Fans of Mahn Robert Ba Zan

ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂)





စာဖတ်ပရိသတ်များခင်ဗျား
“စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်က ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရောဘဇန်မှ ဒေါ်စုထံ ပေးပို့ထားခဲ့ပြီး ဖြစ်သော အိတ်ဖွင့် ပေးစာကို စာဖတ်ပရိသတ်များအား ဒီကနေ့ တင်ပြပေးလိုက် ပါတယ်။ ၁၉၉၉ ခုနှစ်က ကျွန်တော်တို့ အမျိုးသား ခေါင်းဆောင်ဒေါ်စုရဲ့ ခင်ပွန်း ဆုံးပါးသွားစဉ် ပေးပို့ခဲ့တဲ့ ဒီအိတ်ဖွင့် ပေးစာကို ဖတ်ရူကြည့်ရင် စစ်ကို ဘာကြောင့် တိုက်နေရတာလဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဘာကြောင့် မပေးရတာလဲ ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း သိမြင် နိုင်ကြမှာ ဖြစ်ပါတယ်။ အခုလို မျိုးဆက်သစ်များ ဗဟုသုတ ရရှိစေဖို့ အိတ်ဖွင့် ပေးစာအား ပေးပို့လာသော ဖထီး မန်းရောဘဇန်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားတွင် ဂုဏ်ပြု မှတ်တမ်းတင်ရင်း ဖေါ်ပြ အပ်ပါတယ် ခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ (၂)

ဒေါ်စုခင်ဗျား…

လေးစားစွာဖြင့် အိတ်ဖွင့်ပေးစာ အမှတ်(၂) ကို ရေးသားပေးပို့အပ်ပါတယ်။ ကျွန်တော့်ရဲ့ အိတ်ဖွင့်ပေးစာ အမှတ်(၁) ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့မှာ ရေးသားပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

ဒီအပတ် ကျွန်တော် အချက် နှစ်ချက် ရေးသားတင်ပြလိုပါတယ်။

၁။ဒေါ်စုရဲ့ ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှု ပါရမီဖြည့်ဘက်၊ ပါမောက္ခ ဒေါက်တာမိုက်ကယ်အဲရစ် ကွယ်လွန်သွားခြင်း အတွက် ၀မ်းနည်းကြောင်းနဲ့။ ၂။ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ ကျွန်တော့် သဘောထားခံယူချက်တို့ကို ရေးသား တင်ပြလိုပါတယ်။

၁။ ဒေါ်စု၏ ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှု ပါရမီဖြည့်ဘက်၊ ပါမောက္ခ ဒေါက်တာမိုက်ကယ်အဲရစ် ကွယ်လွန်ခြင်း အတွက် ကျွန်တော်များ ကရင့်သွေးစည်းခိုင်မာရေး အစည်းအရုံး (KSO) မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပါးခဲ့ပြီး ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာမိုက်ကယ်အဲရစ် မကွယ်လွန်မှီ   ဒေါ်စုနှင့်   တွေ့ခွင့်တောင်းသည်ကို ပြည်ဝင်ခွင့် မပေးဘဲ ရင့်သီးစွာ ငြင်းပယ်လိုက်ခြင်းနှင့် ပါတ်သက်၍ (နအဖ) စစ်အုပ်စုအား အောက်ပါအတိုင်း သဘောထားများ ထားရှိပါတယ်။

- နအဖ စစ်အုပ်စုဟာ လူ့အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာမှ ပါမောက္ခ ဒေါက်တာမိုက်ကယ်အဲရစ် အား ပြည်ဝင်ခွင့် ပေးဖို့ ၀ိုင်းဝန်းတောင်းဆိုချက်များကို မိုက်ရိုင်းစွာ ငြင်းပယ်လိုက်ခြင်းအတွက် မိမိတို့မှ များစွာ ဒေါသဖြစ်မိပါကြောင်း၊

- ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်း သရမ်းချင်တိုင်း သရမ်းပြီး လူကို လူလို မသိတဲ့ လူ့အဆင့်နိမ့် လက်နက်ကိုင် အစုအဝေးလို့ သဘောထားပါကြောင်း၊ ထို့ပြင် ပါမောက္ခ ဒေါက်တာမိုက်ကယ်အဲရစ် ကွယ်လွန်သွားခြင်း အတွက် ကျွန်တော်တို့ (KSO) မှ များစွာ ၀မ်းနည်းနှမျောတသ ဖြစ်မိပါကြောင်း။

- မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု သူရဲကောင်းတစ်ဦး ကျဆုံးသွားသည်ဟု ယူဆပါကြောင်းနှင့် မိမိတို့ လှုပ်ရှားမှုကြီး အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတရပ်ဟု ခံယူပါကြောင်း၊ ဒေါက်တာမိုက်ကယ်အဲရစ် ကောင်းရာသုဂတိဘုံသို့ လားပါစေကြောင်း၊

