Fans of Mahn Robert Ba Zan

ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာအိတ်ဖွင့်ပေးစာ - အပိုင်း (၁)




စာဖတ်ပရိသတ်များခင်ဗျား
ကျွန်တော်တို့“စည်းလုံးခြင်းရဲ့အင်အား” မှ ပင်တိုင်ဆောင်းပါးရှင် ဖထီး မန်းရော ဘဇန်ရဲ့ ဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့ ခဲ့သော စာတစ်စောင်ကို ဒီကနေ့ နှစ်သစ်မှာ ဖေါ်ထုတ် တင်ပြပေးလိုက် ပါတယ်။ ဒီစာဟာ တိုင်းရင်းသား ခေါင်း ဆောင်များရဲ့သဘောထားကို ထင်ဟပ် ပြသစေ သလို တိုင်းရင်းသား ပေါင်းစုံ ညီညွတ်ရေး အတွက်လည်း အင်အား တစ်ခု ဖြစ်စေပါတယ်။ ဒါ့အပြင် စာဖတ်ပရိသတ်များနဲ့ နောင်လာ နောက်သား များအား ဗဟုသုတ ရရှိစေတဲ့အတွက် အခုလို ပေးပို့ လာသော ဖထီးအား အထူး ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား…
အိတ်ဖွင့်ပေးစာပို့ခွင့်ရလို့ ၀မ်းမြောက်ဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုံးက မဲအပြတ်အသတ်နဲ့ အနိုင်ရလိုက်တဲ့ ဒေါ်စုအမှူးပြုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဥပဒေကြောင်းအရ နိုင်ငံတော်အာဏာ လုံးဝဥဿုံ ပိုင်ဆိုင်နေပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရ ဖြစ်နေပြီး ဖြစ်ပါတယ်။ ပြည်သူလူထုက နိုင်ငံတော်အာဏာ အပ်နှင်း လိုက်ပြီးလည်း ဖြစ်ပါတယ်။ သို့သော် (၆) နှစ်လုံးလုံး အကျဉ်းခံဘ၀နှင့် မတရားဖမ်းဆီး ထိန်းသိမ်းခံရတာ ၀မ်းနည်းစွာ တွေ့ရှိရပါတယ်။ ပြည်သူအား နိုင်ငံတကာအားနဲ့ အမှန်တရားကို ဘယ်စက်ယန္တရားမှ ဟန့်တားလို့မရနိုင်တဲ့ နိယာမတရား တော်အရ ဒေါ်စု အကျဉ်းခံဘ၀က လွတ်မြောက်လာပြီး မူလ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ကို ထိုက်ထိုက်တန်တန် ပြန်လည် ရရှိလိုက်ပါပြီ။ တဖန် ဒီပဲယင်း အရေးအခင်းကြောင့် ပြန်လည် အကျဉ်းကျ သွားပြီး ဒေါ်စု လွတ်မြောက်ရက် စေ့ခါနီးမှ ဂျွန်ယက်တောရဲ့ ကိစ္စကြောင့် နအဖက ၀မ်းသာအားရ အကျဉ်း ထပ်မံချလိုက်တဲ့ အတွက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်မိရပါတယ်။
ဒီလိုအခြေမှာအနာဂတ်ဖွားမြင်လာမည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသား ညီအစ်ကိုတော် လူမျိုးစုံ ပြည်သူများရဲ့ ဆန္ဒနှင့်အညီ လမ်းစဉ် လုပ်ငန်းစဉ်များ ရေးဆွဲ ချမှတ်နိုင်ဖို့ အကြံပြု ဆွေးနွေးတင်ပြရင်း ဒီအိတ်ဖွင့်ပေးစာကို ပေးပို့ရခြင်း ဖြစ်ပါတယ်။


ဒေါ်စုဟာ ဗမာ့တပ်မတော် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နစ်သည်းချာ ရင်သွေးဖြစ်သည့်အားလျှော်စွာ ဗိုလ်ချုပ်ရဲ့ အတွေးအခေါ် အယူအဆ နိုင်ငံတော် အပေါ်ထားရှိတဲ့ ဗိုလ်ချုပ်ရဲ့ မေတ္တာနဲ့ သစ္စာ၊ တိုင်းရင်းသား ညီအစ်ကို တော် လူမျိုးတွေအပေါ် ထားရှိတဲ့ မေတ္တာနဲ့ သစ္စာအတိုင်း ဒေါ်စုနှလုံးသားထဲမှာ အပြည့်အ၀ တင်းပြည့် ကျပ်ပြည့် ကိန်းအောင်း ရှင်သန်နေမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ရဲ့ မျိုးဆက်သစ်ဖြစ်လို့ပါပဲ။

