Fans of Mahn Robert Ba Zan

ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ - အပိုင်း (၇)


(၉)၊ ဓါရက ဗျူဟာ၊

ဗိုလ်အင်ပြိုင်းပြိုင်း။ တပ်ချတိုင်းလျှင်။ ထုံးပိုင်းမချန်။ ခန်ဏ္ဍထားရန်ကို။ ဝေဘန်တောင်မြောက်။ ရှေဏ္ဍနှင့်နောက်ဝယ်။   ခုံထောက်နှိုင်းတု။  ခုနှစ်ပြုမှ။ ရှစ်စုကိုးကွက်။ ပွားဆတက်။ စစ်မက်ဆင်ရာ။ တပ်တောင်တာဝယ်။ ဗိုလ်ပါကျင်းပ။ ထုံးနည်းပြသည်။ ဓါရက ဗျူဟာ။ ကြောင်းချာလည်း။ မည်သောသိထင်။ တပွဲတွင်.၊ “တပ်ချတိုင်း တပ်ချတိုင်း ရှေဏ္ဍနောက်တောင်မြောက် လေးမျက်နှာ တိုဏ္ဍနှိုက် ဖိုခနောက်ဆိုင် ခုနှစ်ကွက်။ ရှစ်ကွက်။ ကိုးကွက်။ စီးပွားတပ်ချပြီးလျှင်။ ဗိုလ်ပါဆင်မြင်း ကျင်းပစီရင်သည်”“အဘက်ဘက်မှ လုံခြုံမှုရှိစေရန်၎င်း။ တပ်အချင်းချင်း အပြန်အလှန် ကူညီနိုင်ရန်၎င်း။ အရံတပ်များ လုံလုံလောက်လောက် ရှိစေရန်၎င်း။ ရန်သူမထိုးဖေါက်နိုင်ရန်၎င်း။ အကွက်လိုက်တပ်ကို အထပ်ထပ် ချထားခြင်းဖြစ်သည်၊  ယခုခေတ်တွင်လည်း တပ်ချတိုင်းနည်းကို သုံးရသည်သာ ဖြစ်ပါသည်။



(၁ဝ)၊ ပဒုမ ဗျူဟာ (ကြာချပ်စစ်)

“ကြာပင်ယှက်သွယ်။ ကြာတို့ဝယ်နှိုက်။ ကြီးငယ်ဆင်သင့်။ အဆင့်ဆင့်တိ။ ကြာပွင့်ရံထပ်။ ကြာမုံချပ်သို့။ စေ့စပ်ဝန်းရုံ။ တပ်တာပုံမူ။ ပဒမျွ ဗျူဟာ။ စစ်ဖွယ်ရာဖြင့်။ စစ်မှာစီရင်။ တပွဲဆင်.။ ယင်းလျှင်လုံခြုံ။ ထုံးစေ့စုံသား။ တပ်ပုံကဲ့သို့။ စီရင်မြို့မူ။  နတ်တို့လက်ချိန်။ ဝရဇိန်သည်။ လောင်ထိန်စက်ဝါ ဝင်းဝင်းတည်း”(ကြာပွင့်ကြာချပ်ကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တပ်ထောင်တာ စီရင်သည်)

(စစ်တို့သဘောသည် ရန်သူကတိုက်သည်နှင့် တခါတည်းအဆုံးအဖြတ်ပေးသော တိုက်ပွဲမျိုး မဖြစ်စေရန် ပြိုဆင်း မသွားစေရန်အတွက်  ခံစစ်ကြောင်း အထပ်ထပ်ဖြင့် အတွင်းစည်း အပြင်စည်း အဝေးစည်း ကြာချပ်သဖွယ် တပ်ချထားရပေမည်၊  သို့မှသာလျှင် ရန်သူသည် မည်သည့်ဘက်က  ပျော့ကွက်ရှိသည်ကို  လာရောက်အားစမ်းသည်ဖြစ်စေ မထိုးမဖေါက်နိုင် ရှိမည်ဖြစ်ပါသည်)

(၁၁)၊ မဓု ဗျူဟာ (ပျားစစ်)