- ဒေါ်စုနှင့်တကွ ဒေါ်စုမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း၊

- ဒေါ်စု၏ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးစုံ ပြည်သူများအပေါ် ထားရှိသော စေတနာ၊ မေတ္တာ၊ ချစ်ကြည်မှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှုများကို လွန်စွာတန်ဘိုးထား ဂုဏ်ယူပါကြောင်း ဦးစွာ ဖော်ပြအပ်ပါတယ်။

ဒီပေးစာမှာ ကျွန်တော် ပြည်သူ့ဒီမိုကရေစီလို့ သုံးနှုံးထားတာရှိပါတယ်။ ဒီအသုံးအနှုံးကို ကျွန်တော် ရှင်းလင်း ဖော်ပြလို ပါတယ်။ ကမ္ဘာတ၀ှမ်း ဒီမိုကရေစီနှင့် ပတ်သက်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။

- လက်နက်အားကိုးပြီး အနိုင်ကျင့် ဗိုလ်ကျ အာဏာယူခဲ့တဲ့ စစ်အုပ်စု ဟူသမျှ ဒီမိုကရေစီကို တွင်တွင်အော်ပြီး ရေလဲနဲ့ အမျိုးမျိုး အသုံးချကြတယ်။ စစ်တပ်နဲ့ သူ့အသိုင်းအ၀န်း ဆွေမျိုးစု အကျိုးစီးပွားအတွက်ဘဲ လုပ်စားကြတယ်။

- လွတ်လပ်ရေးရပြီး အာဏာရခဲ့တဲ့ ဖဆပလ အစိုးရကလဲ (ပါလီမန် ဒီမိုကရေစီ) လို့ တွင်တွင်အော်ပြီး ၀န်ကြီးတွေ၊ အမတ်တွေ သူ့အသိုင်းအ၀ိုင်း အကျိုးစီးပွားများ အတွက်ဘဲ လုပ်စားခဲ့ပါတယ်။ - ပါလီမန် ဒီမိုကရေစီ လက်ထဲက နိုင်ငံတော်အာဏာကို သေနတ်တေ့ယူခဲ့တဲ့ ဗိုလ်နေ၀င်းဦးစီး (မဆလ) စစ်အုပ်စုကလဲ (ဆိုရှယ်လစ် ဒီမိုကရေစီ)လို့ တွင်တွင်အော်၊ စစ်တပ်အသိုင်းအ၀န်း   ကောင်းစားရေးအတွက်သာ လုပ်စားခဲ့ကြတယ်။

ဒီမိုကရေစီလို့ တွင်တွင်အော်ပြီး ရေလဲနဲ့ အမျိုးမျိုး မိမိနဲ့ မိမိအုပ်စု ကောင်းစားရေးအတွက် လုပ်စားတဲ့ ဒီမိုကရေစီ မျိုးကို မလိုလားဘူး။
- တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံးကို အလုပ်အကြွေးပြုတဲ့ ဒီမိုကရေစီ၊
- တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ အာမခံတဲ့ ဒီမိုကရေစီ၊
- တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံးက နိုင်ငံတော်ရဲ့ ကြမ္မာကို ဖန်တီးပိုင်ခွင့် ရှိတဲ့ ဒီမိုကရေစီ၊
- တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဒီမိုကရေစီ၊ (ပြည်သူ့ ဒီမိုကရေစီ) လို့ ဆိုလို သုံးနှုံးထားတာ ဖြစ်ပါတယ်။

ဒေါ်စုခင်ဗျား ...

ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ ကျနော့်သဘောထားတရပ်ကို တင်ပြလိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း စစ်ဖြစ်ကြတာ နှစ်ပေါင်း ငါးဆယ်ကျော်သွားပါပြီ။ ဒီအနှစ် ငါးဆယ် ပြည်တွင်းစစ်ကို သုံးသပ်ရရင်...

- ဒီစစ် ဘာကြောင့်ဖြစ်ရတာလဲ?
- ဒီစစ်မှာ ဘယ်သူတွေ စစ်နိုင်ပြီး ဘယ်သူတွေ စစ်ရှုံးသလဲ? ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် မေးမိပါတယ်။
ကျွန်တော်တို့ မိဘတွေလက်ထက်ထဲက ဖြစ်ခဲ့တဲ့ စစ်ဟာ ကျွန်တော်တို့ လက်ထက်အထိ ဆက်ဖြစ်နေတယ်။ ခုထိ မပြီးသေးဘူး။ စိတ်မကောင်းစရာတွေပါဘဲ။ နိုင်ငံတော်အတွက် ဆုံးရှုံးမှုတွေပါဘဲ၊ ကျနော်တို့ သားသမီး မြေးမြစ်တွေအထိ ဒီစစ်ရဲ့ ဆိုးမွေတွေကို ဆက်မပေးချင်တော့ဘူး ဆိုတာ ပြောလိုပါတယ်။

