Fans of Mahn Robert Ba Zan

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၉)

ကျနော်နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) - အပိုင်း (၉)
 အပိုင်း (၈) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

မိမိတို့၏ တောင်ဘက်၊ မြောက်ဘက်ရှိ ညီအစ်ကိုများနှင့် နားလည်မှုရရှိပြီးဖြစ်သဖြင့် (ယွားဟေလူ) စခန်းကို ခိုင်မာစွာ တည်ဆောက်ရန် စီမံရပြန်သည်။ တပ်ကြပ်ကြီးတင်ထွန်း (ကျဆုံး) ဦးစီး တပ်စိတ်တစ်စိတ်ကို နယ်မြေ ကျွမ်းကျင်ရန်နှင့် ကင်းရှည်ထိုးရန် (နာကဖရောင်) သို့ စေလွတ်လိုက်သည်။ ခံစစ်စခန်း ခိုင်မာစေရန် ပြင်ဆင်ရာတွင် (ကီးဒို) ကုန်းကို မိမိ ကြည့်ခဲ့ဘူးသော (ဗီယက်နမ်စစ်ပွဲ) အမေရိကန်ရုပ်ရှင် (Humberger Hill) ကားအတိုင်း စီမံသည်။


(ကီးဒို) ခံစစ်ကုန်းသည် စီမံချက်အတိုင်း ပြီးလုနေပါပြီး။ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ တောင်စွယ် သုံးစွယ် ထိပ်ရှိ ကတုတ်ကျင်းကြီး နှစ်လုံးစီ၊ ခြံစည်းရိုး သုံးထပ် အားလုံး ပြီးနေပါပြီ။ ဗိုလ်ကျော်လှနှင့် မိုင်းဗုံးအဖွဲ့သည် ခြံစည်းရိုးကြားတွင် ဝါးညှောင့်များ စိုက်နေကြသည်၊ ဗုံးအဖွဲ့ လေးယောက် တစ်ရက်၊ တစ်ယောက် (၁၅) လုံးနှုန်း ဗုံးထောင်နေကြ သည်။ ဗုံးအဖွဲ့ အတွင်းမှ တပ်ရင်းစံပြဆုတံဆိပ်ရရှိရန် အလားအလာရှိသော ရဲဘော်နန်းအောင် ကိုယ့်မိုင်းကိုထိပြီး လက်နှစ်ဖက်စလုံး ပြတ်သွားသည်။ မိမိတို့တပ်ရင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သည်။

မှတ်ချက်။
 ခံစစ်သေစစ်ရေးကို ဆန့်ကျင်၊ ခံစစ်ရှင်စစ်ရေးကို ကျင့်သုံးရန် ၁၉၆၃ ခုနှစ်၊ (ဖလိုးခီး) ဗဟိုနိုင်ငံရေး - စစ်ရေး သင်တန်း၌ သင်တန်းမှူးတစ်ဦးဖြစ်သော ဗိုလ်ချုပ်တင်ဦး (ဖူးတာအယ်) ထိုစဉ်က KPLA (Karen People Liberation Army) ဒုတိယ စစ်ဦးစီးချုပ်၊ ပို့ချခဲ့သော စစ်ရေးဝိဇ္ဇာဘာသာရပ်ကို မှတ်ယူခဲ့ပြီး ဖြစ်သည်။

 

မိမိစီမံချက်မှာ (ယွားဟေလူ) စခန်းအား တစ်လတိတိ ရန်သူ့ထိုးစစ် ခံနိုင်ရန် ရည်ရွယ်သည်။ ထိုးစစ် ကာလအတွင်း ရန်သူ ကို မိမိအတွင်းစည်းဝိုင်းအတွင်းသို့ မြူဆွယ်ပြီး နောက်ပိုင်းမှ ပိတ်ဆို့ရန် ဖြစ်သည်။ နယ်မြေအနေအထားအရ သွားလာရန် မလွယ်၊ ထို့ကြောင့် ရန်သူကိုတိုက်ခိုက်ရန် စည်းဝိုင်း (၃) ဝိုင်း စီမံထားခြင်း ဖြစ်သည်။ အလယ် စည်းဝိုင်း၌ ရန်သူကို ပြောက်ကျားပစ်ပြီး အပြင်စည်းဝိုင်းသည် ရန်သူ့ ထောက်ပို့ကို တိုက်ခိုက်ရန်ဖြစ်သည်။

