Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၁)


စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ် ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘတ် ဘဇန်ဟာ အသက်ရွယ် ကြီးမြင့်လာပြီး တော်လှန်ရေးဒဏ်ကြောင့် မကျန်းမမာ ဖြစ်နေသည့် ကြားထဲက ဆောင်းပါးရှည်အား အချိန်ယူ ရေးသားပေးပို့တဲ့အတွက် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်အဖွဲ့မှ အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ဖထီး နေကောင်း ကျန်းမာစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။





ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံမှ မျိုးချစ်သူရဲကောင်းအပေါင်းတို့ -

ကရင်တမျိုးသားလုံးဟာ  “ကရင်အမျိုးသား လွတ်မြောက်ရေး၊ ဒီမိုကရေးစီရေး၊ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်ရှိတဲ့ ကေါ်သူးလေ ကရင်ပြည်တည်ဆောက်ရေးနဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်” မြတ်တရားတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွဲခဲ့တာ ရာစုနှစ် တဝက်ကျော်လွန်ခဲ့ကာ ကမ္ဘာမှာ အရှည်ကြာဆုံး စစ်ပွဲတခု ဆင်နွဲနေတဲ့ သူရဲကောင်းပီသစွာ လူမျိုးတမျိုး ဖြစ်တယ်ဆိုတာ ဖေါ်ပြနေပါတယ်။ ကရင်တမျိုးသားလုံးဟာ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ တော်လှန်တဲ့ သစ္စာတရား (၄) ပါး (ဝါ) မူလေးချက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခြင်း၊ ကရင့်လွတ်လပ်ရေးအတွက် အရာရာကို စွန့်လွတ်အနစ်နာခံနိုင်ခြင်း၊ လွတ်လပ်တဲ့ လူမျိုးအဖြစ် လူ့သိက္ခာနဲ့ လူ့တန်ဖိုးရှိစွာ အသက်ရှင်လိုခြင်း၊ စစ်ရှုံးတဲ့ လူမျိုးအဖြစ် သိက္ခာမဲ့စွာ အသက်မရှင်လိုခြင်းတွေကြောင့် ရာစုနှစ်တဝက်ကျော်အောင် ခုခံစစ်ကို ဆင်နွဲနိုင်တာ ဖြစ်တယ်။ ကရင့်လွတ်လပ်ရေး မရမချင်း၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ “အဖကရင်ပြည်” မရမချင်း၊ တန်းတူရေးနဲ့ ကိုယ်ပြင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်မချင်း နှောင်နှစ်ပေါင်း(ရာထောင်)မကကြာသည့်တိုင် မြတ်တရားတဲ့ ခုခံတော်လှန်စစ်ကို ဆင်နွဲသွားမှာဖြစ်တယ်။ အထက်ပါအချက်တွေဟာ ကရင်တမျိုးသားလုံးက ခံယူထားတဲ့ ခိုင်မာတဲ့ခံယူချက်နဲ့သစ္စာတရားတွေဖြစ်တယ်။

ကရင့် ခုခံတော်လှန်စစ် နှစ်ပေါင်း (၆ဝ) ကျော် ကာလများအတွင်း အကွဲအပြဲတွေ ရှိခဲ့တယ်။ အကွဲအပြဲတွေဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကတော့ ရန်သူ့ ( မဟာဗျူဟာ လေ့လာရေး ဌာန ) တွေက၊ ကရင့် တော်လှန်ရေးရဲ့ အားနည်းတဲ့ အပိုင်းကို ခွဲခြား စိတ်ဖြာပြီး နည်းဗျူဟာ မျိုးစုံနဲ့ သွေးဆောင်၊ ဖျားရောင်း၊ သပ်လျို၊ ဖြိုခွဲလို့ စည်းလုံးညီညွတ်မှု ပြိုကွဲပြီး အကွဲအပြဲတွေ ဖြစ်ခဲ့ရတာ ဖြစ်တယ်။ နောက်တချက်ကတော့ အဖွဲ့အစည်းအတွင်း အတွေးအခေါ်၊ ခံယူချက် မတူတာရယ်၊ အခွင့်ထူးခံ၊ ကိုယ်ကျိုးရှာမှုတွေ၊ ဘာသာရေး ဂိုဏ်းဂနတွေ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတွေကြောင့် အကွဲအပြဲတွေ ဖြစ်ရတယ်။ ကွဲပြီးဆိုတာနဲ့ လက်နက်ကိုင် တိုက်ပွဲအဆင့် ရောက်ရတယ်။ စစ်ဖြစ်ပြီဆိုတာနဲ့ ဘက်နှစ်ဘက်က ကရင့်သူရဲကောင်းတွေ ကျဆုံးကြတယ်၊ ဒုက္ခိတတွေ အများကြီးရှိခဲ့တယ်။ အသက် ပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ ပထမဆုံး အကွဲအပြဲကတော့ ၁၉၄၈ခုနှစ် (KNU) ဖွဲ့ပြီးမကြာမှီ စောစံဖိုးသင် ဦးဆောင်တဲ့ (KYO) အဖွဲ့ (KNU) က ခွဲထွက်ပြီး (ဖဆပလ) နဲ့ ပူးပေါင်း လိုက်တယ်။ အဲဒီ စောစံဖိုးသင်အဖွဲ့ဟာ ဖဆပလကပေးတဲ့ အခွင့်အရေးတွေနဲ့ သာယာ မေ့မောနေကြပြီး ကရင့်ခုခံတော်လှန်စစ်ကို ဆန့်ကျင်ကြတယ်။ သူတို့နဲ့တော့ လက်နက်ကိုင် ပဋိပက္ခတော့ မဖြစ်ခဲ့ဘူး။

