Fans of Mahn Robert Ba Zan

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၄)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဒီအပတ်မှာတော့ ဖလူး ခံစစ်ကုန်း
ခံစစ်ပြင်ဆင်နေစဉ် အတောအတွင်း ရန်သူမှ သွေးထိုးစမ်း တိုက်ခိုက်ပေမဲ့ တပ်လှန်ကျသွားပုံတွေ၊ ဖထီး မန်းရောဘဇန်ဟာ ရဲဘော် ရဲဘက်တွေအား သားသမီးရင်းခြာ မိဘ တစ်ဦးသဖွယ် ဆက်ဆံတာကြောင့် ရဲဘော်တွေဟာ ဖထီးရဲ့ ဆိုဆုံးမမှုကို တသွေမတိမ်း ကျေနပ်စွာ ခံယူခဲ့ပုံတွေ၊ ပြည်သူလူထုကို ဖထီးတို့က ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ပေးတာကြောင့် ပြည်သူလူထုရဲ့ မေတ္တာကို နွေးထွေး လုံခြုံစွာ ရရှိခဲ့ပြီး ဝေါလေ ဆေးရုံတွင် တက်နေသော စစ်သည်များအား စားသောက်ဖွယ်ရာများ လာရောက်ပေးခဲ့ပုံတွေကို ကြည်နူးဖွယ်ရာ ကျွန်တော် ကိုဖိုးတရုတ်က ခံစားမိရင်း တင်ပြပေးလိုက်ရပါတယ်။

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - အပိုင်း (၃) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။


 ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၄)

တနေ့ လက်နက်ကြီးကျည် ဗိုလ်တင့်လွင်တို့နေသော ခေါင်ကတုတ်ကို ထိသည်၊ အပေါ်ထပ်ပြိုသွားသည်။ ဗိုလ်တင့်လွင် ဦးခေါင်း၊ ကြောပြင် တို့တွင် ဒဏ်ရာရသည်။ မိမိသားလတ် ဒုတိယ အရာခံဗိုလ် ကျော်မိုးနိုင် မျက်စိနှစ်ဖက်စလုံး ဒဏ်ရာရသည်၊ ရဲဘော်စောငယ်လည်း ဒဏ်ရာရသည်။ တနေ့ထဲ (၃) ယောက် ဒဏ်ရာရသည်။ အားလုံး (ဝေါ်လေ) စစ်ဆေးရုံကို ပို့လိုက်ရသည်။
  

နောက်တနေ့မှာ ဗိုလ်စိုးမိုး (တပ်မဟာ ၆ လက်နက်ကြီး) ယခု (DKBA) မှ ကတုတ်ရှေ့ ဝါးရုံအောက်တွင် ပေါက်တူးပေါက်သံ ကြားနေရကြောင်း၊ မိမိကို လာရောက် သတင်းပို့သဖြင့် မိမိသွားရောက် ကြည့်သည်၊ ပေါက်တူးပေါက်သံ ကြားနေရသည်။ ထို့ကြောင့် တင့်ကားများကို ပစ်နိုင်သည့် လက်နက်ကြီး ဘဇူကာ (BZK 3.5)၊ (Bazooka) ရှိ မရှိ မေးလိုက်ရာ ဗိုလ်စိုးမိုးက ရှိတယ်ဆို၍ သွားယူခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဘဇူကာနဲ့အတူ ယူလာသော ဒုံးသီး (၃) လုံးဖြင့် ဝါးရုံခြေရင်းကို ချိန်၍ ပစ်ထည့်လိုက်သည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ကုန်တော့ ဘာသံမှ မကြားရတော့ပေ။ မိမိလက်နက်ကြီး ပစ်ရာနေရာသို့ ရန်သူလက်နက်ကြီး ပြန်လိုက်လာမည်ကို ကြိုသိထားသဖြင့် ဆက်သွယ်ရေး မြောင်းထဲသို့ ဆင်းပြီး ပြန်လာသည်။ မိမိ နောက်လိုက်ခဲ့သော ရဲဘော်လဘို စကားနားမထောင်ဘဲ သူရဲကောင်းသဖွယ် ရင်ကော့လျှောက်လာရာ ရန်သူ့လက်နက်ကြီး ကျည်များ ပေါက်ကွဲကာ ကျည်စတစ်ခု ရဲဘော်လဘို ခြေထောက်အား ထိမှန်သွားတော့သည်။