အလယ်စည်းဝိုင်းနှင့် အပြင်စည်းဝိုင်းရှိ ရန်သူကို တိုက်ခိုက်ရန် ကျည်နှင့် ရိက္ခာ ပြင်ဆင်ရမည် ဖြစ်သည်။ ရိက္ခာ တာရှည်ခံ နိုင်ရန်အတွက် မိမိတို့စဉ်းစားကြရာ မြေကြီးအောက်၌ မြှုပ်ထားရန်ဖြစ်သည်။ တာရှည်ခံနိုင်ရန် အတွက် ဒီဇယ်တိုင်ကီပုံး များကို ဝယ်သည်။ ဆီနန့်ပျောက်ရန်အတွက် ပုံးထဲသို့ ဆပ်ပြာမှုန့်ထည့်၊ ရေထည့်ပြီး မီးတိုက်သည်။ နောက် ရေဆေးပြီး အချောက်ခံလိုက်သောအခါ ဆီနန့် မရတော့ပေ။ တိုင်ကီပုံး တစ်လုံးတွင် ဆန် နှစ်အိတ်ခွဲဆန့်သည်။

ခလရ (၂၂၄) ဌာနချုပ် (ဘုတ်ပျင်း) နှင့် အနီးဆုံး နာရီဝက်ခရီး၌ တိုင်ကီပုံးနှင့် ဆန်များထမ်းပြီး မြေမြှုပ်ဖွက်ထားလိုက် သည်။ (AK) နှင့် (M-16) ကျည်များကိုပါ ဝှက်ထားလိုက်သည်။ အလယ်စည်းဝိုင်း၌ ပြောက်ကျား (၅) ယောက် တစ်ဖွဲ့ (၅) ဖွဲ့ နေရာချထားသည်။ တိုက်ပွဲကာလ ၄င်းတို့ စားရန် တိုင်ကီပုံး တစ်ပုံးစီ မြုပ်ထားရန် စီစဉ်ထားပြီး ဖြစ်သည်။

မှတ်ချက်။

ခံစစ်ဟာ သေတွင်းဖြစ်တယ်ဆိုတာ သိတယ်။ ဘာကြောင့် (ယွားဟေလူ) စခန်းမှာ တစ်လတိတိ ရန်သူကို ဆွဲတိုက်ရသလဲ ဆိုတော့ (ကော်မူးရာ - ဝမ်းခါ) စခန်း တိုက်ပွဲစဉ် တလျှောက်လုံး ရန်သူ့ထိုးစစ်မှန်သမျှကို ခုခံနိုင်ခဲ့လို့ ကရင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာ မြင့်မားခဲ့တယ်။

မိမိတို့ (မိုးတောင်) ရောက်တော့ အခိုင်အမာ စခန်းဆောက်ဘို့ အကြံပြုကြည့်တယ်။ “ခံစစ်ရှင် ပြောက်ကျားဘဲ အခိုင်အမာ စခန်း မလိုဘူး” လို့ တာဝန်ရှိသူမှ ပြန်ပြောပါတယ်။ တကယ့်တကယ် (မိုးတောင်) ကို ရန်သူထိုးတော့ တစ်ရက်မခံဘူး ဆုတ်ခဲ့ရတယ်။ ပြင်ဆင်မှု မရှိတော့ သိက္ခာမဲ့စွာနဲ့ ဆုတ်လိုက်ရတယ်။

ထိုသို့ မဖြစ်ရရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ တစ်လတိုင်ခံတိုက်ပြီး ဘယ်လိုဆုတ်မလဲ၊ ဘယ်ကို ဆုတ်မလဲ ဆိုသည် ကို စဉ်းစားသည်။ ဆုတ်မဲ့နေရာကတော့ (ဃိုသဲလူ) ဆိုသည့် နေရာဖြစ်သည်။ ထိုနေရာကို ပြင်ဆင်ရန် (ဗိုလ်အယ်ခလေး) တပ်ခွဲကို တာဝန်ပေးလိုက်သည်။ (ဃိုသဲလူ) ကို ဆုတ်ရင် ရွာများကိုဖြတ်ပြီး ဆုတ်ရမည်ဖြစ်၍ ပြည်သူများ၏ ထောက်ခံမှု ရရှိအောင် လုပ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် လစဉ် တပ်တွင်း စည်းဝေးပွဲတစ်ခုတွင် -

