Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၉)


ဒီအပါတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်မှ ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်းဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လိုလှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဖို့ ရန်သူထုတ် စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဖို့လိုတယ်။ ကလောင်သွားဟာ ဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုစည်းဖော်ပြ ပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လိုသတ်လျှို ရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဖို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်ငိုက်ရရှိရန် လှုပ်ရှားနိုင်ဖို့ လေ့လာနိုင်ရန် ဖြစ်တယ်။



(၁၆)။ အဂ္ဂ္ဂိ ဗျူဟာ (မီးစစ်)

မီးလျှံညိသို့၊ အဂ္ဂ္ဂိ ဗျူဟာ၊ တပ်တောင်တာအား၊ မီးဝါမောင်းမောင်း၊ အရှိန်လှောင်း၍၊ ယင်းရောင်း ကုန်အောင်၊ ရှေးဦးလောင်မှ၊ မြရောင်ညိုညှို၊ ထင်းစိုစိုကို၊ ထိုထိုပြည့်လျှမ်း၊ နောက်မူကျွမ်းသို့၊ ညှိုးနွှမ်းစဘွယ်၊ တပ်ငယ်ငယ်ကို၊ အလွယ်တိုက်ဖျက်၊ ထို့နောက်ဆက်၍၊ ခဲခက်ရှာဖွေ၊ လုပ်ကြံစေ၏။ (မီးတို့သဘောသည် သစ်ဆွေးသစ်ရောင်း အဟောင်းအမြင်းတို့ကို ကုန်အောင်လောင်၍ မီးရှိန်မီးကျီး ကြီးပွားမှ သစ်ပင်သစ်ခက် စိမ်းစိမ်းစိုစိုတို့ကို မကျန်မကြွင်းစေရအောင် လောင်သကဲ့သို့ ရှေးဦးစွာ တပ်သိမ်တပ်ငယ်တို့ကို လွယ်ရာ တိုက်ဖျက်သိမ်းယူ၊ ဗိုလ်လူ အင်အားများကာလမှ တပ်ကြီး တပ်ခိုင်တို့ကို နိုင်အောင် တိုက်ဖျက်သိမ်းယူသည်)။

အဓိပ္ပ္ပါယ်မှာ ရန်သူကို ထီးထီးဖြစ်စေပြီးမှ တိုက်ခိုက်သော စစ်ဗျူဟာပင် ဖြစ်ပါသည်။ မုန့်သည်မသား မုန့်နားစားသို့ ဟူသကဲ့သို့ ရန်သူ၏ ပျော့ကွက်နေရာကို တိုက်ခိုက်ခြေကုတ်ယူပြီး မိမိတပ်အရှိန်အဝါ ရရှိလာသောအခါမှ ရန်သူ၏ အချက်အခြာကို တိုက်ခိုက်ခြင်းပင် ဖြစ်ပါသည်။ ယခုခေတ်တွင်လည်း ဤစစ်မဟာဗျူဟာကို သုံးစွဲအခြေပြုနေရသည်သာ ဖြစ်ပါသည်။

၁၇။ ကာက ဗျူဟာ (ကျီးစစ်)

အနေချက်ကျ၊ မရှိရသား၊ ကာက ဗျူဟာ၊ စစ်ရေးရာကား၊ သူ့မှာသစ်သစ်၊ အားကြီးဖြစ်၍၊ တို့စစ်လွင်လွင်၊ ရှိသည်ထင်သော်၊ ဆောလျင်ထုတ်ခြောက်၊ ခရီးပေါက်သည်၊ ကျီးကြောက်ကျီးရဲ၊ သူ့တပ်ထဲဝယ်၊ စွန်ဝဲသောသွင်၊ ရုတ်ရင်းဝင်၍၊ ဖမ်းငင်လွှင့်ချွေ၊ သိမ်းယူလေ၏။ (ဗျူဟ စက္ကိ) (ကျီးရဲသည် လူပုံထဲဝယ်၊ ပျံကာဝဲ၍ ငါးအမဲတို့ကို သုတ်ယူသကဲ့သို့ တို့က စစ်သည်အား နည်းသော်လည်း သူ့စစ်သည်များကို ရုတ်တရက်ဝင်၍ လိုက်လံထိုးခုတ်သည်။)