နေ့စဉ်နေ့တိုင်း ထိပ်တိုက်ရင်ဆိုင် ခံစစ်ကုန်းနေရာမှာ အိပ်ပြီး ခံစစ်ကုန်း၏ နောက်ပိုင်းမှာ ဆင်းကာ မျက်နှာသစ်၊ ရေချိုး၊ လုပ်ရိုး လုပ်စဉ် ဖြစ်နေသည်။ ဆယ်မိနစ်လောက် ဆင်းလာရသည်။ ရေချိုးဆိပ်နားတွင် မိမိရဲဘော် (ထဲနစင်) တာဝန်ယူ ထားသော (၆ဝ)မမ တစ်လက်၊ (၈၁)မမ တစ်လက်ရှိသည်။ ရန်သူ့လှုပ်ရှားမှုသတင်း ၄င်းထံမှ ရနိုင်သည်။ ၄င်းတို့အနီးတွင် ရန်သူ့သတင်း (ကြားဖြတ်) နားထောင်သည့် ဆက်သွယ်ရေးအဖွဲ့ ရှိနေသည်။ မိမိတို့ ရေချိုးဆင်းလာစဉ် တကြိမ်တခါ ဗိုလ်မှူးရွှေမောင်း (ထိုစဉ်က တပ်ရင်း ၁ရ ဒုတိယ တပ်ရင်းမှူး) နှင့် ဆုံဖြစ်သည်။ ညီအစ်ကိုရင်းတမျှ ချစ်ကြည်လေးစား ကြသည်။ ဆုံဖြစ်တိုင်း ရန်သူ့အခြေအနေကို သုံးသပ်ကြသည်။

“အစ်ကိုကြီး ဘယ်လိုထင်လဲ၊ ထိပ်တိုက်ကနေ တိုက်နေလို့တော့ ဘယ်တော့မှ ရမှာ မဟုတ်ဘူး၊ ထိုင်းဘက်က ဝင်နိုင်တယ်”

“ကျနော့အထင် ဒီကောင်တွေ ရှေ့မှာ ကျားထိုးပြပြီး ထိုင်းဘက်က ဝင်မယ်လို့ထင်တယ်၊ ဒါမှမဟုတ် ဥမင်လှိုင်ခေါင်း (Tunnel) တူးပြီး ဝင်လာနိုင်တယ်” “KNDO တွေနေတဲ့ ဘက်ခြမ်းမှာ နည်းနည်းကြဲနေတယ်။ ထိုင်းဘက်ခြမ်းကနေ ပစ်လည်း ပစ်၊ ကူးလည်း ကူးလာနိုင်တယ်၊ ဒီနေရာကို အင်အားဖြည့်ထားရမယ်”

မိမိတို့နှစ်ဦး ဆွေးနွေးပြောဆိုပြီး သူလည်း ထိပ်တိုက်ရင်ဆိုင်ခံစစ်ကုန်းသို့ ပြန်တက်သွားသည်။ နေ့စဉ်လိုလို လက်နက်ကြီးတွေ ပုံအောပစ်၊ ထိပ်တိုက်ကုန်းမှာ ဝင်တိုး၍ မရ၊ ရန်သူ့ တပ်လှန်ပြန်သွားရသည်၊ မိမိတို့ (ဖလူး) စခန်းရောက်သည်မှာ တစ်လပြည့်တော့မည်။ ထူးခြားမှု မရှိသေး။

