Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၈)


ဒီအပါတ် ဗမာ့စစ်ပညာထဲက ဗမာတပ်မတော်က ပေါ်လစီရေးဆွဲသူတွေ ကျင့်သုံးခဲ့တဲ့ စစ်နည်း ဗျူဟာ (၂၉) ချက်ထဲက ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။ ရန်သူတွေ ဘာလုပ်တတ်သလဲ၊ ဘယ်လိုလှည့်စားခဲ့သလဲ၊ ဘာတွေဆက်လုပ်နိုင်သလဲဆိုတာ သိရှိဘို့ ရန်သူထုတ်စာအုပ်စာတမ်းတွေ လေ့လာ သုံးသပ်နိုင်ဘို့လိုတယ်။ ကလောင်သွားဟာဓါးသွားထက် ထက်တာမို့ စာပေဗဟုသုတများကို ရဲဘော်တို့ ရှာဖွေချိန် မရတာကြောင့် စုဆည်းဖော်ပြ ပေးလိုက်ပါတယ်။ ရန်သူဟာ မိမိတို့ကို ဘယ်လိုဖြိုခွဲရမလဲ၊ ဘယ်လို သတ်လျှိုရမလဲဆိုတာ အမြဲစဉ်းစားနေတယ်၊ ဒါကြောင့် သူတို့ လိုချင်တဲ့ဘောင်ထဲ သတ်ကွင်းထဲ မရောက်ဘို့နဲ့ မိမိတို့က လက်ဦးမှုရှိရှိ အလစ်ငိုက် ရရှိရန် လှုပ်ရှားနိုင်ဘို့ လေ့လာနိုင်ရန် ဖြစ်တယ်။



(၁၃) ကီဍက ဗျူဟာ (ပရွက်ဆိတ်စစ်)

ချိန်နှိုင်းစာသော်၊ လွန်စွာကြီးမား၊ ဝတ္တုများကို၊ ပိုးမြွားပရွက်၊ ဆောင်ယူထွက်သို့၊ တဖက်ရန်သူ၊ အင်မတန်အောင်၊ နိုင်ဟန်မမြော်၊ အားကြီးသော်လည်း၊ ရဲဘော်ညီညွတ်၊  အကုန်လွတ်မှ၊  ရွတ်ရွတ်ချွံချွံ၊ သူ့တပ်ခံကို၊ တိုက်လံသမျှ၊ ခေါ်ဆိုကြသည်၊ ကီဍက ဗျူဟာ၊ (ပိုးရွခြ ပရွက်တို့သည် ငယ်သော အကောင်ဖြစ်လျက် များစွာသော ဝတ္တုတို့ကို ဆောင်ယူသွားကြသကဲ့သို့ တဘက်သားရန် အင်မတန် အားကြီးသော်လည်း ရဲမက်တစု ညီညီညွတ်ညွတ် ရွတ်ရွတ်ချွံချွံ၊  တိုက်လံကြသည်)။

ဤစစ်မဟာဗျူဟာသဘောမှာ ပြောက်ကျားစစ်ဟူ၍ ဆိုနိုင်ပါသည်။ မိမိအင်အား သေးသည်ဖြစ် အင်အားကြီးသော ရန်သူကို ပြောက်ကျားစနစ်နှင့် ဆင်နွဲရသည် ဖြစ်ပါသည်။ ဤတွင်ပြည်သူ့စစ်နှင့် ပြောက်ကျားစစ်မှာ သဘောဆင်သော်လည်း အတူမဆိုနိုင်ပါ၊ ပြည်သူ့စစ်မှာ ကျယ်ဝန်းပြီး ပြောက်ကျားစစ်ဟူသည် ပြည်သူ့စစ်၏ တစိတ်တဒေသ သာလျှင် ဖြစ်ပါသည်။ ယခုခေတ် စစ်ပွဲများတွင် ခြုံခိုတိုက်ခိုက်ခြင်း၊ ကွန်မန်ဒိုတပ်များနှင့် သွားရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်ဖြစ်ရာ ဤသဘောပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ရှေ့မြန်မာစစ် ပညာတွင်ပြည်သူ့ စစ်သည်၎င်း၊ ပြည်သူ့ပြောက်ကျားစစ်သည်၎င်း၊ အခေါ်အဝေါ် မတူစေကာ ရှိပြီးဖြစ်သည်ကို တွေ့နိုင်ပါသည်။

(၁၄)။ ရုက္ခ ဗျူဟာ (သစ်ပင်စစ်)

