Fans of Mahn Robert Ba Zan

ဗိုလ်မှူးချုပ်စောလဲပွဲ (နှုတ်ခမ်းမွှေး) သို့ မန်းရောဘတ် ဘဇန် ရဲ့အိတ်ဖွင့် ပေးစာ အမှတ် (၂)


ညီလေးစောလဲပွဲရေး...
အကိုကြီး သတိတယ စာရေးလိုက်တယ်။ ဒီစည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်မှာ ညီလေးထံ ပထမအကြိမ်ရေးခဲ့တုန်းက ပြန်ပြောင်းပြောရရင် ရန်သူဟာ တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA)  အားဖျက်သိမ်း ပြီး (နယ်ခြားစောင့်တပ်) အတင်းအကြပ် ဖွဲ့ခိုင်းတာကို ညီလေးတို့က လက်မခံနိင်လို့ (လက်နက်ကိုင် တိုက်ပွဲ) သဏ္ဍာန်ကို ပြန်လည် ကူးပြောင်းချိန်က တကြိမ်ရေးခဲ့ဘူးတယ်။ ခုရန်သူက အငန်းမရ အပစ်အခတ် ရပ်စဲရေးကို ရေငတ်သလို ပွဲစားတွေ လွတ်ပြီးတောင်းပန်နေတာအား လူထုဆန္ဒ ခံယူပြီး လူထုရဲ့ သဘော တူညီချက်နဲ့ အပစ်အခတ် ရပ်စဲဘို့ ညီလေးတို့ လက်ခံလိုက်တဲ့ အတွက် ခုတကြိမ် စာရေးလိုက်ရခြင်း ဖြစ်တယ်ညီလေး။



နိုင်ငံတကာရောက် ကိုကြီးတို့ ရဲဘော်တွေဟာ ရုပ်ခန္ဓာကိုယ်က တတိယနိုင်ငံမှာ ရှိနေပေမဲ့ ကိုကြီးတို့ရဲ့ ဝိဥာဏ်တွေဟာ သူရဲကောင်း ကရင် လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော် ရဲဘက်တွေနဲ့ အတူ ရှိနေတယ်ဆိုတာ ပြောလိုတယ်။ သူရဲကောင်းလက်နက်ကိုင် တပ်ပေါင်းစုံလို့ ကိုကြီး သုံးနှုံးထားတယ်။ အဲ့ဒီတပ်ပေါင်းစုံမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)   ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KNDO) နဲ့ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ကို ညွှန်းတာဖြစ်တယ်။

ညီလေးတို့ခု တို့အမျိုးသား ရန်သူနဲ့ အပစ်အခတ် ရပ်စဲလိုက်တာဟာ ညီလေးတို့ရဲ့ (နည်းဗျူဟာ) တိုက်ပွဲ သဏ္ဍန်လို့ ကိုကြီးယူဆတယ်။ မိမိတို့ရဲ့ မဟာဗျူဟာကို ဘယ်တော့မှ လက်မလွတ်လိုက်နဲ့ ညီလေး။ ကိုကြီးတို့ရဲ့ (မဟာဗျူဟာ)ဟာ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သစ္စာတရား (၄) ပါး၊ (မူလေးချက်) ဖြစ်တယ်ဆိုတာ မမေ့နဲ့။ ကရင်ပြည်နယ် မရမချင်း၊ ကရင်တွေ မလွတ်လပ်မချင်း၊ ကရင် ပြည်နယ်မှာ ကရင်ပြည်သူလူထု တရပ်လုံးရဲ့ ဆန္ဒနဲ့ ရွေးကောက်တင်မြောက်လိုက်တဲ့ ကရင်ဒီမိုကရက်တစ် ပြည်သူ့ အစိုးရ အာဏာမရမချင်း၊ စစ်မှန်တဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု မဖွဲ့နိုင်မချင်း၊ ယုံကြည်ချက်ကြောင့် မတရား အနိုင်ကျင့် ဗိုလ်ကျ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး သူရဲကောင်းတွေ အားလုံး မလွတ်မချင်း၊ နိုင်ငံတဝှမ်း ဒီမိုကရေစီ နည်းကျကျ ရွေးကောက်ခံရတဲ့ အစိုးရ မတက်မချင်း၊ ပြည်သူတရပ်လုံး ပါဝင်ရေးဆွဲတဲ့ (နိုင်ငံတော် ဖွဲ့စည်း အုင်ချုပ်ပုံ အခြေခံ စည်းမျဉ်းဥပဒေ) တရပ်မပေါ်မချင်း ငါတို့ကရင်တွေ အပါအဝင် လူမျိုးစုံပြည်သူ တရပ်လုံးဟာ တိုက်ပွဲနည်းမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲ ဝင်ကြရအုံးမယ်။

