Fans of Mahn Robert Ba Zan

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း (၆)


အပိုင်း (၅) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။ တပေါင်းလပြည့်နေ့ ကျောင်းသားတပ်မတော်မှ ကျောင်းထိုင်ဆရာတော်    လာပါပြီ၊ အာရုံဆွမ်း၊ ဆွေ့မ်းများ ဘုန်းပေးပြီး မိမိကတုတ်ရှိရာ တောင်ပေါ်သို့ ဆရာတော် ကြွတော်မူသည်။ မိမိလည်း စကားပြောစက် လေးလုံး အဆင်သင့် စီစဉ်ထား ပေးသည်။ (၁၂) နာရီထိုးသည်နှင့် စကားပြောစက်မှ (သြကာသ၊ သြကာသ၊ ကာယကံ၊ ဝဇီကံ၊ မနောကံ) ဆိုသော သြဇာသံ အပြည့်ပါသည့် ဆရာတော်၏ အသံ ထွက်ပေါ်လို့ လာပါပြီ။ ဘယ်လောက်ကြာသွားသည်ကို မသိ။ နောက်ဆုံး မိမိ ကတုတ်ရှိ (.၅) စက်ကြီး ဆက်တိုက်ပစ်သံကြားမှ လှမ်းမေးလိုက်သည်။ “ဟေ့ဘာဖြစ်တာလဲ” ဟု မေးရာ “ဆရာတော်က (အောင်ပွဲ အထိမ်းအမှတ်) အဖြစ် ပစ်ခြင်းဖြစ်သည်” ဟု သတင်းပို့လေသည်။ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင် ရဲဘော်များအတွက် (ဘာသာရေးတန်းတူမှု) ကို အဆင်ပြေစွာ လုပ်ပေးနိုင်လိုက်သဖြင့် ကြည်နူးပျော်ရွှင်ခဲ့ရပြန်ပါသည်။


မှတ်ချက်။

မိမိတတိယနိုင်ငံ ရောက်နေသည့်တိုင် ချစ်ဇနီးထံ တင်ရှိနေသော တပေါင်းလပြည့်နေ့ ကန်တော့ပွဲ၊ နေ့ဆွမ်း၊ အာရုံဆွမ်းတို့ အတွက် ကုန်ကျသည့် ဝေယျာဝစ္စများ ဝယ်ရန် (ရွှေလက်ကောက်) တစ်ခုအား အကြွေး ပြန်မဆပ်ရသေးပါ။


 တစ်နေ့ ဗိုလ်မှူးထီးမှူး မိမိထံ ရောက်လာပြီး -

“အစ္စလမ်၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်များ အတွက် စီစဉ်လုပ်ဆောင်ပေးတာ ရဲဘော်များအကြား သဘောကျတယ်၊ ဘာသာရေးတန်းတူမှု ရှိတယ်လို့ ပြောကြတယ်၊ ကျနော့်အမြင် တစ်ခုလိုသေးတယ်လို့ ထင်တယ်” တဲ့။

“ဘာလိုလဲ” လို့ မိမိမေးတော့ “ မိုလူးပါလာ (မိရိုးဖလာ) သမားတွေ အတွက် လုပ်ပေးသင့်တယ်” တဲ့။