- ရန်သူ့ထိုးစစ်တစ်လခံနိုင်ရန်အတွက် (ကီးဒို) ခံစစ်ကုန်း ခံစစ်ဒုတိယအဆင့်ကို ပြင်ဆင်မည်။
- ပွိုင့် (၄၉၁) ကုန်းတွင် ခံစစ်နေရာပြင်မည်။
- ရွာသားများကို စည်းရုံးရမည်။
- ၁၂ဝ မမ စိန်ပြောင်း (Delay) ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် စီမံချက်များ ချမှတ်လိုက်သည်။ ထိုစီမံချက်များ အတိုင်း လုပ်ဆောင်ရန် တာဝန်များ ခွဲဝေလိုက်သည်။
- ဗိုလ်ကြီးတင့်လွင်အား သစ်လုပ်ငန်းမှ (Bull Dozer) ကိုခေါ်၍ (ကီးဒို) ခံစစ်ကုန်း၏ ခြံစည်းရိုး (၃) ထပ် အောက်ဘက် (၁ဝ) ပေ အမြင့်ရှိ အောက်မြေသားများအား ကော်ထုတ် ခိုင်းရမည်။ ရန်သူ အလွယ်တကူ ကျားတက်မထိုးနိုင်ရန် ဖြစ်သည်။ ဒုတိယအဆင့် ဖြစ်သည်။ ထိုအဆင့်၌ (ကီးဒို) ခံစစ်ကုန်းထိပ်သို့ တက်နိုင်သည့် တောင်ကြော သုံးကြောလုံး၏ ထိပ်၌ ကတုတ်ကျင်းနှစ်လုံးစီ ဆောက်ရန် တာဝန်ပေးလိုက်သည်။
- ပွိုင့် (၄၉၁) ကုန်းတွင် ခံစစ်နေရာပြင်ရန် ဗိုလ်ထူးထူး တပ်စုကို တာဝန်ပေးသည်။ ကတုတ်များ၊ ဆက်သွယ်ရေးမြောင်း၊ ခြံစည်းရိုး၊ (ကီးဒို) ခံစစ်ကုန်းကဲ့သို့ (၁ဝ) ပေအမြင့်ရှိ အောက်မြေသားများ ကော်ထုတ်ရန် ဖြစ်သည်။
- ၁၂ဝ မမ စိန်ပြောင်း (Delay) ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် ဗိုလ်ကော်လာတပ်စုကို တာဝန်ပေးသည်။ မိမိတို့၌ရှိသော ၈၁ မမ စိန်မြောင်းနေရာမှ စတင်၍ (ကီးဒို) ခံစစ်ကုန်းကိုပတ်ပြီး စတင်တူးရမည်။ တစ်ဖွဲ့သည် ဘယ်ဘက်မှ စတူးပြီး ကျန်တစ်ဖွဲ့သည် ညာဘက်မှ စတူးရမည်။ ဥမင်၏ အပေါ်မြေသား ပြိုမကျရေးအတွက် ဒေါင့်ထောက်ရန် သစ်တိုင်နှင့် သစ်လုံးခုတ်ရန် ဗိုလ်ထွန်းမြင့်တပ်စုကို တာဝန်ပေးလိုက်သည်။

မှတ်ချက်။
 မိမိဖတ်ဘူးသော (The Tunnel of Cuchi) စာအုပ်တွင် ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး ပြောက်ကျား တပ်ဖွဲ့များ တိုက်နည်းကိုယူ၍ မိမိရဲဘော်များ အထိအခိုက် နည်းစေရန်နှင့် တစ်လခံမည့် ခံစစ်စီမံချက် ဖြစ်သည်။

မှတ်ချက်။

လူထုစည်းရုံးရေး လုပ်ရာတွင် သြဇာရှိပြီး လူထု ရိုသေလေးစားမှု ခံရသော၊ ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ ဗလီ ဆရာများကို စတင် စည်းရုံးရမည်၊ ထိုခေါင်းဆောင်များ၏ ထောက်ခံမှုကို အရင်လုပ်ရမည်။ ထိုမှတဆင့် လူထုလုပ်ငန်းများ ရှာလုပ်ရမည်။

- စစ်တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း စစ်တိုက်၊ စစ်တိုက်ရင်း လေ့လာ၊ လေ့လာရင်း စစ်တိုက်ရမယ်။
- သဘာဝ အကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။
- လူထု မထောက်ခံတဲ့ တော်လှန်ရေးဟာ သွေးမရှိတဲ့ လူလိုဘဲ။
- တော်လှန်ရေး တရပ်ကို လူထုက မထောက်ခံတော့ဘူး ဆိုရင် ဒီတော်လှန်ရေးဟာ မသာခေါင်းလောင်း ထိုးခံရတာနဲ့ အတူတူဘဲ။
- လူထုဆန့်ကျင်ရေး မလုပ်နဲ့၊ လူထုနောက်မှီးဆွဲလည်း မဖြစ်နဲ့။

မိမိတက်ခဲ့ဘူးသော စစ်နှင့် နိုင်ငံရေးသင်တန်းများမှ လေ့လာမှတ်ယူခဲ့ဘူးသော စစ်သင်ခဏ်းစာများကို လက်တွေ့ အသုံးချ ရတော့မည် ဖြစ်သည်။ အထက်ပါလူထုလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် မိမိတို့ လုပ်ဆောင်ကြပါပြီ။

ဆောင်းပါးရှင် - ဖထီး မန်းရောဘဇန်

0 comments:

Post a Comment