အထက်ဖေါ်ပြခဲ့တဲ့ အချက်တွေဟာ ငါတို့ရဲ့ (မ ဟာဗျူဟာ) ဖြစ်တယ်၊ ငါတို့ အမျိုးသား ခေါင်းဆောင်ကြီးစောဘ ဦးကြီးရဲ့ သစ္စာတရားတွေ ဖြစ်တယ် ညီလေး။ ညီလေးတို့ခု ငါတို့ရဲ့ အမျိုးသားရန်သူနဲ့ အပစ်အခတ် ရပ်စဲလိုက်တာ ကိုကြီးအမြင်ကို ပြောရရင် (အပစ်အခတ် ရပ်စဲ)  တာဟာ ကောင်းတယ်။ တိုင်ရင်းသား ညီကိုချင်း သတ်ကြဖြတ်ကြတာ မကောင်းဘူး၊ ပိုပြီးအနှစ်သာရ ရှိတဲ့အပစ်အခတ် ရပ်စဲဘို့ တပြည်လုံး တပြိုင်ထဲ အပစ်အခတ် ရပ်စဲဘို့လိုတယ်။ တပြည်လုံး စစ်ဖြစ်နေတာဖြစ်တယ်။

ခုရန်သူဟာ ညီလေးတို့နဲ့ အပစ်အခတ် ရပ်စဲဘို့ အငန်းမရ ကရင်ငြိမ်းချမ်းရေး ပွဲစားတွေစေလွတ်ပြီး ဘာကြောင့် ဆက်သွယ်လာသလဲဆိုတာ လေ့လာသုံးသပ်ဘို့ လိုလာတယ်။ ၂ဝ၁ဝ နိုဝင်ဘာလ က ခု ၂ဝ၁၁ နိုင်ဝင်ဘာလ အထိ ညီလေးတို့ရဲ့ လက်သံပြောင်တဲ့ တိုက်ပွဲတွေကြောင့် ရန်သူတွေ (၅ဝဝ) အထက်သေပြီး ထောင်ဂဏန်း အထိဒဏ်ရာ ရကြတယ်။ ညီလေးတို့ကို ဆက်တိုက်ဘို့ သွေးလန့် လာတယ်၊ ညီလေးတို့ရဲ့ သေနတ်သံဟာ တပြည်လုံးကို တုန်ခါသွားစေတယ်၊ ကိုယ့်ထမင်း ကိုယ်ရှာစားနေရတဲ့ ဗမာ့တပ်မတော်က ရဲဘော်တွေအဘို့ (ကိုယ့်တိုင်းရင်းသား ညီနောင်ချင်း) သတ်နေရတဲ့ တိုက်ပွဲတွေ မတိုက်ချင်ကြတော့ဘူး။[/B]