၁၉၆၃ ခုနှစ်မှာတခါ (KRC) (Karen Revolutionary Council) နဲ့ (KNUP) ကွဲပြန်တယ်။ ဒီအကွဲအပြဲမှာ လက်နက်ကိုင် တိုက်ပွဲတွေအဆင့်ထိ ရောက်ခဲ့တယ်။ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ များစွာ ရှိခဲ့တယ်။ ဘက်နှစ်ဘက်က ကရင့် သူရဲကောင်းတွေ ကျဆုံးရတယ်။ ကရင်တမျိုးသားလုံး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ၁၉၆၆ ခုနှစ်မှာ (KNLC)     (Karen National Liberation Council) နဲ့  (KNUP) (Karen National United Party) ကွဲကြပြန်တယ်။ ဒီအကွဲအပြဲဟာ ကျောက်ကြီးမြို့နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ကြပြန်တယ်။ ဘက်နှစ်ဘက်က သူရဲကောင်း စစ်သည်တွေ ကျဆုံးရပြန်တယ်။ ကရင့် တော်လှန်ရေး အင်အား ဆုတ်ယုတ်မှုတွေ ရှိလာတယ်။ အကွဲအပြဲတွေ နှစ်ကြိမ်ရှိခဲ့ပြီးနောက် ပြန်လည် ပေါင်းစည်းမှုတွေ ရှိလာတယ်။ ကရင့် တော်လှန်ရေး အတွင်း အကွဲအပြဲတွေ ရှိအောင် ရန်သူက သတ်လျှိုဖြိုခွဲတာကို နှစ်ဘက်စလုံးက သိရှိလာကြပြီး ပြန်လည် ပေါင်းစည်းမှုကို ကြိုးစား လုပ်ဆောင်ကြတယ်။

ရန်သူက ဗိုလ်မှူးချုပ် စောလင်းထင်ကို လုပ်ကြံသတ်ဖြတ်ပြီး သူနဲ့ပါသွားတဲ့ တပ်မဟာ(၅)က တပ်ဖွဲ့တွေ ပြန်လည် ပူးပေါင်းလာကြတယ်။ တခါ (KNUP) က ခေါင်းဆောင် ရဲဘော်များ (KNU) party ကို ဖျက်သိမ်းပြီး (KNU) နဲ့ ပြန်လည် ပေါင်းစည်း လိုက်တယ်။ အကွဲအပြဲတွေ ရှိခဲ့တဲ့ ကရင့် တော်လှန်ရေးဟာ ပြန်လည်ပေါင်းစည်းမှုတွေ ရှိခဲ့ပြန်တယ်။ မြစ်ဆုံ အရေးအခင်းက ဖြစ်ခဲ့တဲ့ (KNU) (DKBA) အကွဲအပြဲဟာ တနေ့ ပြန်လည်ပေါင်းစည်းရမယ်လို့ မိမိတလျှောက်လုံး ယုံကြည်ခဲ့တယ်။ ကရင့်တော်လှန်ရေး သမိုင်းဖြစ်စဉ်ကို ကြည့်ပြီး သုံးသပ်ထားတာဖြစ်တယ်။

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

0 comments:

Post a Comment