Fans of Mahn Robert Ba Zan

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း (၇)


အပိုင်း (၆) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

တစ်နေ့ မိမိစစ်ကြောင်းရှေ့သို့ ရန်သူထိုးလာသည်။ လက်နက်ကြီးမျိုးစုံ၊ လက်နက်ပေါင်းစုံ ပစ်ခတ်ပြီး ထိုးလာသည်။ ဗိုလ်မှူးထီးမှူးမှ ရဲဇာနည်အား လက်တွေ့ ပစ်ခိုင်းလိုက်သည်။ ခြုံတောထဲမှ တိုးဝင်လာသော ရန်သူကို ပစ်ထည့်လိုက် သည်။ “ဝုံး” ကနဲ အသံနှင့်အတူ တိုးလာသော ရန်သူ သုံးလေးယောက် လဲသွားသည်။ ရန်သူများ အော်ဆဲကြသည်။

“ငါ (-ိုး) မ ငပွေး၊ ဘာသေနတ်နဲ့ ပစ်မှန်းမသိဘူး” တဲ့။
ထိုနေရာကို ရန်သူများ ကျည်စုပစ်သည်။ ခွင်းဗုံး၊ လက်ပစ်ဗုံး၊ (M-79) ပါမကျန် အကုန်ပစ်ထည့်ကြသည်။ ထိပါပြီ။ မိမိဘက်မှ တစ်ယောက်။ အခြားသူ မဟုတ်၊ ကံဆိုးသူ မောင်ရှင် ရဲဇာနည် ဖြစ်နေသည်။ ထိသည့်နေရာမှာ ရှားရှားပါးပါး ဘယ်ဘက်တင်ပါး (ဖင်) ၌ ဖြစ်သည်။ ၄င်းကို ချစ်မြတ်နိုးသည့် ရဲဘော်များမှ “ထိမှာပေါ့၊ ဖင်ဆော့တာကိုး” တဲ့။

 စစ်ပွဲကာလ (၂) လ ကျော်လာသည်၊ တိုက်ပွဲကြီးများ ဆယ်ကြိမ်ထက်မနည်း၊ လက်နက်ကြီး ကျည်မျိုးစုံ ထောင်ချီ၍ အပစ် ခံရသော်လည်း မိမိစစ်ကြောင်းရှိ အစ္စလမ်ရဲဘော်များ၊ ခရစ်ယာန်ရဲဘော်များ၊ ဗုဒ္ဓဘာသာဝင် ရဲဘော်များ၏ ကောင်းမှု ကုသိုလ်ပြုမှုနှင့် ဆုတောင်း မေတ္တာတော်ကြောင့် ထင်သည်၊ မိမိဘက်မှ တပ်စုမှူး ဗိုလ်လူပု၊ တပ်စိတ်မှူး ကိုအောင်ဝင်းကြီးနှင့် ရဲဇာနည် သုံးဦးသာ ထိခိုက်မှု ရှိခဲ့သည်။ ကျဆုံးသူ မရှိ။

စစ်တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းစစ်တိုက်

ပွိုင့် - ၄ဝ၄၄ တောင်ထိပ်ကို သိမ်းပိုက်နိုင်ရေးအတွက် ရန်သူသည် တစ်နေ့လုံး ခြေလျင်တပ်၊ လေတပ်၊ အမြောက်တပ်များမှ မီးကုန် ယမ်းကုန် တိုက်ခိုက်လျက် ရှိသည်။ ရန်သူဘက်၌ ထိခိုက်၊ သေကျေ (၅ဝဝ) ထက် မနည်း ရှိနေပါပြီ။ မိမိဘက် အခြား စစ်ကြောင်းများ၌လည်း ထိခိုက်သေကျေမှုများ ရှိပါသည်။ ထိုအထဲတွင် မိမိတူ ဒုတိယဗိုလ် မိုးအောင်ဝင်း ကျဆုံး သွားခဲ့သည်။ အလောင်းပင်ပြန်မရ၊ ရန်သူ့ “ဂွင်” ထဲ ကျန်နေခဲ့သည်။ ၄င်းတွင် (၇) ရက်သား မွေးခါစ ကလေး ကျန်ခဲ့ သည်။

ဒုတိယဗိုလ်မှူးကြီး ရွှေမန်း (ယခု ဗိုလ်ချုပ်ကြီး သူရရွှေမန်း) ဦးစီးသော ခမရ - (၁ဝ) မှ အပြင်းအထန် တက်တိုက်နေပါသည်။ လေတပ်မှ လေယာဉ်များမှလည်း ရှိရှိသမျှ ဗုံး၊ ဒုံးကျည်များကို ပုံအော၍ သွန်ချနေပါသည်။ နောက်ဆုံး ထိုတောင်ထိပ်ကို သိမ်းပိုက် ရရှိလိုက်ကြပါသည်။ ထိုတိုက်ပွဲ၌ ဗိုလ်ရွှေမန်းသည် သူရဘွဲ့ ရလိုက်သည်ဟု ထင်ပါသည်။ ရန်သူက ပွိုင့် - ၄ဝ၄၄ ကို ရလိုက်ပါသည်၊