K.I.A (ကချင်ညီနောင်) တွေနဲ့ ဖြစ်တဲ့တိုက်ပွဲစဉ်တွေကို ကြည့်ရင် တပ်ရင်းအလိုက် စစ်မတိုက်ချင်ကြတော့ဘူး၊ ညီလေးတို့နဲ့အတူ သူရဲကောင်းပီသတဲ့ ကျောင်းသား တပ်မတော်၊ ရခိုင်ပြည် တပ်မတော်၊ အခြား ညီကိုတော် တပ်မတော်တွေ ပူးတွဲ တိုက်ပွဲ ဝင်လာကြတယ်။ အင်အားကြီးသထက် ကြီးလာတယ်၊ ပြည်တွင်းနဲ့ ပြည်ပက လူမျိုးစုံ ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုရသ ထက်ရလာတယ်။ ညီလေးတို့ရဲ့ တော်လှန်စစ်ကို ကြောက်သွေး ဝင်လာတဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက် ထိမ်းထားလိုတဲ့၊ သန်း ရွှေ-မောင်အေးရဲ့ မိုက်ဖော်ဆိုးဘက် သိန်းစိန် စစ်အုပ်စုဟာ သေနတ်ကိုင်နေတဲ့ တဖွဲ့စီကို လိမ်ညာ လှည့်ဖြားဘို့  အပစ်အခတ် ရပ်စဲရေး ဆိုင်းဘုတ်တင်ပြီး (ဥပါယဗျူဟာ) နဲ့ စတင် ထိုးစစ်ဆင်လိုက်ခြင်း ဖြစ်တယ်ညီလေး။

(ဥပါယဗျူဟာ) ဟာ ဟိုး ဗမာစစ်ဘုရင်တွေ ကျင့်သုံးကိုင်စွဲခဲ့တဲ့ ဗမာ့စစ်မဟာဗျူဟာ (၂၉) ချက်ထဲက တချက်ကို ညီလေးနဲ့ တို့သူရဲကောင်း ကရင်လက်နက်ကိုင် တပ်ပေါင်းစုံက ရဲဘော်တွေ လေ့လာမှတ်ယူထားဘို့ မျှဝေပေးလိုက်တယ်။ (ဥပါယဗျူဟာ) မှာ (ဥပါယ်လေးပါး)၊ (စဉ်းလဲခြင်းသုံးပါး) နဲ့ (ပျက်ရာသည် ခြောက်ပါး) တို့ဖြစ်တယ်-ညီလေး။  ဒါကို တခုစီရှင်း လင်းဖေါ်ပြမယ်။

(ဥပါယ် လေးပါး)

-ဘေဒ ဥပါယ်။ (ဖျက်ဆီးနိုင်ခြင်း) (သူ့ညီညွတ်မှု) ကိုပျက်အောင် ဖျက်ဆီးနိုင်ခြင်း။ ဘေဒ ဥပါယ်ကို သုံးခြင်းဖြင့် ကျောင်းသား တပ်မတော်၊ ရခိုင်ပြည်တပ်မတော် (ALA) (Arakan State Army) ချင်းတပ်မတော်၊ အခြားတပ်ဖွဲ့များနဲ့ ဟန်ချက် ညီတိုက်ပွဲတွေကို ရပ်စဲလိုက်တာဖြစ်တယ်။ မိခင် (KNU) နဲ့ နားလည်မှု ပိုမို အလှမ်းဝေးအောင် လုပ်လိုက်တာဖြစ်တယ်။

-ဒဏ္ဍဥပါယ်။

(ဒဏ်ထားခြင်း)(လက်နက်အင်အား၊ လူအင်အားနှင့်ဖိ၍ အောင်စေခြင်း)။ညီလေးတို့နဲ့အပစ်အခတ်ရပ် စဲထားစဉ် ကာလအတွင်း ရန်သူဟာ စစ်ရေးပြင်ဆင်မှုတွေတစိုက်မတ်မတ်လုပ်ပြီး ပြင်ဆင်မှုပြီးတာနဲ့ အပြီးအပိုင် ချေမှုန်းလာတော့မယ်  ညီလေး။