ကမ္ဘာ့သမိုင်းဟာ စစ်သမိုင်းလို့ ဆိုလို့ရပါတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု စရှိလာကြကတည်းက ပဋ္ဋိပက္ခတွေ တဆင့်ပြီးတဆင့် ဖြစ်ရာမှ နောက်ဆုံးအဆင့်မှာ စစ်ဖြစ်ကြတာဘဲ။ မြန်မာ့ သမိုင်းဟာလည်း စစ်သမိုင်းပါဘဲ။

နယ်ပယ်ချဲ့ထွင်မှု၊ သတ်ဖြတ်မှုမှ စစ်ပွဲတွေ ဖြစ်ကြတယ်။ စစ်ပွဲများဖြစ်ရာမှ လူမျိုးရေး မုန်းတီးမှုများ၊ ထိုမှ ဗိုလ်ကျစိုးမိုးရေး လူမျိုးကြီးဝါဒ၊ တဖက်မှ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတွေ ကိန်းအောင်းလာကြတယ်။ ကျေးပိုင် ကျွန်ပိုင်ခေတ်က ဒီနေ့အထိ စစ်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်။ ကျွန်တော့်သက်တမ်းတလျှောက် စစ်ရဲ့ ဆိုးမွေတွေ ကောင်းစွာရရှိခဲ့တယ်။ ကျွန်တော် ခလေးဘ၀ ကရင့်တော်လှန်ရေး အစပိုင်း စစ်ရဲ့ အနိဌာရုံ ကို ဦးစွာတွေ့မြင်ခဲ့ရတယ်။



- ဗမာက ကရင်ရွာ မီးရှို့၊ ကရင်က ဗမာရွာ မီးရှို့၊
- ဗမာက ကရင်ကို သတ်၊ ကရင်က ဗမာကို သတ်၊
- ဗမာက ကရင့်ပစ္စည်းလု၊ ကရင်က ဗမာပစ္စည်းလု၊ … စတဲ့ ဗမာမုန်းတီးမှုမှ လူမျိုးရေး အဓိကရုံး ဖြစ်ပွားခဲ့တယ်။ မအူပင်မြို့ရှိ ကျွန်တော်တို့အိမ် မီးရှို့ခံရတယ်၊ မြေလှန် စနစ်ဘဲ ဖြစ်မယ်။ သရက်ပင်တောင် မထားဘူး၊ အကုန် လှဲပစ်လိုက်တယ်။ ဧရာဝတီ မြစ်ထဲမှာ အလောင်းတွေ မျောနေတယ်။ တာတပေါ ဗမာရွာကြီး မီးလောင်တယ်။

ဘာဖြစ်လို့ သတ်ကြတာလဲ? ဘာဖြစ်လို့ မီးရှို့ကြတာလဲ? ဘာကြောင့် လူတစ်မျိုးနဲ့တစ်မျိုး မုန်းကြတာလဲ? အတူနေလို့ မရဘူးလား? … ဆိုတဲ့ မေးခွန်းတွေ မေးခဲ့မိတယ်။ ကျွန်တော် လူလားမြောက်ပြီး စစ်သည်တော် ဖြစ်လာတဲ့အခါမယ် စစ်ရဲ့ဆိုးမွေတွေ တွေ့ရတယ်။ တိုက်ပွဲ ဖြစ်တယ်ဆိုရင်ဘဲ ကမ္ဘာပျက်ခမန်း သေနတ်၊ ဗုံး၊ ဒုံးသံတွေ နားကွဲလုမတတ် ကြားရတယ်။ အော်သံ ဆဲသံတွေ ဆူဆူညံလို့။ ဟောခဏလေး ဘေးနားက မိမိအဖော် သေနတ်ပေါ် ဦးစိုက်ပြီး အသက်ထွက်လို့၊ ဘေးနားမှာလဲ ဒဏ်ရာနဲ့ ညည်းနေတယ်။

တအောင့်ကြာတော့ - တပ်မှူးရဲ့ ကျားထိုးဖို့ အမိန့်ရောက်ရင်ဘဲ ကျားတက်ထိုးတယ်။ ရန်သူ ဆုတ်သွားတယ်။ ရန်သူ့နေရာရောက်တော့ ရန်သူ့အလောင်း နှစ်လောင်း၊ တစ်ဦးက ဥဏှောက်ထွက်ပြီး တစ်ဦးက အူထွက်လို့၊ မိမိလို လူငယ်လူရွယ်တွေ ဖြစ်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ရန်ညိုးမရှိ တွေ့ပင် မတွေ့ဖူးဘဲ သတ်နေကြရတယ်။ ကျဆုံးသူ မိမိရဲဘော်ကို နောက်ဆုံး အလေးပြုပြီး မြေမြုပ်လိုက်တယ်၊ နေ့မြင် ညပျောက် ပါလား? မိမိအလှည့် ဘယ်တော့လဲ? … လို့ စဉ်းစားမိခဲ့တယ်။