ဒီအိတ်ဖွင့်ပေးစာကို မဆက်မီ ဒေါ်စုလို့ ရေးသားခေါ်ဆိုရခြင်းကို ဦးစွာဖော်ပြလိုပါတယ်။ ၈၈ အရေးတော်ပုံကြီးအပြီး တော်လှန်ရေးနယ်မြေကို ရောက်ရှိလာကြတဲ့ လူမျိုးစုံ ကျောင်းသားလူငယ် အမျိုးသားတွေရဲ့နှုတ်ဖျားမှာ ဒေါ်စုဆိုတဲ့ ခေါ်သံ ဟာ မိုးယံထက် လွှမ်းခြုံလို့နေပါတယ်။ မိခင်လိုတစ်မျိုး နိုင်ငံရေးခေါင်းဆောင်လို တသွယ် လူထု ခေါင်းဆောင်လို တစ်ဖုံ ယုံကြည်လေးစား ချစ်ခင်ကြတာကို တွေ့မြင်ရပါတယ်။ တော်လှန်တဲ့ ဘူမိနက်သံမြေရောက် တိုင်းရင်းသား ညီအစ်ကိုတော် လူငယ်များကပါ ချစ်ခင် လေးစားကြကြောင်း တွေ့ရှိရပါတယ်။ တော်လှန်တဲ့ နယ်မြေရောက် လူမျိုးစုံ ကျောင်းသားလူငယ် များဟာ ကျနော်တို့နဲ့ စစ်မြေအသီးသီးမှာ ဓါးဓါးချင်း၊ လှံလှံချင်း ရဲရဲတောက် တိုက်ပွဲဝင်ရင်း ညီရင်းအစ်ကိုလို ဘ၀ တစ်ခုတည်း ဖြစ်နေကြတာမို့ (စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ခံ) ဘ၀တစ်ခုတည်းလို ဖြစ်နေကြတာမို့ ဒီရဲဘော်တွေ ခေါ်သလို လေးစားမှုဖြင့် ခေါ်ရကြောင်း တင်ပြအပ်ပါတယ်။

ဒေါ်စုခင်ဗျား အိတ်ဖွင့်ပေးစာများကို အမှတ်စဉ်အလိုက် တင်ပြသွားမှာ ဖြစ်ပါတယ်။ အမှတ်စဉ် (၁) မှာ အနာဂတ် တည် ဆောက်လာမည့် စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ပြဿနာကို တင်ပြပါမယ်။ ပထမပိုင်းကတော့ နိုင်ငံတကာ ဥပဒေကြောင်းအရနဲ့ ကမ္ဘာ့ပြည်သူ မြန်မာပြည်သူတွေရဲ့ ဆန္ဒအရ န၀တဟာ စစ်တပ်အစိုးရ တပ်မတော်အစိုးရစနစ်ကို လုံးဝရပ်စဲပြီး ဖြစ်နေရပါမယ်။ န၀တဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ လုံးဝ အာဏာ အပ်နှင်းရမှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် နိုင်ငံတော်အာဏာ လုံးဝရောက်ရှိပြီး-