-ဥာမျဥပါယ်။ (ငြိမ်ဝပ်အောင် ပြုခြင်း) (အရေးဆို၍ အောင်မြင်ခြင်း)။ ရန်သူရဲ့ တောင်းဆို (အရေးဆို) မှုကို သေသေချာချာ စဉ်းစားပြီးမှ၊ ဘက်စုံတွက်ချက်ပြီးမှ၊ ဒီတောင်းဆိုမှုဟာ ဘာဖြစ်နိုင်တယ်၊ ဟိုတောင်းဆိုမှုဟာ ဘာဖြစ်နိုင်တယ်ဆိုတာ လေးလေးနက်နက်စဉ်းစားပါ။ ရန်သူရဲ့ အရေးဆိုတောင်းဆိုမှုဟာ မိမိကို ဂွင်ကျဉ်းအောင်၊ သူ့သတ်ကွင်းထဲ ရောက်အောင် လုပ်တာမဖြစ်စေနဲ့။

-ဒါန ဥပါယ်။ (ပေးကမ်း ချီးမြင့်ခြင်း) (ပေးကမ်း ချီးမြင့်လက်ဆောင်ဖြင့် အောင်မြင်ခြင်း) ရန်သူဟာ မိမိတို့ရဲ့ တိုက်စစ်မှူးတွေရဲ့ အကြိုက်တွေကို လေ့လာသိရှိ ထားပြီးဖြစ်တယ်။ ငွေကြိုက်ရင်ငွေနဲ့၊ အရက်ကြိုက်ရင် အရက်နဲ့၊ မိန်းမကြိုက်ရင် မိန်းမနဲ့ ချော့မြူ ဖြားရောင်းပြီး ဖျက်ဆီးလာလိမ့်မယ်၊ (ချော့ရင် မပျော့နဲ့ သတိရှိ၊ ခြောက်ရင် မကြောက်နဲ့ သတိရှိ၊ မြောက်ပင့်ရင် မမြောက်နဲ့ သတိရှိ ညီလေး။ (ရန်သူနဲ့ တွေ့တဲ့ တို့တပ်မှူး အားလုံးကို ဆိုလိုတာဖြစ်တယ်) ညီလေးတို့ ရန်သူနဲ့ (၁၅) နှစ်ကျော် ပေါင်းခဲ့ပြီးဖြစ်လို့ ရန်သူရဲ့သဘော၊ သဘာဝ၊ စိတ်နေသဘောထားတွေကို သိလောက်ပြီးထင်တယ် ညီလေး။ ဟို တလောတုန်းက ကစထ မှူး ဗိုလ်ချုပ် သက်နိုင်ဝင်း က အကြံအစီရှိရှိနဲ့ ညီလေး ကို တွေ့ဆုံဖို့ ချိန်းဆိုတာအား စဉ်းစားချင့်ချိန်ကာ ညီလေး ငြင်းပယ်လိုက်တာဟာ အကိုကြီး အမှတ်တရ ဖြစ်စေတယ်။

နောက် (စဉ်းလဲခြင်း သုံးပါး) ကိုမျှဝေ လိုက်တယ်။

-(စဉ်းလဲခြင်းသုံးပါး)။

ကရင့်လွတ်လပ်ရေးရဲ့ ဆူးညှောင့် ခလုပ်ခသင်း ရန်သူစစ်အာဏာရှင်တွေ နဲ့ စစ်တိုက်ခဲ့တာ နှစ်ပေါင်း (၆၂) နှစ်ကျော်ခဲ့ပြီး။ ကရင်ပြည်နဲ့ ကရင့်လွတ်လပ်ရေးမရမချင်း စစ်တိုက်နေရဦးမယ်။ စစ်တိုက်တယ်ဆိုတာ စစ်အောင်နိုင်ရေးသာ အဓိကဖြစ်တာကြောင့် (စဉ်းလဲ ကောက်ကျစ်မှု) ဟာ မတရားဘူး လို့မဆိုနိုင်ဘူး။ စစ်အောင်နိုင်ဘို့ (စဉ်းလဲမှု နဲ့ လှည့်စားမှု) နှစ်ခု တို့ကိုပြုလုပ်ကြ တယ်။(တရားတာ မတရားတာ ပြဿနာ မဟုတ်၊ စစ်နိုင်ရေးသာ အခရာ)ဖြစ်သည်။ ( စဉ်းလဲခြင်းနှင် လှည့်စားမှု)့ အမျိုးမျိုးကို ရန်သူ တွေလုပ်လာ လိမ့်မယ်- သတိရှိ ညီလေး။