ဒေါ်စုခင်ဗျား ...
တစ်ခုသော ၁၉၈၇ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့၊ ၀မ်းခါစစ်မျက်နှာ၊ မြေနီတောင် တိုက်ပွဲဟာ လက်နက်မျိုးစုံ အသံတွေနဲ့ ကမ္ဘာပျက်ခမှန်း ဆူလို့ ညံလို့၊ နံနက် အာရုဏ်တက်မှ ညနေအထိ တိုက်နေကြတယ်။ မွန်းလွဲပိုင်းရောက်တော့ - အထူး (၁၀၁) တပ်ရင်းက ရဲဘော်တစ်ယောက် ကျွန်တော့်ထံ လာရောက်သတင်းပို့တယ် -

“ဗိုလ်မှူး - ဗိုလ်မှူးတူ မိုးအောင်ဝင်း ပေါင်မှာ ဒဏ်ရာရတယ်၊ ခု ဆေးရုံပို့ထားတယ်” “စစ်ပွဲဘဲ ထိသူ၊ သေသူ ရှိမှာပေါ့” နောက် - သူက ဆက်ပြီး “ဗိုလ်မှူးညီတော့ ကျသွားပြီ” တဲ့။ “ဘာကွ - ညီ ကျသွားတယ် ဟုတ်လား” ကျွန်တော့်နားကို ကျွန်တော် မယုံ၊ ကျွန်တော့်ခေါင်းကို တည့်တည့် မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ်သွားတယ်။

ညီအစ်ကို သုံးယောက်ရှိတဲ့အနက် အထွေးဆုံးညီ ကျသွားပြီ ဖြစ်တယ်။ ကျွန်တော်တို့အဖေ မဆုံးခင် ပေးခဲ့တဲ့ တော်လှန်ရေးဆုလဒ်ကို သူရယူသွားပြီ ဖြစ်တယ်။ ညီထွေးမဆုံးခင် “အစ်ကိုကြီး ကျွန်တော်လက်ထပ်တော့မယ်” “အေး ဟုတ်သားဘဲ မင်းလည်း အရွယ်ရောက်နေပြီဘဲ” လို့ ပြောလိုက်တယ်။ “ ကျွန်တော့်ကို လက်ထပ်လက်စွပ် လုပ်ပေးပါတဲ့”။ မြတ်စွာဘုရား - လက်ထပ်လက်စွပ်၊ လက်ထပ်လက်စွပ် ငါးမူးသားဆိုရင် နှစ်ထောင့်ငါးရာ၊ အဲဒီငွေကို ငါဘယ်လိုရှာရမှာလဲ၊ ငါက စစ်သား၊ စစ်မြေပြင်မှာ စစ်တိုက်နေရတော့ ငွေရှာဖို့ ဘယ်အချိန်ရှိမှာလဲ။ ဒါပေမဲ့… “အေး အေး လုပ်ပေးမယ်ကွာ” လို့ ပြောလိုက်တယ်။ ညီထွေးသာ ကျသွားတယ်၊ လက်ထပ် လက်စွပ် ဘယ်ကမ္ဘာ ရောက်နေမှန်း မသိ။

ညီထွေးရဲ့ လှုပ်ရှားမှုတွေ ကျနော် မြင်ယောင်ပြီး ညီ၊ ညီမတွေ ခေါ်၊ သူ့ကို မြေမြုပ်ရေးအတွက် ပြင်ဆင်ကြတယ်။ စစ်အခမ်းအနားနှင့် မြေမြုပ်တယ်။ နောက်ဆုံး အမိန့်ထုတ်ပြန် သေနတ် ပစ်ဖောက်ပြီး ဦးညွှတ်အလေးပြုတယ်။ အလောင်းမြေချတယ်။ မြေဖို့တယ်။ ကျွန်တော့်ညီထွေး ရဲ့လူ့ဘ၀ တခန်းရပ်သွားပြီ ဖြစ်တယ်။ သေနတ်ပစ်ဖောက် ဦးညွတ်အလေးပြုနေစဉ် ကျွန်တော့်နှလုံးသားမှ မျက်ရည်ဖြူနှစ်စက် မျက်စေ့နှစ်ကွင်းမှ ခုန်ထွက်လာတယ်။ ကျွန်တော့် အံနှစ်စုံကြိတ်လျှက် လက်သီးနှစ်လုံး ကျစ်ကျစ်ဆုပ်လျှက် “သွေးကြွေးဆပ်မယ် - ညီလေး” ဟု


…. ဒေါ်စုခင်ဗျား ...