(ဝေါ်လေ) စခန်းရှိ ဆေးရုံတက်နေသော ရဲဘော်များကို ပြန်ကြည့်သည်၊ အားပေးသည်၊ အစားအသောက်များ စီစဉ်ပေးရန် မလို။ ရွာသူရွာသားများမှ လာပေးကြသည်။ ကော်ဖီ၊ လဘက်၊ မုန့်မျိုးစုံ ပါသည်။ လိမ္မော်၊ စပျစ်၊ ပန်းသီး အဆုံး လာပေးကြသည်။ လူထုမေတ္တာ အပြည့်အဝ ရရှိနေသည်။ လူထုမေတ္တာ ရဆိုလဲ ရထိုက်ပါသည်။ မိမိတို့စခန်း (ဝေါ်လေ)ရွာ အောက်စခန်းတွင် ရှိသည်၊ တပ်နားရက်တွင် လူထုလုပ်ငန်းများ ရှာလုပ်သည်။ စပါးရိတ်သည်။ လယ်ဝိုင်းစိုက်သည်။ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းဝင်း သန့်ရှင်းရေး လုပ်သည်။ လူထုဆန့်ကျင်ရေး မလုပ်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ရန်၊ တဆက်ထဲ လူထု နောက်မြီးဆွဲ မဖြစ်ရန် သင်တန်းမှ သင်ခန်းစာများကို ၄င်းတို့ အလွတ်ရထားပြီး ဖြစ်သည်။

တပ်တွင်း နိုင်ငံရေးသင်တန်းကို မှန်မှန်ပြုလုပ်သည်၊ လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်။ နိုင်ငံရေး နားလည်ရမည်။ မျက်စိမှိတ် စစ်တိုက်နေ၍ မဖြစ်၊ လူ့ဖြစ်စဉ်သမိုင်း၊ ကရင့်သမိုင်း၊ ဗမာ့သမိုင်း၊ ကမ္ဘာ့သမိုင်းက အစ နားလည်ထားရမည်။ ရန်သူမိတ်ဆွေ ခွဲခြားတတ်ရမည်။ မိမိလမ်းစဉ်လုပ်ငန်းစဉ်များ၊ စစ်ရေး၊ စည်းရုံးရေးလမ်းစဉ်များ တတ်သိထားရမည်။ ကရင့်တော်လှန်ရေး၏ လူထုလမ်းစဉ်ကို တတ်သိနားလည်ရမည်။

တော်လှန်ရေးတရပ်ရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာ လက်နက်မဟုတ်ဘူး၊ လူထုဖြစ်တယ်။ သဘာဝ အကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။ တို့တပ်မတော်ဟာ ပြည်သူက ဖွားမြင်လာတာဖြစ်လို့ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်တယ်။ လူထု ဆန့်ကျင်ရေး မလုပ်နဲ့၊ လူထုဆန့်ကျင်တာနဲ့ တို့တပ်မတော်ဟာ သွေးမရှိတဲ့လူ ဖြစ်သွားမယ်။ လူထုမထောက်ခံတဲ့ တပ်မတော်နဲ့ တော်လှန်ရေးဟာ (မသာခေါင်းလောင်း) ထိုးလိုက်တာနဲ့ အတူတူဘဲ။ စသည့် ပို့ချချက်များက ရဲဘော်များ၏ ဦးဏှောက်တွင် စွဲငြိနေသည်။

သို့သော် အရက်မူးပြီး ရဲဘော်အချင်းချင်း အပျော်လွန်ပြီး ပြသာနာရှာသည်၊ ထိုးကြသည်၊ ရန်ဖြစ်သည်။ ရန်ဖြစ်ကြပြီဆိုတော့ ကျေးရွာ ကာကွယ်ရေး အချုပ်ချသည်။ ကာကွယ်ရေး အချုပ် တာဝန်ကျများ မစောင့်ရဲ၊ မိမိတပ်မှ သွားစောင့်ရသည်။ အချင်းချင်း အချုပ်ထဲ၌ပင် ထိုးကြသည်။ မိမိကို လာသတင်းပို့သည်။