-ဇီဝိတ မာယာ။ (အသက်၏ပျက်စီးဘွယ်ရာ၌ စဉ်းလဲရခြင်း တပါး)၊ စစ်သည်တော်အသက်များနှင့် ရင်းရသည်ဖြစ်၍ စဉ်းလဲရ မည်သာ ဖြစ်သည်။

-ယောဂ မာယာ။ (စစ်ပွဲအောင်နိုင်ဘို့အတွက် စဉ်းလဲရခြင်း တပါး)။
-မဟာဝိနာယ မာယာ။ (သတ္တဝါတို့ ပျက်စီးဘွယ်ရာအမှု၌ စဉ်းလဲရခြင်း တပါး)။
-ပျက်ရာသည် ခြောက်ပါး။
-အောက်ပါကိစ္စရပ်တို့တွင် ဂတိပျက်ရာသည်ဖြစ်ပါသည်။ ရန်သူဟာ သူ့စစ်ရေးအောင်မြင်မှုအတွက် နုတ်ဂတိတွေ အမျိုးမျိုးပေးမယ်။ မစားရ ဝခမှန်း ဂတိတွေပေးမယ်။   ရန်သူလိုချင်တဲ့ ဘောင်ထဲလဲ ဝင်ရော ပေးထားတဲ့ ဂတိတွေအားလုံး ဖျက်ဆီးလိုက်တယ်။
(မာယာ) - လှည့်ပတ်ဖြားယောင်းခြင်း)

မှတ်ချက်။

လွတ်လပ်ရေးမရခင် (ပင်လုံစာချုပ်) ချုပ်ပြီး (၁ဝ)နှစ်ကြာပေါင်းကြည့်လို့အကျိုးမရှိကြောင်းသိလာတဲ့ ညီနောင်လူမျိုးစုတွေက (ဂတိ) အတိုင်း ခွဲထွက်ခွင့်ပေးဘို့ တောင်းတော့ (ပေးထားတဲ့ ဂတိ) ကိုဖျက်ပြီး စစ်ပြု တိုက်ခိုက်လာတော့တယ်။

-ဘယ မုသာ။ ဘေးရောက်ဘွယ်ရာသောအမှု၌ (ပျက်ရခြင်း) တပါး။
-ဇီဝိတ မုသာ။ အသက်၏ပျက်စီးခြင်းသို့ရောက်အံ့သောအရာ၌လည်း (ပျက်ရာ၏) တပါး။
-မဟာဝိနာယ မုသာ။ ပျက်စီးခြင်းကြီးသို့ရောက်အံ့သောအရာ၌ လည်း (ပျက်ရာ၏)တပါး။
-ဇယပတိ မုသာ။ ရန်သူကိုနိုင်အောင် စီရင်မည့်အရာ၌ လည်း (ပျက်ရာ၏) တပါး။
-အလိင်္ဂဝစန မုသာ။ မသိရာသောအရာ၌လည်း (ပျက်ရာ၏) တပါး။
-ယဿရာဇဂုယှုမုသာ။ အရှင်များ လျှို့ဝှက်အပ်သောအရာ၌လည်း (ပျက်ရာ၏)တပါး။
(မုသာ၊ မုသား၊) - လိမ်လည်ပြောဆိုခြင်း၊လိမ်လည်ပြောဆိုသောစကား)