ဒီပြည်တွင်းစစ် အနှစ်ငါးဆယ်အတွင်း နှစ်ဖက်သော စစ်သည်တော်များ ဘယ်လောက် သေကြေကုန်ပြီလဲ။ မိဘ ဆွေမျိုး ချစ်သူတွေရဲ့ မျက်ရည်တွေ၊ ပူဆွေးသောက ရောက်သူတွေ၊ အိုးအိမ်ပစ္စည်းဆုံးရှုံးသူတွေ၊ မုဆိုးမတွေ၊ ဒုက္ခိတတွေ၊ ထောင်သွင်းအကျဉ်းချခံရသူတွေ ဘယ်လောက်ရှိပြီလည်းဆိုတာ မြတ်ဘုရားမှတပါး အခြားမသိနိုင်ပါ။

တစ်ခုသော ၁၉၈၉ ခုနှစ် မတ်လ (၂၇) ရက်နေ့ ၀မ်းခါစစ်မျက်နှာသို့ ကျွန်တော့်တို့ စစ်ကူ ရောက်လာပြီး ဗျူဟာမြောက်ကတုတ်မှာ တာဝန်ကျတယ်။ ခံစစ်ကတုတ်ဖြစ်လို့ လိုအပ်တာများ ပြင်ဆင်တယ်။ ကျဉ်၊ ရေ၊ ရိက္ခာ၊ ဆေး၊ ဆေးမှူးက အစ ပြင်ဆင်တယ်။ ကျဉ်ကွယ်အတွက် ပြင်ဆင်တယ်။ ဒီလို စစ်ပြင်ရတာက (စစ်တိုက်ရင် လူ့အသက်တွေ ရင်းရတယ်ဆိုတော့ ရန်သူ့ဆီက လက်နက်ရအောင် မယူနိုင်ရင် ဆုံးရှုံးမှု ဖြစ်လို့ဘဲ) အားလုံး ပြည့်စုံပြီးစီးတာနဲ့ “ညီလေး - မင်းရဲ့သွေးကြွေး ဒီည ဆပ်မယ်” ဟု … ကျွန်တော် ပြောချင်တာက…




- ပြည်တွင်းစစ် ရှိနေသမျှ၊ ကလှည့်စားချေမှု၊ တုံ့ပြန်မှုတွေ ရှိနေမှာဘဲ?
- ကျူးကျော်မှု၊ နယ်ချဲ့မှု ရှိနေသမျှ ခုခံမှု၊ ကာကွယ်မှုတွေ ရှိနေမှာဘဲ?
ကျွန်တော်နဲ့ ကျွန်တော့်ရဲဘော်များ၊ ၀မ်းခါစခန်းတခုလုံးရှိ ရဲဘော်များ ရန်သူ့ရဲ့ ကျူးကျော်နယ်ချဲ့မှုကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြတယ်။



“ရဲဘော်တို့ - ရန်သူ့ကို ခြံစည်းရိုးနှစ်ထပ် ပေးကျော်ပြီး သုံးထပ်ရောက်မှ စပစ်မယ်။ ငါစပစ်မယ်၊ ဘယ့်နှယ့်လဲ - ရဲလား” လို့ မေးတော့ “စိမ်လိုက်လေ ကြာသလားလို့” ဟု ရဲဘော်အားလုံး ဖြေကြတယ်။ ည ၁၀ နာရီ ၁၁ နာရီ သန်းခေါင်ရောက်သည့်တိုင် ရန်သူများ မလာသေး၊ ၁၂၀ မမ စိန်ပြောင်းကြီးနှစ်လက်နဲ့ ညနေ လေးနာရီကစပြီး ကျွန်တော်တို့ နေရာတ၀ိုက် ဝေ့၀ိုက်ပစ်ခတ်နေကြတယ်။ တခါတရံ ၈၄ မမ နောက်ပွင့်ရိုင်ဖယ်နဲ့ လာပစ်သေးတယ်။ .၅ စက်ကြီး နှစ်လက်နဲ့လည်း ပစ်ခတ်တယ်။ အာရုဏ်တက် ၂ နာရီကျော် ၃ နာရီ ထိုးတော့ မိမိ တပ်ခွဲမှူး ဗိုလ်ကြီးတင့်လွင်ဆီက ညကြည့်မှန်ဘီလူး ယူကြည့်တယ်။ မိမိရှေ့ ပစ်ပိုင်နယ် (၂၅) ဂိုက်အတွင်း ဝှေ့ဝိုက်ကြည့်တယ်။

“ဟော လာပါပြီ၊ လေး၊ ငါး ယောက်၊ နောက်တစ်ယောက်၊ နောက်တစ်ယောက်၊ ရှေ့ဆင့် နောက်ဆင့် လပြည့်ည အလင်းရောင်လို ထင်းထင်းရှင်းရှင်း တွေ့ရတယ်။ မိမိ (BAR) Browning Automatic Rifle ရဲ့ မောင်းခလုတ်ပေါ် လက်ညှိးးတင်ထားတယ်။ မိမိရန်သူကို တစိုက်မှတ်မှတ် ကြည့်နေတယ်။ ဟိုးနောက်မှာလဲ တသီကြီး၊ အစုလိုက် အပြုံလိုက်၊ မိမိ အတွေးအခေါ်ထဲတွင် - “ဒို့ကရင်ပြည်ထဲ ကျူးကျော်တဲ့ကောင်တွေ၊ ဒို့အိမ်တွေလာမီးရှို့၊ ဒို့ကရင့် သမီးပျိုတွေကို လာမုဒိန်းကျင့် …”