(က) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ


(ခ) တိုင်းရင်းသားညီအစ်ကိုတော် လူမျိုးစုံများ၏ ကိုယ်စားလှယ်များ


(ဂ) မျိုးချစ် ဗမာ့တပ်မတော် ကြည်း/ရေ/လေ တပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်မှန်တဲ့ညီလာခံတစ်ရပ် ခေါ်ဆို ကျင်းပကာ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုက်ညီမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ကို ရေးဆွဲ ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မတော် ကိုယ်စားလှယ်တွေပါဝင်ဖို့ ဖိတ်ခေါ်ထားတာရှိပါတယ်။ တပ်မတော်ဟာ လူတန်းစားအသစ်တရပ် မဟုတ်ပါဘူး။ အခွင့်ထူး သီးခြားခံစားထိုက်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ မိဘပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ရင်သွေးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေပါ၊ သို့သော် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ထူးခြားမှုအပေါ်မှာ တပ်မတော်ဟာ နိုင်ငံတော် တာဝန်ကို ပြည်သူများနှင့် တစိတ်တပိုင်း ပါဝင်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အမျိုးသား သွေးစည်းညီညွတ်မှု တည်ဆောက်ရေး နောက်တစ်ပိုင်းကတော့ တိုင်းရင်းသား ညီအစ်ကိုတော်လူမျိုးများ အရေး ဖြစ်ပါတယ်။


ဒေါ်စုခင်ဗျား -

အနာဂတ် ဖွားမြင်လာကြမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ မျိုးဆက်သစ်ကလေးတွေကို ပြည်တွင်းစစ်အမွေဆိုးများ လုံးဝမပေးလိုတဲ့ စေတနာက တကြောင်း၊ လူမျိုးစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်တာက တကြောင်း ကိုယ်ချင်းစာတရား၊ စေတနာတရားတွေ ရှေ့ထားပြီး အဖြေရှာ ဖြေရှင်းကြဖို့ တင်ပြရခြင်း ဖြစ်ပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ လူမျိုးများရဲ့ မွေးရာပါ အခွင့်အရေးများ ဖြစ်ပါတယ်လို့ ကျနော်ခံယူတယ်။ ထို့အတူ ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးမဆို ခံယူကြပါလိမ့်မယ်။ လူ့ဖြစ်စဉ် သမိုင်းကြောင်းအရ လူတွေအသက်ရှင်နေနိုင်ဖို့ မြေလိုပါတယ်။ လူတစ်ဦး၊ တစ်အိမ်ထောင် အသက်ရှင်ရပ်တည်နိုင်ဖို့ ကုန်လုပ်ကိရိယာ မြေလိုပါတယ်။ လူအစုအဝေး တစ်စု အတွက် နယ်မြေနဲ့ လူမျိုးတစ်မျိုးအတွက် ပြည်လိုပါတယ်။ ဒီအခြေခံပေါ်မှာ မြန်မာ့လူဖြစ်စဉ်သမိုင်းကို ပြန်ပြောင်းကြည့်ရရင် ထီးကျိုးစည်ပေါက် လူ့ကျွန်သဘောက် ကျရောက် ခဲ့စဉ်က ကျနော်တို့ တိုင်းပြည်ဟာ အနိုင်နိုင်ငံရဲ့ ပြည်နယ်တစ်ခုမျှသာ ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာ့မျိုးချစ်ခေါင်းဆောင်ကြီးတွေ (ဒေါ်စုအဖေအပါအ၀င်) က မြန်မာလူမျိုးများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆို တိုက်ပွဲဝင်ခဲ့ပါတယ်။ အသက်ပေါင်း များစွာ ရင်းနှီးပေးဆပ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အရယူခဲ့ကြပါတယ်။ သူ့ကျွန်ဘ၀က လွတ်လပ်တဲ့လူမျိုး ဖြစ်လာခဲ့ပါတယ်။ ဒီလွတ်လပ်ရေး အောင်သီးအောင်နှံကို ရာသက်ပန် တည်တံ့ခိုင်မြဲနိုင်ဖို့ ကျနော်တို့ ထိန်းသိမ်း ကာကွယ်ကြရပါမယ်။