သဘောမှာကား ရန်သူ၏တပ်တွင်းသို့ စွန့်စွန့်စားစားဝင်၍ ရန်သူကို တိုက်ခိုက်ချေမှုန်းစေသော စစ်မဟာဗျူဟာပင် ဖြစ်ပါသည်။ ယခုခေတ် ကွန်မန်ဒိုတပ်များသုံးသော သဘောပင် ဖြစ်ပါသည်။ ရှေးခေတ် အခါကပင် ရှိသော်လည်း ကွန်မန်ဒို ဟူသော အမည်ရပြီးမှသာ လူသိ များလာခြင်း ဖြစ်ပါသည်။ မြန်မာ့စစ်သမိုင်းတွင် ကျန်စစ်သား၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ မဟာ သီဟသူရ၊ တိမ်ကြားမင်းခေါင်၊ မင်းရဲကောင်းပုံတို့သည် ကွန်မန်ဒို မဟာဗျူဟာကို ပိုင်နိုင်သော သူရဲကောင်းများ ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာတို့၏ စစ်မဟာဗျူဟာ မည်၍ပြည့်စုံသည် မည်မျှခေတ်မှီ သည်ကို တွေ့နိုင်ပါသည်။

၁၈။ ဗျဂ္ဃ ဗျူဟာ (ကျားစစ်)

ဂစစ်နေစစ်ချ၊ ထုံးပြသသည်၊ ဗျဂ္ဃ ဗျူဟာ၊ ထိုကြောင်းလျာမူ၊ သတ္တဝါအများ၊ တောဝယ်သားကို၊ သွားလာရပ်နေ၊  မသိစေအောင်၊  လက်ခြေမလှုပ်၊  ခေါင်းမြီးအုပ်လျက်၊ ကျားခုတ်သော့နယ်၊  အသင့်ရွယ်၍၊  ကာကွယ်ပုန်းအောင်း၊ သူရဲကောင်းတို့၊ ချောင်းမြောင်းဗိုလ်ခြေ၊ လိုက်လံမွှေ၏၊ အသေအသတ် ကမ္ပည်းခတ်၍၊ စွဲမှတ်စရာ၊ ထုံးဗျူဟာမူ၊ ရှုသာဘွယ်ပင်၊အများထင်သည်၊ စစ်ဆင်မူလ အရင်းတည်း။ (ကျားသည် ခြေလေးဘက် ခေါင်းအမြီးတို့ကို မလှုပ်မရှား အသာသွား၍၊ တောသားတောငါးတို့ကို ဖမ်းစားသကဲ့သို့ တဘက်ရန်သူတို့ မသိရအောင် အသက်အသံမရှိစေရ၊ တိတ်တဆိတ်ကွယ်ကာ ပုန်းအောင်း ချောင်းမြောင်း လိုက်လံသည်) သဘောကား ရန်သူကို လှည့်စား၍ အငိုက်ရယူ၊ အနိုင်တိုက်ခိုက်သော စစ်မဟာဗျူဟာပင် ဖြစ်သည်။ ယခုခေတ် ခြုံခို တိုက်ပွဲများသည် ဤသဘောမျိုးကိုပင် လိုက်နာဆင်နွှဲလျက် ရှိရသည် ဖြစ်ပါသည်။ ခြုံခိုတိုက်ပွဲကဲ့သို့ တိုက်ပွဲငယ်များသာမဟုတ်၊ အဆုံးအဖြတ် တိုက်ပွဲကြီးများမှာလည်း မိမိ၏ တပ်အနေအထား စီမံချက်တို့ကို ရန်သူမသိရစေဘဲ သတ်ကွင်းသို့ ဝင်လာစေပြီး အပိုင်ချေမှုန်းသောနည်း ဖြစ်ပါသည်။ ရန်သူအား တိုက်သာတိုက်စေ၊ မပြေးစေနှင့်ဆိုသည်မှာ ဤမဟာစစ်ဗျူဟာ၏ သဘောပင် ဖြစ်ပါသည်။

ဆောင်းပါးရှင်
မန်းရောဘတ် ဘဇန်

0 comments:

Post a Comment