Fans of Mahn Robert Ba Zan

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁)


စာဖတ်ပရိတ်သတ်များခင်ဗျား
ဒီအပတ်မှာတော့ ပင်တိုင်ဆောင်း ပါးရှင် ဖထီး မန်းရောဘဇန် ဟာ
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ယွားဟေလူ စခန်းထိုင် အတွေ့အကြုံများအား ဆောင်းပါးအဖြစ် ရေးသား ပေးပို့လာရာ စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။









 ဒီဆောင်းပါးမှာ (Operation Promise Land) သစ္စာမြေ စစ်ဆင်ရေးကို စတင် အကောင်အထည်ဖော် ဆောင်ရွက် လာပုံ၊ အဆင့် (၃) ဆင့်ဖြစ်တဲ့ အခြေခံစခန်း ခိုင်မာရေး၊ လူထုစည်းရုံးရေးနဲ့ ပင်လယ်ပြင်စိုးမိုးရေး တို့ကို အဆင့်ဆင့် ဆောင်ရွက်နိုင်ခဲ့ပုံ၊ တပ်တွင်း စည်းလုံး ညီညွှတ်မှု မူ (၅) ချက်အား ဆောင်ရွက်နိုင်ခဲ့ပုံ၊ လူမျိုးမတူ ဘာသာမတူသောတိုင်းရင်းသားများ ဖြစ်ကြတဲ့ ကိုထိန်လင်း ဦးစီးသော (ABSDF) ကျောင်းသား တပ်မတော် (၂၀၃) တပ်ရင်းမှူး၊ ကျောင်းသားများနှင့်လည်းကောင်း၊ ဗိုလ်ခိုင်ရာဇာ ဦးစီးတဲ့ ရခိုင်အမျိုးသား တပ်မတော် နှင့် လည်းကောင်း၊ ဗိုလ်အဒူလာ ဦးစီးတဲ့ ကော်သူးလေ မွတ်စလင်လွတ်မြောက်ရေး တပ်ဖွဲ့နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီနှင့်လည်းကောင်း အသီးသီးအား စည်းရုံးရေး ဆောင်ရွက်နိုင်ခဲ့ပြီး စည်းလုံးခြင်းရဲ့ အင်အား တစ်ရပ်အား တည်ဆောက်နိုင်ခဲ့ပုံတို့ကို ရေးသားထားရာ များစွာ ဗဟုသုတ ရရှိစေပါတယ်။ ယခုလို ရေးသား ပေးပို့တဲ့အတွက် ဆောင်းပါးရှင် ဖထီး မန်းရောဘဇန် အား ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

(The enemy of my enemy is my friend)
 (Saw Ba Oo Gyi)

(Operation Promise Land) (သစ္စာမြေ) စစ်ဆင်ရေးကို ကျနော်နှင့် ဗိုလ်မှူးကြီး စိုးစိုးတို့ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ၌ တပ်မဟာ (၆)၊ ဝေါ်လေအောက်စခန်းမှာ စတင် အကောင်အထည် ဖေါ်လာရာ၊ တချို့တဝက်ပြီးမြောက်ခဲ့ပြီး ဖြစ်သည်။ ထိုစစ်ဆင်ရေးကို အကောင်အထည်ဖေါ်ရာ၌ ချောမွေ့ပြေပြစ်စေရန်အတွက် နယ်မြေအခြေအနေ၊ ရန်သူ့ သတင်း၊ အင်အား၊ စခန်းထိုင်နှင့် စစ်ကြောင်းလှုပ်ရှားမှုများ စသည့် အခြေအနေများကို လေ့လာရန် လိုအပ်နေသေးသဖြင့် တပ်မှူး ဗိုလ်မှူး စိုးစိုး၏ တာဝန်ပေးချက်အရ မိမိနှင့် ချစ်ရဲဘော် ဘာဂျာမွတ် (ကျဆုံး) နှစ်ဦးတို့သည် မြိတ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ (မိုးတောင်) စခန်းရှိ ခရိုင်ဥက္ကဌ ဗိုလ်မှူးကြီး စောမာဗယ်လ် (ကွယ်လွန်) ကို သွားရောက် သတင်းပို့သည်။

(ရန်သူကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ မတိုက်နဲ့၊ ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်း သိအောင်အရင်လုပ်၊ ဒါမှ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရမယ်) ဆိုသည့် နည်းဗျူဟာအတိုင်း တစ်ရက်ခန့် ၄င်းထံမှ အထွေထွေရန်သူ့သတင်း၊ နယ်မြေအခြေ အနေများ မှတ်ယူပြီး နောက်တစ်နေ့ ခရီးထွက်ရန် ပြင်ဆင်သည်။

ဗမာ့တပ်မတော်မှ ရဲဘော်များနှင့်အတူ ဖထီးရဲ့ အမှတ်တရ ဓါတ်ပုံ
 

“ခင်ဗျားကို နယ်မြေကျွမ်းကျင်တဲ့ ဗိုလ်ဒါးကြီး (ထိုစဉ်က KNDO တပ်ရင်း (၇) တပ်ခွဲမှူး) ကို ထည့်ပေးလိုက်မယ်၊ ပစ္စတို တစ်ယောက်တစ်လက်နဲ့ M - ၇၂ တစ်လုံး စီ ပေးလိုက်မယ်”။

