Fans of Mahn Robert Ba Zan

ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၃)


စာဖတ် ပရိတ်သတ်များ ခင်ဗျား 


ဒီအပတ်မှာတော့ ဖထီးတို့ဟာ ဖလူး ခံစစ်စခန်းကြီးသို့ စတင် ရောက်ရှိ နေရာယူခဲ့ပုံ၊ ရန်သူမှ လက်နက်ကြီး အင်အားသုံး၍ ပြင်းထန်စွာ တိုက်ခိုက်ခံရပုံ၊ ဖထီးနှင့် ရဲဘော်များက စနစ်တကျ ခုခံတိုက်ခိုက်ခဲ့ပုံ၊ အထူး သဖြင့် ဖထီးရဲ့ မိတ်ဆွေများဖြစ်ကြတဲ့ ဂျပန်လူမျိုး Mr.Nishikawa နှင့် Mr.Lwai တို့က ဖထီးတို့နဲ့အတူ ရဲဝံ့ပြောင်မြောက်စွာ တိုက်ခိုက်ခဲ့ပုံတွေကို သိရတော့ ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ ဂျပန်ပြည်သူများ သိစေဖို့ ဖထီးတို့ရဲ့ ဆန္ဒအတိုင်း ယခုလို ကျွန်တော့် ၀က်ဘ်ဆိုက်ဒ်မှာ တစိတ်တဒေသ ဖော်ပြခွင့် ရတဲ့အတွက် စိတ်ကျေနပ်မှု ရရှိခဲ့ပါတော့တယ် ….



ကျွန်တော်နှင့် ဖလူးတိုက်ပွဲ (အပိုင်း ၃)



ကျွန်တော်နှင့် ဖလူးတိုက်ပွဲ -  (အပိုင်း ၂) ကို ဒီနေရာမှာ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။ 

မိမိတို့တပ်ဖွဲ့ (ဝမ်းခါသစ်) စခန်းတွင် တိုက်ပွဲဝင်နေစဉ် (၀ါလေ)အောက်စခန်းတွင် ကျန်ခဲ့သော ရဲဘော်ဝါးဂေ၊ ရဲဘော် မင်းလွင်တို့မှ မိမိအား (ဝါလေ) သစ်စက်သူဌေးမှ မိမိတို့စခန်း ပတ်လည်ရှိ ကျွန်းသစ်များ ဝယ်လိုကြောင်း သတင်းပို့ သဖြင့်၊ (ဆီ၊ ပဲနှင့် အသားငါး) ဝယ်ရန် ကျွန်းအပင် (၅ဝ) ခန့် လုပ်ခွင့်ပြုလိုက်သည်။ စစ်မြေပြင်တွင် အလုပ်များနေသဖြင့် သစ်လုပ်ခွင့်အတွက် ကြီးကြပ်ရန် တာဝန်ပေးလိုက်သော ရဲဘော်များကို ပြန်မကြည့်အားပေ။

(ဝမ်းခါသစ်) တိုက်ပွဲအပြီး နောက်တန်း၌ ပြန်လည်အနားယူနေစဉ် ငှက်ဖျားတက်ရာ မိမိတို့တပ်မှူးမှ လာရောက် အနားယူရန် ခေါ်သဖြင့် သူ့ထံသွားရောက် ဆေးကုသလျှက်ရှိသည်။ ဆားရည် (၁ဝဝဝ) ဘူး သွင်းလျှက်ရှိသည်။ ဆားရည် သွင်းနေစဉ် (၁ဝ၁) တပ်ရင်းမှူးမှ မိမိတို့တပ်ဖွဲ့ (ဖလူး) သို့ စစ်ကူသွားရန် ပြင်ခိုင်းတော့သည်။ မိမိကျန်းးမာရေး သိပ် မကောင်းသေး၊ အားအင်ပျော့နေသေးသည်၊ မိမိ စဉ်းစားမိသည်။ (ဝမ်းခါသစ်) စစ်ကူလိုသဖြင့် မိမိတို့တပ်ဖွဲ့ကို လွှတ်သည်။ ယခု (ဖလူး) က စစ်ကူလိုလာပြန်သဖြင့် မိမိတို့တပ်ဖွဲ့ကိုပင် လွှတ်ဖို့ ခေါ်နေပြန်ပြီ၊ အခြားတပ်ဖွဲ့ မရှိလို့လား။ မျက်စေ့ရှုပ် နေလို့လား။ မျက်စေ့ရှုပ်ရင်လည်း ရှုပ်နိုင်သည်။ အားကိုးလို့ဘဲ ခေါ်တာဘဲလား၊ အမျိုးမျိုး ယူဆနိုင်သည်။