တဖက်ကလည်း “ဒို့ရှေ့က ရန်သူတွေဟာ ဒို့ကိုမုန်းလို့ စစ်ထဲဝင်ကြတာ မဟုတ်ဘူး၊ အလုပ်မရှိလို့ စစ်ထဲဝင်ကြတာ၊ တချို့ အဓမ္မ စစ်ထဲဖမ်းထည့်တာ၊ သူတို့ဟာ ဒို့ပြည်ထောင်စုဘွား ညီနောင်တွေ၊ ဒို့နဲ့ ခွန်းကြီးခွန်းငယ် ရန်များခြင်းမရှိ ခိုက်ရန်ဖြစ်ပွားမှု မရှိ၊ မကြာခင် ငါ့အရှေ့မှာ အသက်ပျောက်ကုန်တော့မယ်။ (တဘက်က မုန်းတီးမှု၊ အခြားတဘက်က ပြည်ထောင်စုစိတ်ဓါတ်) ကျွန်တော့်အတွေးအခေါ်နှစ်ခု တိုက်ပွဲ ဖြစ်နေတယ်။”

သူတို့ သံဖြတ်ကပ်ကြေးကြီးနဲ့ သံဆူးကြိုးများ တဆင့်ပြီးတဆင့် ဖြတ်နေတယ်။ ပထမထပ် သံဆူးကြိုး ငါးဆင့်ဖြတ်ပြီး ဒုတိယအဆင့် ထပ်ဖြတ်တယ်။ ရန်သူမှ “ကရင်ငပွေးတွေ အိပ်ကုန်ပြီ” လို့ ထင်နေပုံရတယ်၊ အတင့်ရဲလာတယ်။ တတိယထပ် ခြံစည်းရိုးဖြတ်ဖို့အလုပ် - မိမိမှ “မထူးပါဘူးကွာ - နောင်ခါလာ နောင်ခါဈေး” ဆိုပြီး မိမိလက်ညှိး ကွေးလိုက်တာနဲ့ တပြိုင်နက် သံဆူးကြိုးဖြတ်နေတဲ့ ရန်သူတွေ အရုပ်ကြိုးပြတ် သေကုန်တော့တယ်။

အာရုဏ်တက် ၃ နာရီမှာ တိုက်ပွဲစတယ်။ ဘက်နှစ်ဘက်က ပစ်လိုက်ကြတဲ့ ကျဉ်ထိပ်ဖူးတွေ ထိတွေ့ကြတယ်လို့ ထင်ရတယ်။ လက်နက်မျိုးစုံ ဆူညံနေတယ်။ ကမ္ဘာပျက်သွားပြီလို့ ထင်ရတယ်။ ပစ်ပိုင်နယ် ၂၅ ကိုက် အတွင်း စုပြုံဝင်လာတဲ့ ရန်သူတွေ မြင်မကောင်းအောင် သေကုန်တယ်။ ဒီတိုက်ပွဲမှာ မိမိတို့ လက်နက်မျိုးစုံ ပစ်ခတ်ကြတယ်။ BAR/ RPG 2/5/7 = ၆၀ မမ စိန်ပြောင်း၊ AK စက်လတ်၊ ဘရောင်နီ စက်လတ်၊ လက်ပစ်ဗုံး မျိုးစုံမှ အစ AK/ M. 16 မောင်းပြန်ရိုင်ဖယ် အဆုံး ပစ်ခတ်ကြတယ်။ သူရဲကောင်းပီသတဲ့ ကရင်စစ်သည်တော်များ ၀မ်းခါကို ခုခံကာကွယ်ကြတယ်။ တဘက်ကလည်း အသဲအသန် ထိုးစစ်ဆင်တယ်။ ရေလိုင်း စစ်ဆင်ရေးလို တစ်ဖွဲ့ပြီး တစ်ဖွဲ့၊ တစ်အုပ်ပြီး တစ်အုပ် တက်တယ်။ ၅ နာရီ ထိုးတာနဲ့ ရန်သူကျားထိုးသံများ ဝေးသွားတယ်။


သေနတ်သံများ ကျဲသွားတယ်။ ပစ်ခတ်မှု စဲသွားတယ်။

“ညီလေးရေ - အောင်ပြီကွ၊ မင်းသွေးကြွေး ဆပ်ပြီးပြီကွ” လို့ ကျွန်တော် အော်လိုက်တယ်။
ကျွန်တော်တို့ ကတုတ်ကျင်းနားမှာ ၄၊ ၅ လောင်း သေနေတယ်။ ခြံစည်းရိုး သုံးထပ်ထဲမှာ အူထွက်ပြီး သေနေတဲ့ အလောင်း၊ ကြခပ်ဝါးရုံနဲ့ ညှပ်ပြီး သေနေတဲ့ အလောင်း၊ ခြံစည်းရိုးတွေ ကြားလည်း အလောင်းတွေပုံလို့။