မြေသြဇာထက်၊ သိတာချမ်းမြေ့၊ ရေရှိန်ငွေ့ဖြင့်၊ သစ်စေ့သစ်ပင်၊ စိုက်ရာတွင်နှိုက်၊ သန့်စင်ညွန့်ညှောက် ပျိုးချပေါက်လျက်၊ ရွက်ယောက်မူလ၊ ရှေးဦးစမှ၊ ရုက္ခဝေဆာ၊ ကိုင်းခက်ဖြာသို့၊  တပ်တာရွေ့ရွေ့၊ တမွေ့မွေ့လျှင်၊ ရုက္ခ ဗျူဟာ၊ ဤအရာကို၊  လေ့လာမပြတ်၊  အမြဲမှတ်လျက်၊  အားသစ်အန်ထောင်၊ မလတ်အောင်၊ ကြံဆောင်ရမိ၊ မြင်မြော်သိအောင်၊ သတိမကွေ၊ ထားသင့်လေသည်၊ စစ်မြေချီရာ ချတွင်းတည်း။

(သစ်စေ့ကို စိုက်ပျိုး၍ ရေသွန်းလျှင်တရွေ့တရွေ့၊ တနေ့ထက်တနေ့၊ အပင်ပေါက်ရောက်သဖြင့်၊ အကိုင်းအခက်၊ အရွက်ပင်စည် ပွားများသကဲ့သို့၊ တနေ့တခြား ဆင့်ဆင့်ပွား၍၊ ဗိုလ်ပါရဲမက် လက်နက်လူသူ ခိုင်ပြီး များပြားစေသည်) သဘောမှာကား၊ စစ်အင်အားကို အစဉ်တိုးပွား နေစေရမည်ဟူသော စစ်မဟာဗျူဟာပင် ဖြစ်ပါသည်။ ယခုခေတ်တွင်လည်း စစ် အင်အား ကြီးမားသော နိုင်ငံများကို အင်အားငယ်သောနိုင်ငံများက လေးစားမှီခိုရသည်ကို တွေ့ရမည်ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် ကုန်းဘောင်ခေတ် နောက်ပိုင်း မင်းများသည် ဤစစ်မဟာဗျူဟာ ချို့တဲ့သဖြင့် နှစ်ပေါင်း (၁ဝဝ) ကျော်မျှ နိုင်ငံသူ့ကျွန် ဖြစ်ခဲ့ရသည်ကို သင်ခန်းစာယူဖွယ် ဖြစ်ပါသည်။

(၁၅)။ ဥဂ္ဂတ ဗျူဟာ။

(ဥဂ္ဂတ ဗျူဟာ၊ ရှေးနည်းနာကား၊ တပ်တာများမြောင်၊  ဗိုလ်စုဘောင်တွင်၊  ရဲရောင်သန်ကြမ်း၊ ထိတ်ထိတ်မွမ်းမျှ၊ မှုထမ်းစစ်သည်၊ စက်ဝန်းတည်သို့၊ လှည့်လည်ခိုင်ခန့်၊ ပြင်အနှံ့တည့်၊ စစ်ညံ့မူကား၊  အလယ်ထား၍၊ ရဲအားဗိုလ်ခြေ၊ ပျမ်းညှိဝေ၏) (ဗျူဟ စက္ကိ) စစ်ကျမ်း။ (ရဲရောင်သန်ကြမ်းသော မှုထမ်းစစ်သည်တို့ကို ပြင်ကစစ်ဝန်းလည်သကဲ့သို့ အနှံ့အပြား ပတ်ပတ်လှည့်ထားပြီးလျင်၊ အားနည်းသော စစ်သည်ရဲမက် ဗိုလ်ခြေတို့ကို အလယ်က ရှိစေရသည်)။ သဘောကား စစ်ဦးဘီလူး ဆိုသကဲ့သို့တိုက်ခိုက်နိုင်ရန် ရန်သူကမိမိတပ်နယ်မြေအား အလွယ်တကူ မထိုးဖေါက် နိုင်စေရန်အတွက် အရည်အချင်းရှိသော တပ်များကို ရှေ့တန်းတင်ထားသည့် စစ်မဟာဗျူဟာပင် ဖြစ်ပါသည်။ ဥပမာဆိုရသော် ညံ့သောတပ်များကို မြို့စောင့် ရွာစောင့် လုံခြုံရေးအဖြစ် ထားရှိပြီး အရည်အချင်းရှိသော တပ်များကို တိုက်ခိုက်ရေး တပ်များအဖြစ် သူ့နေရာနှင့်သူ အံဝင်ဂွင်ကျသုံးသော သဘောပင်ဖြစ်ပါသည်။ ဆွန်ဇူးကလည်း စစ်သည်များကို ရဲရင့်သူနှင့် ပျော့ညံ့သူ မျှတစေရမည် ဆိုခဲ့ရာ ဤသဘောပင်ဖြစ်ပါသည်။

ဆောင်းပါးရှင် - 
မန်းရောဘတ် ဘဇန်

0 comments:

Post a Comment