  မိမိနှင့် ဗိုလ်မှူးစိုးစိုး တို့သည် သစ္စာနယ်မြေ စစ်ဆင်ရေး (Operation Promise land) စီစဉ်နေကြစဉ် စစ်သားစုဆောင်းရေး ဗြောင်လုပ်ရန် မသင့်တော်သဖြင့် ကြိတ်စုဆောင်းရသည်။ တော်လှန်ရေး ကြာရှည်လာသဖြင့် မူလတပ်ရင်းတွင် ငြီးငွေ့လာ ကြသည်။ ထို့ကြောင့် တပ်အသစ်သို့ လာလိုကြသည်။ လာရောက်သူများသည် အခြားတပ်များတွင် ဂျစ်ကန်ကန်များ၊ ခံမပြော နားမထောင်၊ လုပ်ချင်ရာ လုပ်သူများ၊ အရက်ချိုးကပ်များ၊ ဆေးခြောက်သမား၊ ဘိန်းစွဲသူများ၊ ခါးပိုက်နှိုက်များ၊ လောင်းကစားအိုးများ၊ ဆိုက်ကားသမား၊ လူတန်းစားလဲ စုံသည်။ လူမျိုးလဲ စုံသည်။ (ဖါးအံ) မြို့ကြီးသားတွေ၊ ရန်ကုန်သား၊ မြစ်ဝကျွန်းပေါ်သား၊ နယ်စုံ၊ လူစုံ၊ ဘဝ စုံသည်။ (ဘူစီပေါင်းဘော်လုံး) ရောင်းသူ၊ (ဖါးအံ) ကြက်တန်းမှာ ကြက် ရောင်းသူများလည်း ပါသည်။ တပ်ဟောင်းက တပ်မှူးများက ကောင်းသည့်လူများကို ဖွက်ထားတတ်ပြီး မကောင်းသည့် လူများကိုသာ ပေးတတ်သည့် သဘာဝရှိသည်။ သို့သော် ကျနော့်ခံယူချက်မှာ တိရိစ္ဆာန်ဖြစ်တဲ့ နွားတောင် အကုန်သုံးလို့ ရသေးရင် လူကို ဘာကြောင့် မသုံးနိုင်ရမှာလဲ။ မကောင်းသည့်လူကို ကောင်းအောင် လေ့ကျင့်နိုင်ရမည်ဟု ယုံကြည်သည်။

သခင်ခရစ်တော်ရဲ့ အကောင်းမြင်ဝါဒကို အကောင်အထည် ဖေါ်ဆောင်ကြည့်သည်၊ လူတွေက ခွေးသေကောင်ပုတ်ကို နှာခေါင်းရှုပ်ကြသည်။ အဝေးက ရှောင်ကြသည်။ သခင် ခရစ်တော်က ဒီလိုမဟုတ်၊ ခွေးအပုတ်ကောင်ဟာ တကိုယ်လုံး ပုတ်ပွနေလင့်ကစား၊ “သူ့သွားလေးတွေဟာ ဖွေးနေတာဘဲ” တဲ့။ အဆိုးတွေထဲက အကောင်းကို မြင်တတ်တယ်။ မိမိတို့ စုဆောင်းထားတဲ့ ရဲဘော် တော်တော်များများအတွင်း အခြားတပ်ဖွဲ့တွေက နှာခေါင်းရှုပ်ကြသူတွေ ဖြစ်နေပေမဲ့၊ သခင် ခရစ်တော်ရဲ့ (ဒသန)ကို အကောင်အထည်ဖေါ်ကြည့်ရာမှာ ဖြူဖွေးနေသည့် သွားတွေလို အကောင်းတွေ ရှိနေသည်။ သူရဲကောင်းတွေလဲ ရှိခဲ့သည်။ အမျိုးနဲ့ တိုင်းပြည်အတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ခဲ့သည့် (အာဇာနည်) များ ပါခဲ့သည်။

