Posted by
Unknown
on Tuesday, 27 March 2012
Labels:
ပေးစာ
(၂၇)။ ယက္ခ ဗျူဟာ (ဘီလူးစစ်)
တောမြိုင်သာနှိုက်၊ မိစ္ဆာဘီလူး၊ မာန်ဟူးဟူးနှင့်၊ ဖြူးဖြူးစွယ်ရောင်၊ တွေ့မရှောင်လျှင်၊ စိမ်းကောင်အသား၊ ကျွတ်ကျွတ်ဝါးသို့၊ ဆီးတားရန်မွှေ၊ တွေ့တိုင်းကြွေအောင်၊ တိုက်လေသမျှ၊ ရှင်းလင်းရသည်၊ ယက္ခ ဗျူဟာ…
(မျက်မာန်ဟူးဟူး၊ စွယ်ပြူးတူးနှင့်၊ ဘီလူးတောသား၊ သူကောင်စားသို့၊ တွေ့မြင်လေသမျှသော ရန်သူကို စားမတတ် ဝါးမတတ်၊ ရွပ်ရွပ်ချွံချွံ နှိပ်နှံတိုက်ဖျက်သည်) စစ်ဦး ဘီလူးဆိုသည့် အတိုင်း မဆုတ်ဆိုင်းဘဲ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဘုရင့်နောင်သည် နောင်ရိုးချောင်း တိုက်ပွဲတွင် ဤနည်းဖြင့် အောင်ပွဲရခဲ့ခြင်း ဖြစ်ပေသည်။ ယိုးဒယားတိုက်ပွဲတွင်လည်း ဤသို့ပင် တိုက်ခိုက် အောင်ပွဲရခဲ့ ပေသည်။ ယိုးဒယားနှင့်တိုက်ရာ ဘုရင့်နောင်၏ စကားမှာ မှတ်သားဘွယ် ဖြစ်၍ ဖေါ်ပြလိုက်ပါသည်။ အမိန့်တော်အတိုင်း မတိုက်ဘဲနေလျှင်၊ ယိုးဒယားတို့က သတ္တိ ညံ့ဖျင်း၍ ရဲသေးမရှိ၊ ကြောက်သည်ဟု ဆိုပါလိမ့်မည်။ မတိုက်ဘဲနေလျှင် ထိုစစ်ပွဲကို အောင်နိုင်လိမ့်မည် မဟုတ်ပါ။ သူက အောင်ပွဲရသွားလျှင် မိမိတို့နောင် အစဉ်ပျက်စီး နိုင်ပါသည်။ သူရဲကောင်းတို့ သဘောမှာ စစ်ချင်းဆိုင်လျှင် နိုင်အောင်တိုက်ဘို့သာ အရေးကြီးစွာ အားထုတ်ရမြဲ ဖြစ်ပါသည်။
(၂၈)။ နိဂြောဓ ဗျူဟာ (ပညောင်ပင်စစ်)
နိဂြောဓဟု၊ ရိပ်သာဆန်းကြယ်၊ ပညောင်ဝယ်နှိုက်၊ သံမယ်နယောင်၊ မြစ်ပေါင်မြောင်၍၊ ကျောက်ဆောင်ပုံခိုင်း၊ လေမုန်တိုင်းသို့၊ ဖြတ်ပိုင်းလှည့်ခြိုင်၊ မတတ်နိုင်သို့၊ စွဲကိုင်လက်နက်၊ အယှက်ယှက်တိ၊ စစ်မက်အင်္ဂါ၊ ပေါင်းလေးဖြာဖြင့်၊ တပ်တာချပုံ၊ လုံခြုံလှသည်၊ နိဂြောဓဗျူဟာ။
(ညောင်ပင်ကြီးသည် သံမယ်န အပေါင်းတို့ဖြင့် မြဲမြံခိုင်ခန့်စွာ ရိုက်နက် ထားသည့်အတူ များစွာသော မြစ်မ မြစ်သေး မြစ်မွှာတို့ကြောင့် လေမုန်တိုင်းတိုက်သော်လည်း မငိုက်မယိုင် ကြံ့ကြံ့ခိုင်သကဲ့သို့ ဖြီးဖြီးခိုင်ခိုင် တပ်တောင်တာ လုံလုံခြုံခြုံ မရွေ့မရှားရှိစေသည်)