ခရီးထွက်ခါနီး ကျနော့်ကို ၄င်းပတ်ထားသော (Mido) နာရီဖြုတ်ပေးသည်၊ ထိုစဉ်က ကျနော့်မှာ နာရီမရှိပါ။ တန်ဘိုး ကြီးသော ထိုနာရီမျိုး ဝယ်အားမရှိပါ။ အောက်ခြေ ရဲဘော်များအပေါ် မေတ္တာ၊ စေတနာရှိသော ခေါင်းဆောင် တပ်မှူးကြီး အား လေးစားမိသည်။ ကျနော်တို့ ခရီးထွက်သောအခါ ဗိုလ်ဒါးကြီးနှင့် ရဲဘော် (၃) ယောက်၊ မိမိနှင့် ရဲဘော် ဘာဂျာမွတ် ပေါင်း (၆) ယောက် ဖြစ်သည်။

(နောင်းဘွာ) တောကြီးကို ဖြတ်သည်။ ညနေစောင်းတော့ (KNDO) စခန်းရောက်ပြီး ညအိပ်သည်။ နံနက်စောစောထ ထမင်းထုပ်ပြီး ခရီးထွက်၊ တစ်နေ့လုံးလမ်းလျှောက်၊၊ ရှမ်းရွာကြီးများကိုဖြတ်၊ တောင်တက်၊ နောက်တောင်ခြေတွင် အိပ်သည်။ နံနက် အစားအသောက် ပြင်ဆင်နေစဉ် တဲဘေး၌ ကျွဲ (၁၅) ကောင်နှင့် လယ်ထွန်နေသော အင်္ကျီ ဗလာနှင့်လူကို တွေ့သည်၊ မိုးတွေရွာနေသည်၊ မချမ်းဘူးလားမသိ။

“ဒီလူ မချမ်းဘူးလားဗျ၊ ဒီလောက်မိုးရွာနေတာ၊ အင်္ကျီလည်း မပါဘူး” ဟု မေးရာ၊
ဗိုလ်ဒါးကြီး မှ “ဘယ်ချမ်းမလဲဗျ၊ ဆေးစား ထားတာ”
“ဘာဆေးလဲဗျ”
“ဘိန်းစာရွက်” တဲ့။

ကျနော်တို့ ခေတ္တတည်းနေသော တဲနားတွင် ဘိန်းစာရွက် အပင်ရှိသည်၊ ခူးပြီးနန်းကြည့်တော့ စိမ်းရွှေရွှေ အနံ့ရသည်။ (ဘိန်းစာရွက်သည် အအေးခံနိုင်သည်၊ အမောခံနိုင်သည်) သို့သော် မူးယစ်ဆေး တစ်မျိုးဖြစ်သည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က တားမြစ်ထားသည်။ ခရီးထွက်လာရာ မဆုံးနိုင်သော (ပဝ) ရွာသို့ ရောက်သည်။ ထိုရွာတွင် ရဲဘော်များအား ထားခဲ့ပြီး နောက်နေ့၌ ဗိုလ်ဒါးကြီးနှင့် မိမိတို့နှစ်ဦးသာ (ဂျိုးတောင်) သို့ ခရီးဆက်ကြသည်။ (ဂျိုးတောင်) သို့သွားရာ လမ်းတလျှောက် မြစ်၊ ချောင်းများကို လှော်လှေများ၊ စက်လှေများဖြင့် သွားကြသည်။ ဒီရေတက်ရာအရပ် ဖြစ်သဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တပုံစံထဲ ဖြစ်သည်။ ကျနော်တို့ (၁၉၆၄) ခုနှစ် လက်နက်ကိုင် တော်လှန်ရေးဘောင်သို့ စတင်ခြေချသော (လပွတ္တာ) မြို့နယ်နှင့် အတော့ကိုတူသည်။ လမုလမက်၊ ကနစိုပင်များ၊ သင်ပေါင်းပင်များနှင့် အပြည့်။

ညနေစောင်းတော့ ကျနော်တို့နေရမည့်နေရာသို့ လူတစ်ဦး လိုက်ပို့သည်။ စောင်မပါ၊ ယူလာသော ပုခက်နှင့် အိပ်သည်။ ကိုက်လိုက်သည့်ခြင်။ ရေတက် ရေကျသောနေရာ ဖြစ်သဖြင့် မိုးလင်းတော့ တဲအောက်ခြေတစ်ခုလုံး ရေလွှမ်းနေသည်။ လူတစ်ယောက် ပေါင်လယ်လောက်ရှိနေသည့် ရေပေါ်တွင် (ဓနိ) ရည်အိုးများကို တဲသို့ ယူလာသည်။ ဗိုလ်ဒါးကြီးမှ မိတ်ဆက်ပေးသည် သူ့အမည် (ပယ်လယ်ဖိုး) တဲ့။ ထိုသူသည် ပင်လင်ပြင် အတော်ကျွမ်းသူ၊ ရဲရင့်သူတစ်ဦးဖြစ်သည်။ (ဓနိ) ရည်နှင့် ဧည့်ခံသည်။ အလွန်ချိုပြီး မူးယစ်လာသည်။ စကားပြောကောင်းသည်၊ သူ့ထံမှ မြိတ်ပင်လယ်ပြင် သတင်း စုံစုံလင်လင်ရသည်။

ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်


0 comments:

Post a Comment