သို့သော် သံလွင်မြစ်ရေကိုပင် သောက်ခွင့် မရလိုက်ပါ၊ မာနဲပလောဘယ်မှာ ရှိနေမှန်း မသိကြပါ။ စစ်ဆင်ရေး သတ်မှတ်ရက် ကုန်လွန်သွားသည့်တိုင် မာနဲပလောမြေ မနင်းနိုင် ပါ။ အထူးစစ်ဆင်ရေးကွပ်ကဲမှူးဖြစ်သည့် ဗိုလ်ချုပ်မောင်လှ အကြီးအကျယ် ဒေါသထွက်နေပါပြီ။ အမှားမှား အယွင်းယွင်း ပြောလာပါပြီ၊ ဗိုလ်ချုပ်မောင်လှမှ -

“မင်းတို့ကရင်တွေ ထမင်းဝအောင် စားထား၊ မကြာခင် ပြတိုက်ထဲ သွားကြည့်ရမယ်” တဲ့။

နေ့ဘက် စစ်တိုက်၊ ညဘက် “ကာလာမိုက်” (အမှောင်ထု ဖုံးလွမ်းသွားသည်နှင့်) အနားယူကြသည်။ အလုပ်မရှိလို့ ထင်သည်၊ စကားပြောစက်ထဲ၌ ဘက်နှစ်ဘက် ဆဲနေကြသည်။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲကြသည်။ ဗျူဟာမှ မိမိဘက်က စက်အားလုံး အဆဲရပ်ပြီး မိမိအား အခြားတဖက်မှ တာဝန်ရှိသူအား မိမိလမ်းစဉ် လုပ်ငန်းစဉ်များကို ရှင်းပြခိုင်းသည်။ ညနေ (၆) နာရီထိုးသည်နှင့် မိမိသည် အမြင့်ဆုံး တောင်ထိပ်ပေါ်တက်၍ စကားပြောစက် (၄) လုံး အဆင်သင့်ပြင်ပြီး တဖက်မှလူကို ခေါ်သည်။ ပထမတော့ ဆဲသည်။ နောက် မိမိမှ -

“ကျနော်တို့ ဘာကြောင့် စစ်တိုက်နေသလဲ ဆိုတာ ပြောပြချင်ပါတယ်” ဟု ပြောရာ၊

“ပြောပါ နားတောင်နေပါတယ်” ဟု ပြန်ပြောလာသည်။

မိမိလည်း ပြောအား ရှိလာသည်။ မိမိမှ ဆက်၍ “ကျနော်တို့ စစ်တိုက်နေတာ ပြည်ထောင်စုက ခွဲထွက်ချင်လို့၊ သီးခြားနိုင်ငံ ထူထောင်ချင်လို့ မဟုတ်ပါဘူး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရယူလိုသောကြောင့် ဖြစ်ပါတယ်။ ပြည်နယ်ပေါင်းစု ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းတည်ထောင်တဲ့အခါ ကရင်ပြည်နယ်ဟာ ဗမာပြည်နယ် အပါအဝင် ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအဖြစ် ပါဝင်နေမှာ ဖြစ်ပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ လူ့မွေးရာပါ အခွင့်အရေး ဖြစ်တယ်ဆိုတာ ရဲဘော်တို့လဲ သိထား ပြီးဖြစ်ပါမယ်”။

“ဥပမာဗျာ၊ ကျနော်တို့တိုင်းပြည်ကို ဗြိတိသျှ ကိုလိုနီနယ်ချဲ့သမားတွေ ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ပြီး သီပေါမင်းကို အိန္ဒိယပြည်သို့ ဖမ်းဆီး ခေါ်ဆောင်သွား ကတည်းက ကျွန်တော်တို့ဟာ ဗြိတိသျှကျွန်တွေ ဖြစ်ကုန်ကြပါတယ်။ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုဘဝ ရောက်ခဲ့ပါတယ်။ တိုင်းမဲ့ပြည်မဲ့တွေ ဖြစ်ကုန်ခဲ့တယ်။ ဒီလို အခြေအနေမျိုးမှာ တိုင်းပြည်တဝှန်းရှိ လူမျိုးစုံ ပညာတတ်တွေ၊ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်တွေက နိုင်ငံရေး တောင်းဆိုမှုတွေ လှုပ်ရှားလာကြတယ်။ ခွဲရေးတွဲရေး လှုပ်ရှားမှု၊ အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် မနေလိုဘဲ လုံးဝ လွတ်လပ်တဲ့တိုင်းပြည်အဖြစ် နေလိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ 

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်


0 comments:

Post a Comment