ထို့နောက် (၁ဝ၁) တပ်ရင်းမှူးသို့ “ဆားရည်သွင်းပြီး ပြန်လာမည်” ဟု သတင်းပို့လိုက်သည်။ တဆက် တည်း ဗိုလ်တင့်လွင်အား “ကျန်းမာရေးကောင်းတဲ့ ရဲဘော်တွေ ဘယ်လောက်ရှိလဲ၊ ရသလောက်စုပြီး သတင်းပို့” ရန် ညွန်ကြားလိုက်သဖြင့်၊ “နှစ်ဆယ့်တစ်ယောက်” ရှိကြောင်း သတင်းပို့ရာ “ဒီည စစ်ကူသွားမယ်၊ ငါ့နောက်လိုက်ဖို့ အသင့်ပြင်ထား” ဟု ဆက်လက် ညွန်ကြားလိုက်သည်။

ညနေ (၆)နာရီ (ဝမ်းခါသစ်) စခန်းသို့ ပြန်ရောက်ပြီး ခရီးထွက်ဖို့ပြင်သည်။ ခရီးမထွက်မှီ ကျနော့်လုပ်ရိုးလုပ်စဉ်တစ်ခုမှာ ခရီးထွက်မည့် ရဲဘော်များအား တန်းစီခိုင်းပြီး မိမိယုံကြည် သည့် မြတ်ဘုရားထံ တစ်မိနစ်ဆုတောင်းရန် ညွန်ကြားလိုက်သည်။ မိမိလည်း ဆာလံကျမ်း အခန်းကြီး (၂၃) (၂ရ) နှင့် (၉၁) တို့အား ရွတ်ဆို၍ ဆုတောင်းလိုက်သည်။ အစ္စလမ် ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်များလည်း မိမိယုံကြည်ရာကို ဆုတောင်းကြသည်။ တချို့ ဘာကိုမှ မယုံကြည်သူက မင်းတို့လို ဘုရားတစ်ပါးထဲ မကဘူးကွ၊ ငါက“ရန်သူ့ကြား ငါ့အကြား ဘုရားငါးဆူ ခြားကွ” လို့ နောက်ပြောင် ဆုတောင်းသူလည်း ရှိသည်။ 

ကားနှစ်စီးနှင့် (ဖလူး)သို့ မိမိတို့ ချီတက်လာသည်။ သေမထူး နေမထူး ရဲဘော်များက တလမ်းလုံး “လဲထော်ဆူးညား၊ ပပွားကော်သူးလေးဖိုး” “ရှေ့သို့ချီ၊ ငါတို့ကော်သူးလေး စစ်သည်” ဆိုသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ချီသီချင်းကို အော် ဆိုလာကြသည်။

ရန်သူသည် မိမိတို့စကားပြောစက်များကို အမြဲမပြတ် နားထောင်နေသဖြင့် မိမိတို့(ဖလူး) တဖက်ကမ်းသို့ ရောက်သည်နှင့် မိမိတို့သွားမည့် လမ်းကြောင်းပေါ်သို့ (၈၁) (၈၂) (၁၂၀) မမ စိန်ပြောင်းများဖြင့် အဆက်မပြတ် ပစ်ချနေသည်။ အမှောင်ထုကလည်း ပိန်းပိတ်အောင် မှောင် နေသည်။ တပ်စိတ်တချို့ လူကွဲသွားသည်၊ မိမိတို့ (ဖလူး)စခန်းတွင်း ရောက်သည့်တိုင် အဆက်အသွယ် မရသေး၊ ရဲဘော်များ သိထားပြီး ဖြစ်သည်။ ဘယ်တပ်ဘဲဖြစ်ဖြစ် “ရေဘူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာဘဲ လိုချင်တယ်” ဆိုသလို (ဖလူး) စခန်းထဲ ရောက်ဘို့ဘဲ။ မနက်လူစစ်တော့ ရဲဘော်အားလုံးရောက်ကြပြီး ဖြစ်လို့ သက်ပြင်းချရသည်။ 