မြန်မာ့ခေါင်းဆောင်ကြီးများရဲ့ ဒီအောင်သီးအောင်နှံကို ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတော် ခေါင်းဆောင်ကြီးများ တွေ့မြင်လာကြပြီး လူမျိုးများရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ငြိမ်းချမ်းသောနည်းဖြင့် တောင်းဆိုလာကြတယ်။ ဒီတောင်းဆိုလာမှုကို ဒေါ်စုဖေဖေ ဗိုလ်ချုပ်က ကျုပ်ကတော့ မေတ္တာနဲ့သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်လို့ ဗိုလ်ချုပ်လက်ထက် နိုင်ငံတော် အာဏာရရှိလာစဉ် ပင်လုံညီလာခံကို ခေါ်ယူ ကျင်းပပြီး တိုင်းရင်းသား ညီအစ်ကိုတွေကို စုစည်းလိုက်တယ်။ ဒီပင်လုံညီလာခံမှာပဲ ဗိုလ်ချုပ်ဟာ တိုင်းရင်းသား ညီအစ်ကိုတော်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ် ပြုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်တာဝန်ယူရေးဆွဲတဲ့ ပင်လုံစာချုပ် အချက်အလက်တချို့ကို မဟာလူမျိုးကြီးဝါဒ အယူအဆမကင်းတဲ့ အဖွဲ့ဝင်တချို့က ကန့်ကွက်လာလိမ့်မယ်ထင်ပါတယ်။ ဒီအပေါ်မှာ ဒေါ်စုဖေဖေမှာ ဆယ်နှစ်ကြာအောင် ပေါင်းပြီးမှ သူတို့တတွေ ဆက်ပေါင်းချင်အောင် မလုပ်တတ်ရင် ကျုပ်တို့ ဗမာတွေ ညံ့လို့ပေါ့လို့ မိန့်ကြားခဲ့တယ်။ ဒီစာချုပ်ပါ ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှ ခွဲထွက်ခွင့်ပေးရမယ်၊ မခွဲထွက်ချင်အောင် လုပ်ရမှာက ကျုပ်တို့တာဝန်ဟု မိန့်ကြားခဲ့ပြန်တယ်။

ရှမ်းညီအစ်ကိုတွေကို အထက်ပါအတိုင်း မိန့်ကြားခဲ့သလို ကရင်နီညီအစ်ကို ခေါင်းဆောင်များကိုလည်း ဗိုလ်ချုပ်မှ ခင်ဗျားတို့တည်ရှိနေတဲ့ အခွင့်အရေး ကရင်နီ အုပ်ချုပ်ရေး အတိုင်း လွတ်လပ်စွာ အုပ်ချုပ်ပါ၊ ကျုပ်တို့ ဘာမှဝင်ရောက် စွက်ဖက်ခြင်း မရှိဘူး၊ ကျုပ်တို့ကလည်း အင်္ဂလိပ်ကျွန် မဖြစ်ချင်သလို ခင်ဗျားတို့ကလည်း အင်္ဂလိပ်ကျွန် မဖြစ်ချင်ဘူး၊ အတူတူပဲ၊ တစ်ယောက်နဲ့တစ်ယောက် တန်းတူဖြစ်ရမယ်တဲ့။

ကရင်နီအမျိုးသားများအတွက် ကရင်ကျောင်းများ၊ ရှမ်းအတွက် ရှမ်းကျောင်းများ၊ ကရင်များအတွက် ကရင်နေ့များ၊ ရှမ်းများအတွက် ရှမ်းနေ့များ၊ ကရင်များအတွက် ကရင် ဘာသာကို အစိုးရရုံးသုံး ဘာသာစကားအဖြစ် အသိအမှတ်ပြုပြီး ကရင်အမျိုးသား အ၀တ်၊ ကရင်စရိုက် ဓလေ့ထုံးစံကို အသိအမှတ်ပြုခြင်း၊ ကရင်စာပေယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်းလို့ မိန့်ကြားထားပါတယ်။ ဗိုလ်ချုပ်ရဲ့မေတ္တာနဲ့သစ္စာ စေတနာအတိုင်း တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုလျှင် မလိုလားအပ်သော ဆိုးဝါးတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်လာစရာ အကြောင်းမရှိပါဘူး။


