Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၃)


ပုဂံပြည် စောလူးမင်း လက်ထက်တွင် ငရမာန်ကန်းသည် စောလူးမင်းအား မဏ္ဍုက ဗျူဟာ (ဖါးစစ်) အသုံးပြုကာ စစ်ရေးငင်ကာ အောင်နိုင်ဘူးတာကို တွေ့ရပါတယ်။  ဒါ့အပြင် ပုဂံပြည် နရသီဟပတေ့မင်း လက်ထက်တွင် တရုပ်ကူဗလိုင်ခန်ရဲ့တပ်များအား မြန်မာတို့က အဲဒီနည်းဖြင့် အောင်နိုင်တာကို တွေ့ရပါတယ်။



သမိုင်းတွင် နရသီဟပတေ့မင်းဟာ တရုတ်ကို စစ်ရှုံးလို့ ပြေးသောကြောင့် တရုတ်ပြေးမင်းဟု ခေါ်တွင်ခဲ့ကြောင်းကား ထင်ရှားပါရှိလျက်နဲ့ အောင်နိုင်လိုက်တဲ့ အကြောင်းရင်းမှာ  သာမညမျှသာ တွေ့ရရာ ဤသည်ပင် နယ်ချဲ့ရဲ့ လုပ်ကြံမှုတရပ်ဖြစ်ပါတယ်။ နရသီဟပတေ့မင်းဟာ စစ်ရှုံးလို့ ပြေးရသော်ငြားလည်း ပုဂံပြည်သူတို့ကား စစ်မရှံးခဲ့ပါ။ သူတို့ဟာ ပင်လယ်၊ မြင်စိုင်း၊ ပင်းယမှ ရှမ်းမြန်မာ မင်းညီနောင် သုံးဦးတို့နှင့်တကွ အောင်ပွဲဆင်နိုင်ခဲ့သည်ကို ငါးစီးရှင်ကျော်စွာ၏   “တမောင်းတမောင်း တို့တမောင်းသည် ဘကောင်းသားလော” ဟူသော ကာချင်းဖြင့် သိရှိရပါတယ်။

သူတို့ဟာ ရန်သူကို ကျုံးသွင်းပြီး တိုက်ခိုက်တဲ့ ဤဖါးစစ်၊ စစ်မဟာဗျူဟာဖြင့်ပင် အောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အလားတူ ဘုရင့်နောင်သည်လည်း ယိုးဒယားစစ်ကို အောင်နိုင်ခဲ့ပါတယ်။ ယနေ့ စစ်ပွဲများတွင်လည်း ဤနည်းကိုဆက်လက် အသုံးပြုနေရသည်သာ ဖြစ်ပါတယ်။   ဒုတိယကမ္ဘာစစ် အတွင်းတွင် ဆိုဗီယက်တပ်နီတော်ဟာ ဟစ်တလာရဲ့ ဂျာမန်တပ်များအား ဤနည်းဖြင့် စစ်ကျွံစေပြီး အောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျာမန်တပ်များကို မော်စကိုအထိ နာမည်ကြီးလှတဲ့ ဆောင်းရာသီကာလ အချိန်မှာ ရောက်အောင်ဆွဲခေါ်ပြီး ထောက်ပံ့ရေးလမ်းကြောင်း ရှည်လျားအောင် ဆွဲဆန့်ခဲ့ပါတယ်။

အင်္ဂလိပ်တို့ သုံးလေ့သုံးထရှိတဲ့ အောင်မြင်စွာ ဆုတ်ခွာနည်း ဟူသည်မှာလည်း  ဤကဲ့သို့မိမိတို့  နိုင်ရာအောင်မြေကို ရောက်ရှိအောင်  သွေးဆောင်တဲ့သဘော၊  မိမိမရှုံးနိမ့်နိုင်သော နေရာတွင် အဆုံးအဖြတ်ပေးမည့် စစ်ပွဲကို ဆင်နွဲပြီး အင်အားကုန်ခမ်းမှုမဖြစ်စေဘဲ မိမိအောင်နိုင်ရာဒေသသို့  အရောက်ခေါ်ဆောင်လာတဲ့ သဘောပင်ဖြစ်တယ်။ ဂျပန်တပ်များ မရောက်လာမီ အင်္ဂလိပ်တပ်များ မြေလှန်စနစ်ဖြင့် မြန်မာပြည်မှ အိန္ဒိယသို့ ဆုတ်ခွာသွားတာကို အောင်မြင်စွာ ဆုတ်ခွာတယ်လို့ ဆိုကြပါတယ်။ ဂျပန်တပ်များ အိန္ဒိယရှိ အာသံပြည်နယ်သို့ တက်တိုက်ချိန်တွင် အင်အားကုန်ခမ်းမှု ဖြစ်ပွားကာ အကျအဆုံးများခဲ့ပါတယ်။