“ဒါဆိုရင် ဘာတွေစီစဉ်ပေးရမလဲ” လို့ မေးတော့၊

“ချက်အရက် (၂) လုံးနဲ့ ကြက် (၂) ကောင်လိုတယ်” တဲ့။

သို့ဖြင့် မိမိစီစဉ်ပေးလိုက်သည်။ နောက်တစ်နေ့ ဗိုလ်ထီးမူး ရဲဘော်နှစ်ယောက်နှင့် သောင်ရင်းမြစ် သဲသောင်ပြင်တွင် “သောင်ရင်းမြစ်နတ်များ စောင်မပါ” ဘာ၊ ညာ လုပ်ပြီး အရက်ပုလင်းကို မြှောက်သည်။ နောက် ၄င်းရဲဘော် (၂) ဦးနှင့် အရက်သောက်၊ ကြက်သားစားပြီး ကျနော့်ထံပြန်လာကာ “မိရိုးဖလာ လုပ်ပြီးပြီး” တဲ့။ မိမိမှ “ကောင်းတယ်ကွာ၊ မင်းနတ်တင်တာကလဲ လွယ်လိုက်တာ၊ အဆင်ပြေတယ် မဟုတ်လား” ဟုသာ ပြောရင်း ရယ်မောကြရသည်။

မှတ်ချက်။

၁။ ကရင်အမျိုးသားအစည်းအရုံး၊ (ဘာသာရေး) ဆိုင်ရာ မူဝါဒ။ လူတိုင်း၊ လူမျိုးတိုင်း မိမိတို့ယုံကြည် ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်၊ ယုံကြည်၊ လုပ်ဆောင်ခွင့် ရှိသည်။ ဘာသာတိုင်း တန်းတူသည်။ သို့သော် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်အထုတ်ရ။

၂။ ဗိုလ်ချုပ်အောင်ဆန်း။

လူတိုင်း ကိုးကွယ်လိုရာ ဘာသာကို ကိုးကွယ်နိုင်သည်၊ လူတစ်ဦး၊ လူတစ်မျိုး၏ ဘာသာ၊ အယူဝါဒ၊ ဓလေ့ထုံးစံတို့ကို မိမိတို့ မယုံကြည်စေကာမူ တတ်နိုင်သမျှ လေးစားကြရမည်။

တစ်နေ့ မိမိ (သေဘောဘိုး) ကျောင်းသားတပ်မတော် တပ်ရင်း (၁) (၂) (၃) မှ ရွေးချယ် စေလွှတ်လိုက်သော လက်ရွေးစင်များကို (ဒီမို) စခန်းတွင် သင်တန်းပေးနေသည်။ သင်တန်းသားကြား၌ “ဇာဇာ” ဆိုသော (အချောက်၊ မိန်းမရှာ၊ မိန်းမစိတ်ပေါက်နေသူ) “ပဲခူးအလှဖန်တီးရှင်များအဖွဲ့” မှ ခေါင်းဆောင်တစ်ဦး ပါလာသည်။ စကားပြောရင် မိန်းခလေးပုံ ပေါက်နေပြီး (ဖင်လှုပ်၊ ခေါင်းလှုပ်) ပြောတတ်သည်။ မိမိစိတ်တွင်း “သြ....ငါ့နှယ် တွေ့မှ တွေ့တတ်တယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်ပြီး စစ်တိုက်ရမလဲ” လို့ ပထမ ထင်မိသည်။

ကြာလာတော့ သူ့အစွမ်းအစတွေ တွေ့လာရသည်။ အရက်သောက်လာရင် သွေးဆိုးသည်၊ ပြဿနာရှာသည်။ ပေးသည့်အပြစ် ခံရဲသည်။ သတ္တိရှိသည်၊ ဘဝက ပေးလာတဲ့ (မိန်းမစိတ်) ပေါက်နေသည်မှ လွဲ၍ ကျန်ရဲဘော်ကောင်း၊ စစ်သားကောင်း တစ်ယောက် ဖြစ်သည်။ မိမိအစိုးရိမ်ဆုံး တစ်ခုကတော့ (လိင်တူ) ဆက်ဆံမှုကြောင့် ဖြစ်လာမည့် ဆိုးကျိုးများသာ ဖြစ်သည်။