ဒေါ်စုခင်ဗျား -

ကျွန်တော်တို့ ကရင်အမျိုးသား လွတ်မြောက်ရေး လက်နက်ကိုင် ခုခံတော်လှန်ရေးဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကရင်အမျိုးသား မွေးရာပါ အခွင့်အရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့် ဆုံးရှုံးရ၍ ဖြစ်ပါတယ်။ နယ်ချဲ့သွေးထိုးလို့ မြှောက်ပင့်လို့ ခွဲထွက်ချင်လို့ ဆိုတာတွေဟာ လုံးဝ မဟုတ်ပါဘူး။ ဘ၀အသိနဲ့ ဖိနှိပ်ခံရမှုများမှ ပေါင်းစပ်ထွက်ပေါ်လာတဲ့ ခုခံတွန်းလှန်မှုပါ။ ကျနော်တို့ထက် တစ်နှစ်စောပြီး လက်နက်ကိုင် တော်လှန်စစ်ဆင်နွဲတဲ့ ဗကပကို ဘယ်က၊ ဘယ်နယ်ချဲ့က မြှောက်ပေးလို့လဲလို့ မေးစရာ ဖြစ်လာပါတယ်။ လူမျိုးများရဲ့မွေးရာပါ အခွင့်အရေးကို တရားနည်းလမ်းကျစွာ တောင်းဆိုမှုကို တန်ဖိုးမဲ့အောင် ပြောဆိုဝါဒဖြန့်ခြင်းမျှသာ ဖြစ်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲနဲ့ လွတ်လပ်ရေးအပေါ် ဗိုလ်ချုပ်ရဲ့သဘောထားကို တင်ပြလိုပါတယ်။ ဗိုလ်ချုပ်က လွတ်လပ်ရေးကို လက်နက်ကိုင်တော်လှန်မှသာ ရမယ်၊ ကျွန်ုပ်တို့ သူပုန်ထရမယ်၊ သူပုန်ထမှ လွတ်လပ်ရေး ရမယ်လို့ လမ်းညွှန်ခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေးအတွက် ဒီလမ်းကလွဲလို့ တခြားရွေးစရာမရှိတဲ့ အတွက် သူပုန်ထလိုက်ကြတာပါ။ အမှောင့်ပယောဂကြောင့် မဟုတ်ပါဘူး။ မဟာလူမျိုးကြီးဝါဒ အမျိုးသားသစ္စာဖောက်တွေရဲ့ လက်ချက်နဲ့ ဗိုလ်ချုပ် ကျဆုံးပြီးတဲ့နောက် တက်လာတဲ့ ဖဆပလ၊ ပထစ၊ မဆလနဲ့ ဒီနေ့ န၀တတွေဟာ လူမျိုးစုတွေရဲ့ မွေးရာပါ အခွင့်အရေးများကို အသိအမှတ် မပြုရုံမက လူမျိုးစုတွေကို မျိုးပြုတ်အောင် လုပ်နေပါတယ်။ ဗိုလ်ချုပ်ရဲ့ မေတ္တာ၊ သစ္စာ၊ စေတနာ တွေကို သွေးစွန်းနေတဲ့ခြေနဲ့ နင်းဖျက်လိုက်ကြ ပါပြီ။ ဖျက်ပုံဖျက်နည်း ဥပမာတချို့ကို ဖော်ပြလိုပါတယ်။ ဥပမာ- ဗြိတိသျှ ကျွန်သဘောက်ဘ၀ ရောက်စဉ်တုန်းကပင် ကျနော်တို့ ကရင်အမျိုးသားစာပေကို တက္ကသိုလ်အဆင့်ထိ သင်ကြားခွင့်ရှိခဲ့ပါတယ်။ ခု ဒီအခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ ရာစုနှစ် တ၀က်ရှိလုကာနီးပြီး မြစ်ဝကျွန်းပေါ်က ကျနော်တို့ ကရင်လူငယ် ၉၅ ရာခိုင်နှုန်းဟာလည်း ကရင်စာ မတတ်တော့ပါ။ စာပေနဲ့ စကားပျောက်ရင် လူမျိုးတွေလည်း မကြာမီ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ ကရင်ပြည်တွင်းသို့ န၀တ နယ်ချဲ့များ နဂါးမင်းစစ်ဆင်ရေးနှင့် ၀င်ရောက် ကျူးကျော်စစ်ပြုလာစဉ် ဗိုလ်ချုပ်အဆင့်ရှိသူ တစ်ဦးမှ “မင်းတို့ကရင်တွေ ကောင်းကောင်း သတိထား၊ မကြာခင် မင်းတို့ကရင်ကို ပြတိုက်မှာ သွားကြည့်ရမယ်” လို့ ကြိမ်းဝါးခဲ့ပါတယ်။ ဒီအတိုင်း ကြိမ်းဝါးခဲ့သလို စာပေများကိုလည်း ဖျောက်ဖျက်လိုက်ကြပါပြီ။ ပြည်တွင်းစစ်ကို ဖန်တီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြပါပြီ၊ အဓမ္မရွာပြောင်း၊ ပေါ်တာဆွဲ၊ ရွာမီးရှို့၊ မုဒိန်းကျင့်၊ လုယက်သတ်ဖြတ်ခြင်း ခံနေရပါတယ်။ ကျနော်တို့လို အခြား ညီအစ်ကို လူမျိုးတွေလည်း ထပ်တူခံစားနေရပါတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ တိုင်းရင်းသား ညီအစ်ကိုအားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှ နယ်ခြားဒေသ လူမျိုးများမပါသည့် ဗမာအင်အားသည် ချို့နည်းမည့်နည်းတူ ဗမာကင်းမဲ့သည့် နယ်ခြားဒေသလူမျိုးများ၏ အင်အားသည်လည်း ပြောပလောက်မည် မဟုတ်လို့ ဆိုထားပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်တပ် အင်အားနဲ့ တည်ဆောက်ရင် ယာယီပဲ ရနိုင်ပါလိမ့်မယ်။ ထာဝရ မတည်မြဲနိုင်ပါဘူး။ မြန်မာ့လူ့ဖြစ်စဉ်သမိုင်းကို လေ့လာရင် အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား လက်ထက်တို့မှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ စစ်အင်ပါယာကြီး ထူထောင် ကြပါတယ်။ တိုင်းရင်းသားလူမျိုးတွေကို အကြောက်တရားများနဲ့ စုစည်းခဲ့ကြပါတယ်။ မေတ္တာ၊ သစ္စာ၊ စေတနာ မပါတဲ့ စုစည်းမှုဟာ ယာယီပါပဲ။