မိမိလဲ “ဒီလောက်ဆိုးတဲ့ကောင်တွေ တွေ့မယ်” ဆိုပြီး ပစ္စတိုမောင်းတင်သွားသည်။ အချုပ်ကို ရောက်တော့ -
“ဟေ့ကောင်တွေ၊ ဘယ်ကောင်သေရဲလဲကွ” တစ်ယောက်မှ မဖြေ။
“ဒါဆိုလာခဲ့” ဟု ပြောလိုက်ရာ ခေါင်းငုံ့ပြီးဝင်ရသော အပေါက်ဝမှ ခေါင်းပြူပေးသည်။ ဆံပင် ဆွဲပြီး တစ်ခေါင်းပြီးတစ်ခေါင်း ပစ္စတိုဒင်နှင့် ရိုက်ချလိုက်သည်။

ကာကွယ်ရေးအချုပ်တွင် မဆူညံတော့။ “စစ်သားဆိုတာ စိတ်ပုတီးစိတ်ပြီး တရားကျင့်နေသူတွေ မဟုတ်၊ တဘက်ရန်သူကို တိုက်ခိုက်နေရတယ်၊ မုန်ယိုနေတဲ့ ဆင်ရိုင်းကို ထိန်းကြောင်း နေရသလိုဘဲ။ ဦးဆောင်နေသူတွေ အတွက် အန္တရာယ်ရှိတယ်။ အမိန့်၊ အာဏာ၊ စစ်စည်းကမ်းတွေနဲ့တင် မလုံလောက်ဘူး၊ မေတ္တာဆိုတဲ့ ဒိုင်းနဲ့ ကာကွယ်ရ ပြန်တယ်။ စစ်သည်တွေက မိမိကို မိဘလို၊ ရဲဘော်ရဲဘက်လို သဘောထား၊ ယုံကြည်မှု ရလာပြီဆိုရင် ဘယ်တိုက်ပွဲကိုမဆို တိုက်နိုင်ပြီး ဖြစ်တယ်၊ ငရဲပြည်သွားလဲ လိုက်ကြမှာဘဲ”။

တနေ့ မိမိ (ဝေါ်လေ) သို့ ပြန်လာစဉ် သစ်ကုန်သည် မိမိထံ ရောက်လာသည်။ ငွေတစ်သိန်း လာပေးသည်၊ မိမိ ငွေမလိုကြောင်း၊ မိမိတို့ စစ်ဝတ်စုံ၊ စစ်ဦးထုပ်၊ စစ်ဘိနပ်၊ စစ်ချပ်ဝတ်တန်ဆာ (Equipment) စကားပြောစက် စသည်တို့ လိုကြောင်း ပြောပြီး ၄င်းငွေ တစ်သိန်း ပြန်ပေးလိုက်သည်။

မိမိတို့တပ်ဖွဲ့သည် အမှန်တကယ် အစားဆင်းရဲ အဝတ်ဆင်းရဲပါသည်။ (ဝေါ်လေ) ရှိ ဗိုလ်မာရှယ် ထံမှ ဆန်နှင့် ငါးပိခါးသာ ရပါသည်။ ဆီမတွေ့၊ ငြုပ်သီးမပါ၊ အသားမရှိ၊ သို့သော် ထိုအခက်အခဲကို မိမိတို့ ဖြတ်ကျော်နိုင်ပါသည်။ (စားနိုင်တာ အကုန်စိုက်သည်၊ စားတတ်တာ အကုန်မွေးသည်)။

တနေ့၊ ၁၉၈၉ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ည၊ ဗိုလ်မှူးမူတူးမှ တပ်မှူးများအား ခေါ်တွေ့သည်။ “ဒီညတော့ ဒီကောင်တွေမရ၊ ရအောင်တက်မယ်ဗျ၊ ဘာလိုလဲ” တဲ့။

မိမိမှ “တပ်စုတစ်စု အရေးပေါ် ထုတ်သုံးနိုင်ဘို့ အရံအဖြစ်ထားဖို့ လိုတယ်” ဟု ပြောရာ

“ဘယ်တော့ပေးရမလဲ”

“ဒီညဘဲ အရောက်လိုချင်တယ်”

သို့နှင့် မိမိတို့ သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီးသို့ ပြန်သွားကြပြီး လိုအပ်ချက်များ၊ ပြင်ဆင်စရာများကို ပြင်ကြသည်။

ဆောင်းပါးရှင် - (မန်းရော ဘဇန်) 

0 comments:

Post a Comment