မိမိ၏အင်အားကို ဆုတ်ယုတ်မှုမရှိဘဲ တိုးတက်ပြန့်ပွားစေကာ ပညောင်ပင်ကဲ့သို့ ကြံ့ကြံ့ခိုင်ခိုင် ပြုလုပ်ရပေသည်။ “ကြောင်ကဲ့သို့လည်း ကျင့်လေ၊ ညောင်ကဲ့သို့လည်း ကျင့်လေ” ဆိုသော စကားကဲ့သို့ ညောင်ပင်ဟုသည် အမြစ်တွယ်မိလျှင် တွယ်မိသောအပင်ကို ဝါးမျိုလိုက်သကဲ့သို့ မိမိတို့ အခြေခိုင်အောင် ဤဗျူဟာကို ကျင့်သုံးရပေသည်။
(၂၉)။ သိဒ္ဓြိွဗျူဟာ (ဦးနှိမ်စစ်)
ထို့ပြင်မျာကား၊ မြို့ရွာခရိုင်၊ သူ့ကိုနိုင်သော်၊ ဆိုင်မြိုင်နောင်နောင်၊ မဝံ့အောင်လျှင်၊ အဆောင်အရွက်၊ လက်နက်ဆင်မြင်း၊ သင်းပင်းခြွေရွှေ၊ သိမ်းယူစေမှ၊ ထိုမြေလှည့်လည်၊ ထိုရပ်ပြည်တွင်၊ အရည်အသွား၊ ရှိသူအားကို၊မြို့စားမြို့ကွပ်၊ ခန့်ထားအပ်၍၊ -ကပ်-ကပ်စိစိ၊ သို့တည်းရှိမူ၊ သိဒ္ဒိဗျူဟာ။
(တိုင်းတပါးကို တိုက်ခိုက်၍နိုင်သော် နောက်ထပ်လက်မထူဝံ့အောင်၊ ဆင်မြင်းလက်နက် လူသူအကုန်အစင် သိမ်းယူပြီးလျှင်၊ ထိုမြို့ထိုရွာတွင် အရည်အသွေးရှိသူကို အလုံးအရင်း ဆင်မြင်းလူသူ လက်နက် ကိရိယာ အမြောက်အများ နှင့် မြို့စားမြို့ကွပ် ခန့်အပ်စောင့်နေစေသည်)
ဤတွင် ရှေးမြန်မာမင်းတို့သည် အချို့စစ်ပွဲများတွင် မြန်မာ့နယ်မြေသို့ မကြာခဏဝင်ရောက် ကျူးကျော်သဖြင့် နောင် ရန်မစဝံ့အောင် သိဒ္ဓြိွဗျူဟာ (ဦးနှိမ်စစ်)ကို အသုံးပြုခြင်း ဖြစ်ပေသည်။ သူ့မြေကို ကျူးကျော် ရယူလိုသော သဘောမဟုတ်ပေ။
“စန်းသမိန်” ရေးတဲ့ “မြန်မာ့သွေး၊ မြန်မာ့ဓား၊ မြန်မာ့စစ်ပညာ” စာအုပ်ပါ ဗျူဟာ(၂၉)ချက် ပြီးသွားပါပြီ။ ဒီစစ်ပညာ နည်းဗျူဟာ (၂၉) ချက်ကိုဖတ်ပြီး သူများ မိမိတို့လက်နက်ကိုင် တော်လှန်ရေး အတွက် အကျိုးရှိပါက ပြန်လည်ကူးယူပြီး ရှေ့တန်း စစ်မျက်နှာများရှိ တော်လှန်တဲ့ စစ်သည်တော်များထံ လက်ဆင့်ကမ်း ဖြန့်ဝေစေလိုပါသည်။ နောင် ဆက်လက် ရေးသားရာတွင် လက်နက်ကိုင် တော်လှန်ရေးများအတွက် အကျိုးရှိမည့် စစ်ပညာများကို ကြိုးစားရှာဖွေ၍ ရေးသား တင်ပြသွားပါမည်။ အထူးသဖြင့် တရုပ်စစ်ပါရဂူ (စွန်ဇူး) ၏ “စစ်အတတ်ပညာ” စာအုပ်ပါ အခန်း (၁၃) ခန်းကို အခန်းလိုက် ပြန်လည်ကူးယူ ဖေါ်ပြပေးပါမည်။ လက်ဆင့်ကမ်း တဆင့်ပြန်လည်ကူးယူ ဖြန့်ဝေ ပေးစေလိုပါသည်။ “တိုက်ရင်းလေ့လာ၊ လေ့လာရင်း တော်လှန်စစ်ကို တိုက်ကြပါစို့”
တော်လှန်ရေးသစ္စာဖြင့်
မန်းရောဘတ် ဘဇန်၊
0 comments:
Post a Comment