ပွိုင့် (၄ဝ၄၄) (ထွီဖါးဝီး) စစ်ဝန်းကျင် တစ်ခုလုံးလိုလို တိုက်ပွဲများ ဆက်တိုက် ဆင်နွဲနေရသည်။ (နော်တ) မှ (မယ်ပ) အထိ ဖြစ်သည်။ လက်နက်ငယ်များနှင့် ပစ်နေသည့်တိုင် (ကျား) တက်ထိုးနေသည့် ရန်သူ့စစ်သည်များ အတက်မရပ်။ (RPG) ပစ်ထည့်လိုက်မှ တုံးလုံးပက်လက်နှင့် ငြိမ်သွားတော့သည်။ ထို့ကြောင့် မိမိရဲဘော်များ (RPG) ကို နှစ်သက် ကြသည်။

မှတ်ချက်။

ဗြိတိသျှတပ်ထွက် မိမိတို့၏ တပ်မှူးကြီးအချို့မှ “တို့ခေတ်တုံးက ကျည်ဆံ (၅) တောင့်နဲ့ တိုက်လာတာ” တဲ့။ ဟုတ်ပါသည်။ ဟိုတုံးက (ရိုင်ဖယ်) ခေတ်ဖြစ်သည်။ ယခုခေတ် ကျည်ဆံ (၅) တောင့်နဲ့သာ တိုက်ကြည့်ပါလား၊ ရန်သူ အပြတ် ချေမှုန်းသွားမည်ဖြစ်သည်။

(RPG) အရံ ဗုံးသီးများ ကုန်သလောက် ရှိလာပြီ ဖြစ်၍ တွဲဘက်စစ်ထောက်ချုပ် (ဗိုလ်ချုပ် အိုင်းဇက်) မှ ဆန်းသစ်တည်ထွင်မှု တစ်ခုစီမံရသည်။ (RPG) သီးအစား (ဘော်လ်စေ့ ၃ဝဝထုတ်နှင့် (Black power) ထည့်ထားသော ယမ်းထုတ်ကို ဓါတ်ခဲနှင့် ပေါက်ကွဲစေသည့် နည်းဖြစ်သည်။ ထိုဆန်းသစ်တည်ထွင်မှုကို လက်တွေ့ မိမိစမ်းသပ်သည်။ ဂိုက် (၅ဝ) အဝေးရှိ တစ်ပေပတ်လည် (ပါကင်ပြား) ကို ပစ်ကြည့်သည်။ ကျည်စုအား ကောင်းသည်။ ထို့ကြောင့် မိမိစစ်ကြောင်းသို့ (၃) လက်နှင့် အသီး (၁ဝဝ) ပို့ရန် စီစဉ်သည်။

ထိုအခိုက် ရဲဘော် (ဇာဇာ) ရောက်လာသည်။ ဒေါက်ဖိနပ်၊ မိန်းမဂါဝန်နှင့် ဖြစ်သည်။ “ဖြစ်မှဖြစ်ရပလေ ဇာဇာရယ်၊ ဒါစစ်မြေပြင်ကွ၊ နတ်က နေတာမဟုတ်ဘူး” ဟု ပြောပြီး “ငါ့ဆီမှာ (RPG) (၁ဝ) ရောက်လာတယ်၊ (RPG) (ရ) ထက် ပိုကောင်းတယ်၊ မင်းပစ်ကြည့်ပါလား”ဟု ပြောပြောဆိုဆို သူ့ကိုခေါ်ပြီး ဘယ်လိုကိုင် ဘယ်လိုပစ်ရန် သင်ရင်း တစ်လုံး ပစ်ခိုင်းလိုက်သည်။ ဟုတ်နေသည်။ “ကြိုက်ပြီ ကျနော်ကိုင်မယ်” တဲ့။ တဆက်ထဲ စစ်ကြောင်းရုံးရှိ ရဲဘော်များကို “ဒီနေ့ကစပြီး သူ့နာမည် (ဇာဇာ) မဟုတ်တော့ဘူး၊ (ရဲဇာနည်) လို့ ခေါ်ကြရန် ညွှန်ကြားလိုက်ရသည်။

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်



0 comments:

Post a Comment