ပေးထားသော ဓမ္မအမွေဖြစ်သည့် (ဆာလံ၂၃၊ ၂၇၊ ၉၁) တို့ကိုသာ ကိုင်စွဲသည်။ မိမိ သေနတ်ထိသောနေ့သည်၊ ဇွန်လ (၂ရ) ရက်နေ့၊ ၁၉၈၉ ခုနှစ် ဖြစ်သည်။

ဆောင်းပါးရှင် - မန်းရောဘဇန် 

0 comments:

Post a Comment