ညီလေးတို့တတွေဟာ တောက်ပြောင်တဲ့(ကရင့်သမိုင်း)ကို သွေးနဲ့ရေးနေကြတဲ့ သူရဲကောင်းတွေပါ။ နောင်မွေးဖွားလာမဲ့ မျိုးဆက်သစ်တွေကို (စစ်ရှုံး)တဲ့ အမွေဘယ်တော့မှ မပေးဘူး။ကရင်တွေ (ပြတိုက်)ထဲ အပို့မခံနိုင်ဘူး။ကရင်ပြည်နဲ့ ကရင့်လွတ်လပ်ရေးကို ဘက်ပေါင်းစုံက တိုက်ပွဲဝင်သွားမယ်။ ကရင်ပြည်နဲ့ ကရင့်လွတ်လပ်ရေး ရတဲ့အထိ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်မယ်ဆိုတာ ကရင်ပြည်သူတရပ်လုံးကို ဂတိပေးပါတယ်၊ သစ္စာလည်းပြုပါတယ်။

မျက်မှောက် အခြေနေမှာ ရန်သူနဲ့ (အပစ်အခတ်ရပ်စဲရေးကာလ)မှာဘဲရှိနေတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ ရန်သူက တို့ကို ဘယ်လိုတိုက်လာမလဲဆိုတာ သတိရှိရှိစောင့်ကြည့်ပါ။ ရန်သူတွေတကယ် (စေတနာ) မှန်ရင်တပြည်လုံး အပစ်အခတ်ရပ်စဲရမယ်။ ကွက်ကွက်ကလေးဖဲ့ပြီး အပစ်မရပ်နဲ့။

ကြပ်ပြေးစစ်အုပ်စုက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးကို ဂတိပေးရ   မယ်။

-ယုံကြည်ချက်ကြောင့် တရားလက်လွတ် ဖမ်းဆီးထားတဲ့ နိုင်ငံရေး သူရဲကောင်းတွေကို အားလုံး လွတ်ပေးရမယ်။
-ဒီမိုကရေးစီ အခွင့်အရေး အပြည့်အဝ ပေးပြီး ဖိနှိပ်မှု ဥပဒေ အားလုံး ဖျက်သိမ်းပစ်ရမယ်။
အထက်ပါအချက် (၄) ချက်ဟာ ညီလေးတို့ တောင်းဆိုရမယ့် အဆင့် (၁) (နိုင်ငံရေး) တောင်းဆိုမှုဖြစ်တယ်။ မလုပ်တတ် မကိုင်တတ်ရင် (ကလိုထူးဘော) (ရွှေလိုဝင်းနေတဲ့ အောင်ဖါးစည်) မြေမြှုပ်ခံရ လိမ့်မယ်။ ကရင်ရဲဘော်တွေကိုငထုံ၊ ငအတွေလို အမြဲယူဆထားတဲ့၊ အမြဲအရိုင်းအစိုင်း တွေလို့ထင်နေတဲ့၊ (ကရင်ငပွေး) လို့အမြဲ ခေါ်နေတဲ့ ဘဝင် နှထင်ရောက်နေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လှည့်ကွက်ထဲ ကျရောက် သွားလိမ့်မယ်-ညီလေး။

(စစ်ရေးအရ) အဆင့် (၁) တောင်းဆိုသင့်တဲ့ တောင်းဆိုချက် တချို့ကို အကြံပြုလိုတယ်။ မိမိကရင်ပြည်နယ် ညီလေးတို့တပ် အခြေပြုထားတဲ့ နေရာတဝိုက်က ရန်သူတပ်တွေ ပြန်ဆုတ်သွားဘို့လိုတယ်။    ပြန်ဆုတ်ရမဲ့ ရန်သူတပ်တွေဟာ- (ကနဲလေး)၊ (မောခီး) နဲ့ (ဝေါ်လေ) က တပ်တွေဖြစ်တယ်။ ဒီတပ်တွေဆုတ်ကုန်မှ   ရန်သူတွေ ငြိမ်းချမ်းရေး တကယ်လိုချင်တယ်လို့ ယူဆရမှာဖြစ်တယ်။ ရန်သူတွေ ဖေါ်ပြထားတဲ့ နေရာမှာ ဆက်ရှိနေရင် တနေ့မဟုတ်တနေ့ ပစ်ခတ်မှုတွေ ပြန်နိုင်တယ်။