ဒုတပ်ကြပ်စောငယ် သေနတ်ကောက်ဖို့ ဆင်းသွားတယ်။ “ဟေ့ စောငယ် - ကြည့်သွား၊ လက်ဆင့်ကမ်း သေနတ်တွေ သယ်၊ ဗုံးသတိထား” လို့ ညွှန်ကြားလိုက်တယ်။ ကျွန်တော့် ချစ်ရဲဘော် အစ္စလာန် သူရဲကောင်း ဘာဂျာမွတ်က ၄၀ မမ လောင်ချာ နှစ်လက်နဲ့ G-4 နှစ်လက် ကောက်လာတယ်။ ကျွန်တော့်ရဲဘော်များ တဆင့်ပြီး တဆင့် လက်ဆင့်ကမ်း သေနတ်တွေ ကောက်နေတယ်။ ကျွန်တော့်အမိန့်ပေး ကတုတ်ထဲကို သေနတ်တွေ တစ်လက်ပြီး တစ်လက် ကောက်ထည့်နေတယ်။ ဗိုလ်ကြီးတင့်လွင်က သိမ်းလို့ရတဲ့ သေနတ်စာရင်းကို ပြုစုနေတယ်။ နောက်ဆုံး “လက်နက်မျိုးစုံ ၇၉ လက်” လို့ သတင်းပို့တယ်။ PRC စက်သွယ်ရေး စက်နှစ်လုံးနဲ့ Browning Pistol နှစ်လက်လည်း ပါဝင်တယ်။

ကျွန်တော် ကတုတ်ကြီးပေါ်က ထိုင်ပြီး ရန်သူ့အလောင်းတွေကို ကြည့်နေတယ်။ အူထွက်သူထွက်၊ ခေါင်းပြတ်သူ ပြတ်နဲ့၊ အတုံးအရုံးဘဲလား၊ မြင်မကောင်း ရှုမကောင်း၊ စစ်ပွဲနိုင်လို့ လက်နက်အများကြီးရလို့ စစ်သားသဘာဝ ၀မ်းသာတယ်။ ဒါပေမဲ့ လေးလေးနက်နက် တွေးခေါ်တော့ ……

- ဒီပွဲမှာ ညီလေးရဲ့  သွေးကြွေးဆပ်လို့ ကြေပြီလား?
- ငါ့ပြည်ထောင်စုဘွား ညီနောင်တွေကို ငါ သတ်မိပြီလား?
- ဒို့ကရင်ပြည် ပြဿနာ၊ နိုင်ငံရေးပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းတာ တရားလား? မှန်သလား? လို့ အပြန်ပြန် အလှန်လှန်တွေးမိတယ်။

အနှစ်ငါးဆယ် ပြည်တွင်းစစ်အတွင်း ဘက်နှစ်ဘက်က ဒို့ပြည်ထောင်စုဖွား သားကောင်း ရတနာတွေ ဘယ်လောက်များ သေကုန်ကြပြီလဲ၊ ဒုက္ခိတတွေ ဘယ်လောက်များ ဖြစ်ကုန်ကြပြီလဲ၊ မုဆိုးမတွေ ဘယ်လောက်များ ဖြစ်ကုန်ကြပြီလဲ၊ ပြည်ထောင်စုဘွား ညီနောင်များအကြား အမျိုးသားရေးပြဿနာ၊ ဒီမိုကရေစီပြဿနာကို ဒီနည်းနဲ့မှ ဖြေရှင်းသင့်လား။ ဒီနည်းဟာ ပြဿနာဖြေရှင်းနည်းတွေလား … လို့ မိမိကိုယ်ကိုယ် မေးမိတယ်။ “War Destroy not only the Vanquished but also the victor - လို့ Barat Dogre က ဖော်ပြထားတယ်။


ကျွန်တော်တို့ဘက်က ဘယ်လောက်ဘဲ စစ်ဆန့်ကျင်ပါစေ၊ ပြည်တွင်းငြိမ်းချမ်းရေးကို အာသာ ငန်းငန်း လိုချင်နေပါစေ၊ အခြားတဘက်က ကျွန်တော်တို့ ကရင်ပြည်တွင်းကို တပ်ရင်းပေါင်း ၂၀၀ နီးပါးနဲ့ ၀င်ရောက်ကျူးကျော် စစ်ပြုနေတယ်။ တပ်စွဲရာ ရွာတွေမှာ ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်းနေကြတယ်။ လူသတ်တယ်၊ မုဒိန်းကျင့်တယ်၊ ရွာမီးရှို့တယ်၊ အဓမ္မ ရွာပြောင်းခိုင်းတယ်၊ ပေါ်တာဆွဲတယ်၊ ငွေတောင်းတယ်။ ဒီလို လာစော်ကားနေတာကို လက်ပိုက်ကြည့်နေရမှာလား?



