Fans of Mahn Robert Ba Zan

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၁၀)


 အပိုင်း (၉) ကိုဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

မိမိနှင့် တပ်ရင်းရုံးအဖွဲ့ နံနက်စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကို ခွင့်ပန်ပြီး ခြုံနွယ်ပေါင်းပင်များကို ရှင်းသည်။ ရေတွင်းထဲရှိ မျက်၊ ပေါင်းပင်များ ရှင်းပြီး ပြန်တူး ပေးသည်။ ရေကြည်ရေသန့်များ ထွက်လာသည်။ လူထု စည်းရုံးရေးလုပ်ငန်း အဆင့်(၁) ဖြစ်သည်။ အဆင့်(၂) အဖြစ် - ဘာလုပ်ရမည်ကိုစဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် (ကီးဒို) ကုန်း၏ အရှေ့ဘက်ရှိ တောင်ယာများ၌ စပါးများ ရွှေဝါရောင်သန်းနေပြီး ရိတ်သိမ်းရန် အချိန်တန်နေပါပြီ။ တနေ့ နံနက်စာ စားပြီး မိမိချစ်ဇနီး အပါအဝင် ရဲဘော် တပ်စုတစ်စု ခေါ်၍ ကျေးရွာလူကြီးကိုခွင့်ပန်ပြီး တောင်ယာစပါးများကို ရိတ်ကြသည်။

စပါးနှံများကို လက်မနှင့် ဆိတ်ခူး၍ ကြွပ်ကြွပ်အိပ်ထဲ အပြည့်ထည့်၊ လယ်ရှင်အိမ် ထမ်းပို့ကြပါသည်။ ထိုအတောအတွင်း အမျိုးသမီးတစ်ဦး ထမင်းစားရန် လာခေါ်သည်။ တောင်ယာပိုင်ရှင် ဖြစ်သည်။ ကောင်ညင်းနှင့် ငါးပိထောင်း ဖြစ်သည်။ လူထုစေတနာရှိ၍ ထင်သည်၊ နတ်သုဒ္ဓါတမျှ အရသာရှိလှသည်။ တောင်ယာတခုလုံး ပြီးသွားသဖြင့် စခန်းသို့ ပြန်ရန် ဖြစ်သည်။ မပြန်မှီ ကျေးရွာလူကြီးအား မကျန်းမာသူများရှိပါက မိမိတပ်ဆေးရုံတွင် လာရောက်ကုသနိုင်ကြောင်း အကြောင်း ကြားခဲ့သည်။ အနည်းငယ်မျှ လူထုအကျိုးပြု လုပ်ငန်း လုပ်ခဲ့ရုံဖြင့် လူထု၏ ချစ်ကြည်လေးစားမှုနှင့် လူထု၏ အေးမျှသော မေတ္တာကို ရရှိခဲ့သည်။


မှတ်ချက်။

- သဘာဝ အကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်ဆိုတဲ့ တော်လှန်စစ် (ဒဿန) တစ်ခုကို တွေ့ရှိခဲ့သည်။

မိမိတပ်ရင်း တပ်ထောက် ဗိုလ်သန်းဝင်း မြို့ထဲသို့ ဈေးဝယ်သွားတိုင်း ဆေးရုံသွားလိုသော ရွာသားများကို ခေါ်သွားလေ့ ရှိသည်။ အခြေခံလူတန်းစားများ ဖြစ်သည်။ လူထု၏ အခက်အခဲကို ကူညီဖြေရှင်းပေးပါဆိုသည့် လူထုလမ်းစဉ်ကို ကျင့်သုံး ခြင်း ဖြစ်သည်။