(၂)။ သပ္ပဗျူဟာ (မဟာမိတ်စစ်)

ထွတ်ချာနောင်ရင်း၊ ခြင်္သေ့မင်းသည်၊ ယိုယွင်းအကြံ၊ အမျက်လျှံကြောင့်၊ ချောင်းယံညွန်ဝ၊ ဖါးတွေချ၍၊ လုံ့လမတည်၊ စစ်ရှုံးသည်ဟု၊ ကြံစည်အောက်မေ့၊ ညီခြင်္သေ့လျှင်၊ ထပ်၍လှန်ပြန်၊ စစ်ပြုဟန်ကား၊ စုန်ဆန်သွားလာ၊ ရေပျော်ပါးသည်၊ နဂါးခွေလိပ်၊ မျက်စောင်းရိပ်သို့၊ တက်ဆိပ်ဝှန်ဝေ၊ တောဝယ်မြွေကို၊ ဆွေခင်ပွန်းစစ်၊ ဖွဲ့သည်ဖြစ်၍၊ နောက်စစ်တွင်းမှ၊ ဖါးကိုရသည်။

ဒုတိယ ကမ္ဘာစစ်

(နောင်တော်ဖြစ်သော ခြင်္သေ့သည် အမျက်ဒေါသအလျောက်၊ ဖါးတို့လက်ဝယ် ပျက်စီးခြင်းသို့ ရောက်ရသည်ဟု ဆင်ခြင်ပြီးလျင် မျက်စောင်းရိပ်ကာမျှဖြင့် ဖွဲ့ပြာဖြစ်စေနိုင်သော တန်ခိုးရှိသော နဂါးမျိုး၊ တော်တွင်းရှိသော မြွေတို့ကို မိတ်ဆွေဖွဲ့ပြီးလျှင်  ဖါးတို့ကိုတိုက်၍  ဖါးအများ သေကြေ ပျက်စီးခြင်းသို့ ရောက်လေသည်) စစ်တို့၏သဘောသည် မိမိတဦးတည်း တိုက်ခိုက်သည်ထက် မဟာမိတ်နိုင်ငံများ ဖွဲ့စည်း၍ တိုက်ခိုက်ခြင်းသည် ပိုမိုကောင်းမွန်လေသည်။

သို့ဖြစ်၍ ဤသပ္ပဗျူဟာခေါ် မဟာမိတ်စစ်သည် ရှေးခေတ်ကပင် စတင်ခဲ့ပြီး ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်တို့ အတွင်းကလည်း ကျင့်သုံးခဲ့ကြပေသည်။  ဝင်ရိုးတန်းနိုင်ငံများ၊ မဟာမိတ် နိုင်ငံများဟူ၍ အုပ်စုများဖွဲ့စည်း၍ စစ်ပွဲများ ဆင်နွဲခဲ့ကြပေသည်။ ယခုခေတ်တွင်လည်း ဝါဆောစာချုပ်အဖွဲ့၊ နေတိုးအဖွဲ့၊ စင်တိုးအဖွဲ့၊ ဆီးတိုးအဖွဲ့စသဖြင့် မဟာမိတ် စစ်အုပ်စုများ ဖွဲ့စည်း ထားရှိသည်ကို တွေ့နိုင်ပေသည်။

၎င်းပြင် မူဝါဒတူရာနိုင်ငံများသာမဟုတ်၊ မူဝါဒ မတူဘဲလည်း မဟာမိတ်များကို တွေ့ရပေသည်။ ဥပမာ- ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံ မူဝါဒမတူသော်လည်း ငြိမ်းချမ်းစွာ အတူ နေထိုင်ရေးပြုလျက် ရှိပေသည်။ ထို့အတူ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံသည်လည်း မဟာမိတ်ပြုလျက် ရှိပေသည်။ ဤကဲ့သို့ မဟာမိတ်ပြုထားခြင်းအားဖြင့် အင်အားငယ်သော နိုင်ငံဖြစ်သော်လည်း အင်အားကြီးနိုင်ငံမှ မကျူးကျော် ရန်မပြုရဲသည်ကို တွေ့နိုင်ပါသည်။  ဥပမာ ကျူးဘားနိုင်ငံသည် နိုင်ငံငယ်ဖြစ်သော်လည်း ရုရှားနှင့် မဟာမိတ်ပြုထားသဖြင့် အမေရိကန်နိုင်ငံကြီးသည် ကျူးဘား၏ မူဝါဒကို မကြိုက်သော်လည်း နိုင်လို မင်းထက် မလုပ်ရဲပေ။ ဤသည်ပင်လျင်  (သပ္ပဗျူဟာ) (မဟာမိတ်စစ်) ၏ ခေတ်မှီသော အချက်ပင် ဖြစ်ပေသည်။

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

0 comments:

Post a Comment