မနက်ရောက်လျှင် ဗိုလ်မှူးမူတူး (ထိုစဉ်က တပ်မဟာ အထွေထွေဌာနမှူး)၊ (BM)(Brigade Major) ယခု စစ်ဦးစီးချုပ် (GOC)(General Officer Commanding) ဖြစ်လာသူအား သတင်းပို့သည်။ ခံစစ်ကုန်းရှိ မိမိတို့တာဝန်ယူရမည့် ပစ်ပိုင်နယ်နှင့် နေရာကို၊ ဗိုလ်မှူး ရွှေမောင်း (ယခု ဒူးပလာယာခရိုင်ဥက္ကဌ)မှ လာရောက် ပြသည်။ မိမိတို့လည်း အသီးသီးနေရာယူပြီး အနားယူနေစဉ် ဗိုလ်တင့်လွင် လာရောက် သတင်းပို့သည်။ “ဝင်းနေထူး တင်ပါးမှာ မော်တာမှန်” ကြောင်း၊ ဝင်းနေထူးအား မိမိ မသိသေး၍ “ဝင်းနေထူးဟာ ဘယ်သူလဲကွ” ဟု မေးရာ၊ ကျနော်တို့ (ဖလူးခံစစ်ကုန်း) ကို စစ်ကူလာနေချိန်မှာ တပ်ရင်း (၁ဝ၁) က ထွက်ပြေးပြီး ကျနော်တို့တပ်ဖွဲ့နောက်ကို လိုက်လာသူဖြစ်ကြောင်း သတင်းပို့သည်။ တရွာ မပြောင်း သူကောင်း မဖြစ်လား။ သေချင်တဲ့ကျား တောပြောင်းလားတော့ မသိ၊ တင်ပါးမှာ ဒဏ်ရာတော့ ရသွားပြီ ဟု မိမိတစ်ဦးတည်း စဉ်းစားနေမိသည်။

မိမိ (Overhead) ခေါင်ကတုတ်တွင် မိမိ၊ ဂျပန်ရဲဘော် နီရှီကာဝါ၊ မိမိသား ဒူးဒူးဇန်နှင့် ရဲဘော်ဘာဂျာမွတ်တို့ (၄) ဦး နေသည်။ ခေါင်ကတုတ်အပေါ်ထပ်ကို ပြန်လည်မွန်းမံသည်။ သဲအိပ်များ ထပ်တင်သည်။ စစ်နည်းဗျူဟာအရ ပစ်အားကို လျော့မကျစေလိုဘဲ ပစ်ခတ်မှု ထိန်းသိမ်းနိုင်ရန် (Overhead) ခေါင်ကတုတ်၏ အပေါ်နှင့်အောက်ထပ်မှာပါ တပြိုင်တည်း ပစ်နိုင်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ဗိုလ်တင့်လွင်ကိုခေါ်ပြီး (ဖလူးခံစစ်) စခန်းပါတ်လည်ကို လေ့လာရန် လျှောက်ကြည့်သည်။ အားနည်းချက်၊ အားသာချက်များကို ရှာသည်။ (ဝမ်းခါသစ်ခံစစ်) စခန်းနှင့်မတူ၊ တင့်ကားများ မလာနိုင်ရန် ဆက်သွယ်ရေးမြောင်း ခပ်နက်နက်တူးထားသည်။ တင့်ကားတော့ မလာနိုင်၊ သို့သော် ရန်သူအတွက် ကျည်ကွယ်နှင့် မျက်ကွယ်ရနေသည်။

ရန်သူ့လက်နက်ကြီးကလည်း ဒလစပ် အတွဲလိုက် ပစ်နေသည်၊ (ဖလူးခံစစ်) စခန်းသည် ရှည်မျောမျောလေး ဖြစ်နေသဖြင့် တနေရာကို မှတ်ပုံတင်ပြီး တစိုက်မတ်မတ် လက်နက်ကြီး ပစ်နေသော် ဆက်သွယ်ရေး မြောင်းအတိုင်းသာ သွားဝံ့သည်။ အပေါ်ထွက် လမ်းမလျှောက်ဝံ့။ (ဖလူး) စခန်းတွင်းရှိ ကျွန်းပင်များ အရွက်စိမ်း မရှိတော့၊ ကျည်မှန်ထားသဖြင့် အရွက်များ ခြောက်နေသည်။ တပ်မ (၄၄၊ ၃၃) တို့က လက်နက်ကြီးများ ဖြစ်ကြသည့် (ပွိုင့် - ၅) စက်သေနတ်ကြီး၊ ၁၂၀ မမ စိန်ပြောင်းကြီး၊ BA ၈၄ နောက်ပွင့် ဒုံးလက်နက်ကြီးများ သုံး၍ ပစ်တက် တက်လာသည်။ 