တပ်ရင်းသင်တန်းဌာန တာဝန်ခံ ဗိုလ်နောင်နောင်မှ အခြေခံစစ်သင်တန်း အပါတ်စဉ် (၁) စဖွင့်သည်၊ သင်တန်းသား (၄ဝ) ခန့် ရှိသည်၊ မိမိတပ်မှူးမှ ရဲဘော်များ ပို့လာသည်။ ဗုံးဌာန တာဝန်ခံ ဗိုလ်ကျော်လှမှ ဗုံးသင်တန်း ပေးသကဲ့သို့ စာမတတ်သူ ပပျောက်ရေး စီမံချက်အတိုင်း မူလတန်းကျောင်းဖွင့်သည်။ ရဲဘော်များ၏ သားသမီးများ၊ (မိမိသမီးနှစ်ဦး)၊ တပ်ကြပ် အောင်သန်း (ဗိုလ်သွေး) အဖွဲ့မှ ပါလာသူ၏ သားနှစ်ဦး၊ ရဲဘော်လေးများ ဖြစ်သည့် (မိုဟာမက် ဟာရွန်) (ပသျှူး)၊ သိန်းဝင်းလေး (ဘိတ်သား) (ယွားဟေလူ တိုက်ပွဲ၌ ကျဆုံး) နှင့် အခြားရဲဘော်တို့ဖြင့် ကျောင်းဖွင့်ထားသည်။

မှတ်ချက်။

(မိုဟာမက် အီစွပ်) သည် မိမိ တပ်မဟာ (ရ)၊ တပ်ရင်း (၂၃)၊ စစ်ကြောင်းမှူး တာဝန်ယူစဉ်မှ စ၍ တပ်ရင်း (၁၉)၊ တပ်ခွဲ (၄) မှူး၊ တပ်ရင်း (၁၉) ရုံးထိုင်မှူး၊ ကော်သူးလေ မွတ်စလင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မှူး၊ ယခု တပ်ရင်း (၁၂) ဒုတိယ တပ်ရင်းမှူးတိုင် တစိုက်မှတ်မှတ်ပါလာသူ ဖြစ်သည်)

ဗဟိုဌာနချုပ်၌ ဖွင့်သော တရားရေးသင်တန်းသို့ တပ်ကြပ် စောကော်ဒို၊ အရာခံ ဗိုလ်စောသူးသူး တို့ နှစ်ဦး၊ အပါတ်စဉ် (၃) ဗိုလ်သင်တန်းသို့၊ အရာခံဗိုလ် သောထူး (ယွားဟေလူ တိုက်ပွဲ၌ ကျဆုံး)၊ တပ်ကြပ် မန်းငြိမ်းငြိမ်း၊ တပ်ကြပ် မန်းလှထွန်းဦး (၄င်းတို့နှစ်ဦးလုံး တတိယနိုင်ငံသို့ ရောက်ရှိ) တို့ (၃) ဦး အားစေလွတ်လိုက်သည်။

မိမိလည်း တပ်ရင်း စည်းဝေးခန်းမ၌ ကရင့်တော်လှန်ရေး လမ်းစဉ်၊ လုပ်ငန်းစဉ်၊ ပြောက်ကျား စစ်ဆင်ရေး၊ လူ့အခွင့်အရေး (Universal Declaration of Human Rights) ဘာသာရပ်၊ စည်းရုံးရေး ဘာသာရပ်များကို ပို့ချနေသည်။ “စစ်တိုက်ရင်း လေ့လာ - လေ့လာရင်း စစ်တိုက်”ဆိုသည့် မူကို ကျင့်သုံးနေခြင်း ဖြစ်သည်။