ဒေါ်စုခင်ဗျား -

တိုင်းရင်းသား လူမျိုးများအရေးနှင့်ပတ်သက်၍ ဒေါ်စုဖေဖေရဲ့ မေတ္တာ၊ သစ္စာ၊ စေတနာများ အတိုင်း တိုင်းရင်းသားညီအစ်ကို လူများရဲ့ မွေးရာပါ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ပေးခြင်းဖြင့် သက်ဆိုးရှည်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ပါစေလို့ ဆုတောင်း ပါတယ်။

ကျနော်တို့ဘက်ကလည်း မလိုလားအပ်တဲ့ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ အညစ်အကြေးတွေကို တိုက်ချွတ်ဆေးကြော ကြမည် ဖြစ်ပါသည်။ မေတ္တာ၊ သစ္စာ၊ စေတနာနဲ့ ကိုယ်ချင်းစာတရား အခြေခံပေါ်မှာ ဒီပြည်တွင်းစစ်ကြီးကို ၀ိုင်းဝန်း ငြိမ်းသတ်ကြမည်ဟု ကတိပြုပါသည်။ အမျိုးသား စည်းလုံးညီညွတ်ရေးကို ၀ိုင်းဝန်း တည်ဆောက်ကြမယ်လို့ ထပ်မံ ကတိပြုပါတယ်။

- ဒေါ်စုနဲ့တကွ လူထုကိုယ်စားလှယ်များ ကျန်းမာပါစေ။

- ကျဆုံးလေပြီးသော လူထုကိုယ်စားလှယ်များ၊ ကျောင်းသားခေါင်းဆောင် ရဲဘော်များ၊ လူမျိုးစုံ ခေါင်းဆောင်ရဲဘော်များ၊ ရဟန်းသံဃာတော်များ ကောင်းရာ သုဂတိဘုံသို့ ကြွမြန်းနိုင်ကြပါစေ။




- ပြည်တွင်းစစ် ငြိမ်းချမ်းရေး မုချ ရ ရမည်။


- ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရ ရမည်။


- ပါတီစုံဒီမိုကရေစီ မုချ ပေါ်ထွန်းရမည်။


လေးစားစွာဖြင့် -
ဖူးကီးဒို
(ကရင်ပြည်တနေရာ)



မှတ်ချက်။ ။ ဖူးကီးဒိုသည် ဖထီး မန်းရောဘဇန်၏ ကလောင်အမည်တစ်မျိုး ဖြစ်ပါသည်။

0 comments:

Post a Comment