ဒီလူမဆန်မှုကို ရရာလက်နက်နဲ့ ပြန်လည်ခုခံ ဆန့်ကျင်တာဟာ အကြမ်းဖက်မှုလား? ဆိုးသွမ်းမှုလား? ပုန်ကန်မှုလား?

လူစကားနားမလည်တဲ့၊ သေနတ်တကားကားနဲ့ လူသတ်သမားကို မေတ္တာတရား၊ ငြိမ်းချမ်းရေး တရား ဟောလို့ကော အကျိုးရှိပါ့မလား?

အကြမ်းမဲ့ တော်လှန်ရေးဟာ နေရာတကာမှာ မှန်သလား? အီရတ်က ဆဒမ်ဟူစိန်တို့၊ ယူဂိုဆလပ်က မလောရှဗစ် တို့ကို အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ၀င်ရောက်ဗုံးကြဲ တိုက်ခိုက်တာတို့ကို ဘယ်လိုသဘောထားသင့်ပါသလဲ?

လူမဆန်တဲ့ စစ်အာဏာရှင်တိုင်းကို ဗုံးကြဲတိုက်ခိုက် ဖြုတ်ချစတမ်းဆိုရင် ကျွန်တော်တို့ဆီ က (နအဖ) တွေကို ၀ိုင်းဝန်းတိုက်ခိုက် မဖြုတ်ချသင့်ပါသလော?

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်စုသဘောထားကို ကျွန်တော်တို့သိရှိပြီး မှန်ကုန်စွာ ပြန်လည် အသုံးချလိုပါတယ် ခင်ဗျား။

ကျွန်တော်ဟာ ပြည်တွင်းစစ်အတွင်း ကြီးထွားရှင်သန် ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော့်သွေးသားထဲက ညီတစ်ယောက်၊ ၀မ်းကွဲတစ်ယောက်၊ တူတစ်ယောက် အဖကရင်ပြည်အတွက် ပေးဆပ်ခဲ့ရတယ်။ တိုက်ပွဲတစ်ခုမှာ ကျွန်တော် အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ အိမ်နီးနားချင်း နိုင်ငံထဲမှာ ကျွန်တော်တို့ သွေးချင်းတွေ ဒုက္ခသည်အဖြစ် သိန်းနဲ့ချီရှိနေတယ်၊ ရရာအလုပ်လုပ်ပြီး ကျွန်ဘ၀ရောက်နေကြတာ သုံးသိန်းကျော် ရှိတယ်။ ပြည်တွင်းစစ်ရဲ့ ဆိုးမွေတွေကို လှလှပပ ခံစားခဲ့ရတော့ စစ်ကို အလွန်ရွံရှာ မုန်းတီးတယ်။ စစ်ကို ဗီဇအရ ဆန့်ကျင်တယ်။ ဒီပြည်တွင်းစစ်ကြီး အမြန်ဆုံး ငြိမ်းအေးပါစေလို့လဲ ရှင်တော်မြတ်ဘုရားထံ ဆုပန်ပါတယ်။


ဒေါ်စုခင်ဗျား ...
ဒုတိယဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတပ်ဦးက ဒေါ်စုနဲ့ ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီကို ကျွန်တော်တို့ ၀ိုင်းရံလျှက်ရှိပါတယ်။ ကျရာ အခန်းကဏ္ဍက တာဝန်ယူဖို့ အသင့်ရှိနေပါတယ်။
ဒုတိယဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ကျွန်တော်တို့ ဒေါ်စုနဲ့ ခိုင်မာစွာ လက်တွဲ တိုက်ပွဲဝင်သွားမယ့်အကြောင်း လေးလေးနက်နက် အဓိဌာန် ပြုလိုက်တယ်။

- လူမျိုးများအတွင်း အမုန်းသံသရာ ကုန်ဆုံးပါစေ -
- လူမျိုးတိုင်း တန်းတူပြီး လွတ်လပ်ကြပါစေ -
- လူမျိုးများအတွင်း ချစ်ကြည်မှု အဓွန့်ရှည်ပါစေ -
- လူမျိုးတိုင်း လူ့အခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ကြပါစေ -
- သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပနိုင်ပါစေ -
- စစ်မှန်တဲ့ ပြည်ထောင်စုကြီး အမြန် ပေါ်ထွန်းပါစေ-
- နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောပါစေ -
- ဒေါ်စု ကျန်းမာပြီး သက်တော်ရှည်ပါစေ -

လေးစားစွာဖြင့်
မန်းရောဘဇန်၊
(KSO)

0 comments:

Post a Comment