ကျောင်းသားတပ်မတော်မှ ဗိုလ်ထိန်လင်းနှင့် တပ်ဖွဲ့ (ကီးဒို) အတက်၊ တောင်စွယ်ထိပ်တစ်ခု၌ တဲဆောက်၊ ကတုတ်ကျင်း တူးနေကြသည်။ ရန်သူကိုတိုက်ဘို့ ပြင်နေကြသည်။ ထိုကာလများအတွင်း တပ်မဟာဌာနချုပ်တွင် (DAB) စစ်ကြောင်းဖွင့်ရန် ဖြစ်သဖြင့် ဗိုလ်ရာဇာ ရခိုင်အဖွဲ့၊ ဗိုလ်အပ်ဒူလာ မွတ်စလင်အဖွဲ့နှင့် ဗိုလ်ထိန်လင်း ကျောင်းသားအဖွဲ့ များကို ပြန်မှာသဖြင့် ပြန်ပို့ရန် စီစဉ်ရသည်။ ဗိုလ်ထိန်လင်း၏ ကျောင်းသားတပ်မတော် တပ်ဖွဲ့ ပြန်လည် မထွက်ခွာမှီ ၄င်းတို့အား လမ်းခရီးတလျောက်စားရန် ရိက္ခာ၊ ဆေးဝါး၊ ငွေ (၅ဝဝ) ကျပ်နှင့် (ဝမ်းခါ) တိုက်ပွဲ၌ မိမိတို့သိမ်းပိုက်ရရှိခဲ့သော လက်နက် အပါအဝင်၊ တပ်မဟာ (၆) (KE) ဖူးရောဘင်ထံမှ မိမိတို့ လုပ်အားဖြင့် ရခဲ့သော (RPG) တစ်လက်ပေါင်း (၁၄) လက် ဒီမိုကရေစီ လက်ဆောင်အဖြစ် ပေးလိုက်သည်။ ခရီးမထွက်မှီ မိမိအား ရှစ်ခိုးဂါရဝပြုကြသည်။ မိမိမှ ဘေးကင်းစေကြောင်း၊ ခလုပ်ကသင်း ကင်းစေကြောင်း၊ ကျန်းမာကြစေကြောင်း၊ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရစေကြောင်း ဆုတောင်းပေးလိုက်သည်။

၎င်းတို့ထွက်ခွာသွားသော် ခရီးရှည်ချီတက်သွားသော မိမိသားများကို လွမ်းဆွတ်သကဲ့သို့ ခံစားမိသည်။

ဗိုလ်ထိန်လင်း၏ ကျောင်းသားအဖွဲ့ရှိ ကိုမျိုးဝင်း ဆိုသူသည် မိမိတို့အဖွဲ့တွင် ဆက်လက်နေလိုသဖြင့် ၄င်းတို့နှင့် ပြန်မလိုက်တော့ဘဲ မိမိတို့အဖွဲ့နှင့် နေခဲ့သည်။

မှတ်ချက်။

နိုင်မျိုးဝင်းသည် မွန်လူငယ်တစ်ဦး၊ ခေတ်ပညာတတ်တစ်ဦး ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးကို မြတ်နိုးသူ ဖြစ်သည်။ ပြည်သူ့အကျိုးဆောင်သူ ဖြစ်သည်။ ပြည်သူလူထု၏ မေတ္တာကို ရရှိသူဖြစ်ပြီး လူထုထောက်ခံမှု ရရှိသူ ဖြစ်သည်။ (တတိယနိုင်ငံရောက်နေသူ ဖြစ်ပြီး တက္ကသိုလ်တစ်ခုတွင် ပညာဆည်းပူးနေသည်)။ (၄င်းနှင့် ပါတ်သက်၍ ကျနော်နှင့် ကျောက်ညှပ် ဆောင်းပါးတွင်ဖေါ်ပြပါမည်)။