“ဒုံး၊ ဂွမ်း”
“ဂျိမ်း၊ ဒက် ဒက် ဒက်” 
တစ်ပါတ်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ရန်သူများ ကျားတက်ထိုးသည်၊ မရ၊ မိမိတို့ (ဖလူး) စခန်း ရောက်ပြီးမှ အနည်းဆုံး ရန်သူ (၁ဝ)ကြိမ်ထက်မနည်း ကျားတက်ထိုးသည်။ 

ဂျပန်ရဲဘော် နီရှီကာဝါမှ မိမိသား ဒူးဒူးဇန်ကိုခေါ်၍ ရန်သူကို သွားချောင်းပစ်သည်။ မိမိမှ ၄င်းအား ရန်သူကို ပစ်မည့်သူများရှိကြောင်း၊ မိမိလိုအပ်သည်မှာ ဂျပန်ပြည်သူများ ကရင့်တော်လှန်ရေးအကြောင်း သိရန်လိုကြောင်း၊ ဂျပန်ပြည်သူများ၏ စာနာထောက်ခံမှု ရရှိရန် စာအုပ်ထုတ်ရန် လိုအပ်ကြောင်း ပြောထားသည်။ ၄င်း မသေဆုံးမှီ ဂျပန်ဘာသာဖြင့် ဗမာနှင့် ကရင့်တော်လှန်ရေး အကြောင်း စာအုပ်ထုတ်ခဲ့သည်။

ဗိုလ်မှူးမူတူးမှ (ဝါးခါသစ်)တိုက်ပွဲတွင် မိမိတို့ ရန်သူ့ထံမှ သိမ်းဆီးရရှိခဲ့တုံးက ဆက်သွယ်ရေးစက် (PRC) အား လိုချင်ကြောင်း၊ မိမိမှလည်း လက်ဖြောင့်သေနတ် (Sniper) နှင့် (M - ၆၂) လိုအပ်နေသဖြင့် လဲမည်ဖြစ်ကြောင်း ပြောရာ၊ အပေးအယူ တည့်သဖြင့် (M - ၆၂) မမ ကျည်ဖြင့် ပစ်ရသော (Sniper) တစ်လက်၊(M - ၆၂) တစ်လက် ကျည် (၁ဝ) လုံး နှင့် လဲလိုက်သည်။ ထို (Sniper) ကိုယူ၍ မိမိအလစ်တွင် ဂျပန်ရဲဘော်နီရှီကာဝါသည် မိမိသား ဒူးဒူးဇန်ကိုခေါ်ပြီး ရန်သူကို သွားချောင်းပစ်ကြသည်။ တနေ့ ရန်သူတစ်ယောက်ကျ နှုန်း နှင့် သွားပစ်ပြီး တပြုံးပြုံးနှင့် ပြန်လာကြသည်။ 

နေ့စဉ်လိုလို ရန်သူ့လက်နက်ကြီးများ (ဖလူး) စခန်းတွင်းသို့ ဆက်တိုက်ပစ်သွင်းလျှက်ရှိသည်။ ၄င်းတို့ ကျားတက်ထိုးတော့မည်ဆိုပါက လက်နက်ကြီးမျိုးစုံ အလက် (၃ဝ) ထက်မနည်း စုပြုံပစ်ခတ် ကြသည်။ တနေရာကို စုပြုံပစ်ခတ်သည်။ ကတုတ်တွင်းမှ အပြင်မထွက်ဝံ့ပါ။ တချို့ကတုတ် များ တည့်တည့်ထိသဖြင့် ပြိုကျကုန်သည်၊ ရဲဘော်များ အကျအဆုံး ရှိသည်။ ပစ်လိုက်သည့် လက်နက်ကြီးကျည်များ အားလုံး မပေါက်၊ တချို့ကျည် အ နေသည်။ ထိုသို့ မကွဲသော ကျည် များ၏ ထိပ်ဖူးကို အပစ်ရပ်သောအခါ ရဲဘော်တချို့ သွားတူးပြီး တဘက်ကမ်း သွားရောင်း ကြသည်။ ထိပ်ဖူးတစ်ကီလိုကို ငါးတစ်ကီလိုနှင့် သွားလဲသည်။ ရန်သူလက်နက်ကြီး အပစ်များ သောနေ့ ဆိုလျှင် ရဲဘော်များ ဟင်းစားရသောနေ့ ဖြစ်သည်။


ဆောင်းပါးရှင် - (မန်းရော ဘဇန်) 

0 comments:

Post a Comment