“During war prepare for peace and during peace prepare for war”     “စစ်ကာလမှာ ငြိမ်းချမ်း ရေးအတွက်ပြင်၊ ငြိမ်းချမ်းရေးကာလမှာ စစ်အတွက်ပြင်” လို့ စစ်ပါရဂူတွေက သွန်သင်ထားတယ်။   အပစ်အခတ် ရပ်စဲထားစဉ် ကာလမှာ လိုအပ်တဲ့စစ်ရေး ပြင်ဆင်မှုတွေကို ဇောက်ကျကျ လုပ်ထားရမယ်။ ဒီကာ လမှာ ရန်သူတွေ စစ်ရေး ဘာတွေ ပြင်ဆင်နေ သလဲဆိုတာ ထောက်လှမ်းဘို့မမေ့နဲ့။

မှတ်ချက်။

ကရင့်လက်နက်ကိုင် တော်လှန်ရေး အစပိုင်းမှာ ဦးနု (ဖဆပလ) အစိုးရက (၇) မိုင်အစိုးရ ဘဝရောက်လာတော့  (KNU)  နဲ့ အပစ်အခတ်ရပ်စဲဘို့ ငြိမ်းချမ်းရေး ပွဲစားတွေ စေလွတ်ပြီး ကမ်းလှမ်းလာတယ်။   စစ်ကိုမုန်းတီးတဲ့ ကရင့်တော်လှန်ရေး သမားတွေက စစ်ရေး အသာစီးရနေပေမဲ့  ခေါင်းဆောင်ကြီး စောဘဦးကြီး ကိုယ်တိုင် (ရန်ကုန်) ကို ဆင်းပြီး သွားတွေ့တယ်။ ဒီ အပစ်အခတ် ရပ်စဲ ထားတဲ့ ကာလအတွင်း (ကုလား) တွေဆီက လက်နက်၊ ခဲယမ်းမီးကျောက်တွေ အပြည့်ယူခဲ့ပြီး ပြန်တိုက်တယ်။   ဒီသမိုင်းအတွေ့အကြုံကို မမေ့နဲ့ညီလေး။

အထက်ပါအချက်တွေသာ မရရင် ပေးလာမဲ့ အရံအချက်တွေဟာ ညီလေးတို့ကို ထောင်ချောက်ဆင် ကျုံးသွင်း ခြေမုန်းဘို့ ဖြစ်တယ်ဆိုတာ အကိုကြီး အကြံပြုလိုက်ပါတယ်။ အကိုကြီးတို့ နိုင်ငံတကာရောက် ရဲဘော်တွေ ညီလေးတို့ရဲ့ ခြေလှမ်းတိုင်းကို အမြဲစောင့်ကြည့်နေတယ်။ ကရင့်လွတ်လပ်ရေးနဲ့ ကရင်ပြည်နယ် အတွက် အသက်ပေး တိုက်ပွဲဝင်နေကြလို့ သွေးရင်းညီအစ်ကိုတွေလို သဘောထားတယ်၊ သွေးရင်း ရဲဘော်တွေလို ယူဆတယ်။ လိုအပ်ရင် တယ်လီဖုန်းနဲ့ ဆက်သွယ်ပါ- ညီလေး။

“ဘာလဲလုပ်လုပ် စစ်ရေး သတိရှိ၊ ရန်သူကို လျှော့မတွက်နဲ့၊ အထင်လည်း မကြီးနဲ့၊ မိန်းမ၊ အရက်၊ အဿပြာနဲ့ ချော့မြှူလာရင် သတိရှိ”

ညီလေးကို ချစ်ကြည်လေးစားတဲ့-

အကိုကြီး 
မန်းရောဘတ် ဘဇန်၊
နိုဝင်ဘာလ (၁ဝ) ရက်၊ ၂ဝ၁၁။

0 comments:

Post a Comment