(ယွားဟေလူ) စခန်း၌ မိမိတို့တစ်ဖွဲ့သာ ကျန်တော့သဖြင့် လုံခြုံရေး စီမံချက်ကို ပို၍လုပ်ဆောင်ရမည် ဖြစ်သည်။ အုပ်ချုပ်မှု လွယ်ကူစေရန်အတွက် အလယ်စည်းတွင် တာဝန် ယူကြသော (၅)ယောက် တစ်ဖွဲ့ကို ဆက်သွယ်ရေး စကားပြောစက် Icom (2G) များ ထုတ်ပေးသကဲ့သို့ တပ်ရင်း၊ တပ်ခွဲနှင့်ဌာနများသို့ စုစုပေါင်း စကားပြောစက် အလုံး (၃ဝ) ကျော် ဝယ်ယူတတ်ဆင်ပေးထားသည်။ ကမ်းရိုးတမ်း၌ လှုပ်ရှားနေသော တပ်ကြပ်ကြီး တင်ထွန်း တပ်စိတ်အား ဆက်သွယ်ညွန်ကြားရန် အတွက် (Control) စက်ကြီးတစ်လုံး၊ ရန်သူ့ သတင်း ကြားဖြတ်နား ထောင်ရန် (Sony) စက်ကြီးတစ်လုံးကိုပါ ဝယ်ယူထားပြီး ဖြစ်သည်။

ဗိုလ်သွေးအဖွဲ့ မိမိတို့နှင့် ပူးပေါင်းလိုက်သောအခါ တန်ဘိုးကြီးမားသော ရဲဘော်ညီအစ်ကို နှစ်ဦးကို ရလိုက်သည်။ (ကိုမိုး) နှင့် (ကိုနွေ) ဆိုသူနှစ်ဦး ဖြစ်ပြီး မိမိတို့ တပ်ရင်း၏ (နား) များ ဖြစ်သည်။ စကားဝှက်ဖေါ်ရာတွင် အလွန်ကျွမ်းကျင်လှသည်။ တနေ့ ၄င်းတို့အလုပ်တဲသို့ သွား၍ လိုအပ်ချက်များကို စီစဉ်သည်။ တဲသို့ ဝင်သည်နှင့် ဆေးခြောက်နံ့ များဖြင့် ဆီးကြိုသည်။ (ဒညတ) စခန်းမှပါလာသော အမွေကို ဆက်ခံနေခြင်း ဖြစ်မည်။ နိုင်ငံတကာ တပ်မတော်များ၌ အရက်သောက်စားခြင်းကို ခွင့်ပြုထားလင့်ကစား၊ မိမိတို့ တပ်မတော်၌ မူးယစ်သောက်စားခြင်းကို ပိတ်ပင်ထားရာ ပိတ်ပင်ထားသည့်ထဲ၌ အရက် ပါဝင်သည်။ အရက် မသောက်ရန် သောက်ပြီး မမူးရန်၊ ပြသနာမရှာရန်၊ ပြဿနာ အကြီးအသေးအလိုက် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။ အရက်မှ လွဲ၍ ကျန်မူးယစ်ဆေးဝါးများ မသုံးရန် တင်းကြပ်စွာ စည်းကမ်းထုတ်ထားပြီး ဖြစ်သည်။

ရွှေဖျင်းကြီး ရွှေဖျင်းလေး ညီနောင်ဖြစ်သည့် (ကိုမိုး နှင့် ကိုနွေ) တို့အား တပ်မတော်ဥပဒေနှင့် မငြိစွန်းစေရန်နှင့် လွတ်ကင်းစေရန်အတွက် -

“ဒီလို လုပ်ရအောင်ဗျား၊ ဆေးခြောက်အစား အရက်အစားထိုးရင် မရဘူးလား”။ “တပါတ်ကို (စပါးနှံ) ထိုင်းချက်အရက် နှစ်လုံးပေးမယ်၊”

“ရပါတယ်၊ ဒါပေမဲ့ (Feeling) က မတူဘူးဗျ”တဲ့။

ဟုတ်နိုင်ပါသည်၊ (Feeling) ဘယ်လောက်ရှိသည်ကို ၄င်းတို့နှင့်အတူ ရှိနေသော (ကြောင်ထီး) အနက် တစ်ကောင်သည်ပင် အမြဲ (Feel) တက်နေသည်ဟု ထင်ရသည်။

ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်

0 comments:

Post a Comment