“ယူသည်သောက်စို့။ ပျားလပို့နှင့်။ ပျားတို့စုအုံ။ တောပျစချုံတွင်။ ပျားအုံရှိနေ။ ထိခိုက်ချေသော်။ ပျားတွေအရှုပ်။ ဝန်းတုပ်သို့။ စိုးချုပ်ပတ်ခြံ။ သူ့နိုင်ငံအား။ စိတ်ကြံပါးယား။ ယူမပွားတည့်။ တိုင်းကားချက်ခြာ။ ကိုယ့်မြို့ရွာသို့ ရန်ရှာဒေါသ။ အလျင်စမူ။ ပြင်ပြမညောင်း။ ညီညာပေါင်း။ သောင်းသောင်းရုရု။ တိုက်လံပြုသည်”(အုံကိုထိလျှင် ပျားများတရုံးရုံး ဝန်းအုံညီညာ။ ကိုက်တုပ်ကြသကဲ့သို့။ တပါးနိုင်ငံကို တို့ကစု မတိုက်မလံ။ တို့နိုင်ငံသို့။ သူကစစ်ရေးစလာသော်။ ညီညာဖျဖျ ဝိုင်းဝန်းကြလျက်။ သူက ရန်စစ်ကို နုတ်ပစ်ဖယ်ရှားသည်) (ပျားစစ်.သဘောမှာ ပြည်သူ့စစ်မဟာဗျူဟာ ပင်ဖြစ်ပါသည်၊ မြန်မာတို့သည် နယ်ချဲ့စစ်ကိုမလိုလား။ ငြိမ်းချမ်းရေးကို မြတ်နိုးသူများဖြစ်ကြောင်းကို ပျားစစ်မဟာဗျူဟာကို ကျင်းသုံးခြင်းဖြင့်။ ထင်ရှားသိသာပေသည်၊ မိမိနိုင်ငံကို ကျူးကျော်လာလျင် ပျားတို့ကဲ့သို့ တညီတညာတည်း ဝိုင်းဝန်းတိုက်ခိုက် ချေမှုန်းလေ့ရှိခဲ့ကြပါသည်) (ရှေးမြန်မာ့စစ်ပညာတွင် မဓု ဗျူဟာခေါ်သောပျားစစ်မဟာဗျူဟာရပ် ပါဝင်ခြင်းကြောင့် ပြည်သူ့စစ်ဟူသည် ယခုခေတ်မှသာ ပေါ်ပေါက်လာသည်မဟုတ်။ ရှေးအစဉ်လာကပင် ရှိခဲ့ပြီးဖြစ်သည်ကို တွေ့နိုင်ပါသည်၊ မော်စီတုံး။

ငုယင်ဂီယပ်တို့သည် ပြည်သူ့စစ် ပါရဂူများဖြစ်သော်လည်း တည်ထောင်သူများကား မဟုတ်ကြပါချေ၊ မြန်မာတို့သည် အနော်ရထာခေတ်ကပင် ( ပြည်သူ့စစ် ) ကို   အကောင်အထည်ဖေါ် ခဲ့ပြီးဖြစ်ပါသည်)၊ (သို့ပြည်သူ့စစ် (ပျားစစ်) ကို အခြေခံလျက် မြန်မာတို့သည် သမိုင်းစဉ်ပြောင်မြောက်သော တိုက်ပွဲများကို ဆင်နွဲခဲ့ကြပေသည်၊ အနော်ရထာခေတ်တွင် ကျူးကျော်လာသော (ဂျွမ်း)(ယိုးဒယား ခမာ)တို့အား မွန်။ မြန်မာ။ ရှမ်းတို့သည် တစည်းတလုံးတည်းဖြင့် စုပေါင်းချေမှုးခဲ့ကြပါသည်၊ ထို့အတူပင် ကူဗလိုင်ခန့် တရုတ်တပ်ကြီးကိုလည်း ပုဂံသား ရှမ်းမြန်မာ တို့သည် ပြည်သူ့စစ်နည်းဖြင့် အောင်နိုင်ခဲ့သည်သာ ဖြစ်ပါသည်၊ လွတ်လပ်ရေးကို ပြန်လည်ရယူသောစစ်ပွဲ။ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲများတွင်လည်း ပြည်သူ့စစ်နည်းဖြင့်ပင် ကျင့်သုံးရခဲ့ပြီး ယခုခေတ်တွင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်ကိုပင် အကောင်အထည်ဖေါ်လျှက် ရှိပါသည်) (ပြည်သူ့စစ်မဟာဗျူဟာသည် နိုင်ငံငယ်များအတွက် အထူးသင့်လျော်သော စစ်မဟာဗျူဟာဖြစ်သဖြင့် နိုင်ငံငယ်တိုင်း ယခုအခါကျင့်သုံးလျက်ရှိပါသည်၊ အာရပ်-အစ္စရေးစစ်ပွဲတွင်အစ္စရေးတို့အောင်နိုင်ခဲ့သည်မှာလည်း ပြည်သူ့စစ်အခြေခံသဘောတရားကို ကျင့်သုံးသောကြောင့်ပင်ဖြစ်ပါသည်၊ သို့ပါ၍ ရှေးမြန်မာတို့ စစ်မဟာဗျူဟာများမှာ ခေတ်မှီလျက်ပင်ရှိသည်သာဖြစ်ပါသည်)၊


၁၂၊ ဘေရီ ဗျူဟာ (စည်ကြီးစစ်)

“တူရိယာတိ။ ပတ်သာနှဲပြွေ။ အထွေထွေဖြင့်။ နာစေမငြီး။ မှုတ်ကြတီးလည်း။ စည်ကြီးဖုံးအုပ်။

အသံချုပ်သို့။ ပိုက်ထုတ်မကွာ။ တပ်တောင်တာကို။ အာဏာသိမ်းဆည်း။ တဦးတည်းလျှင်။ ရုံးစည်းစုံညီဗိုလ်လုံးချီမူ။ (ဘေရီဗျူဟာ)” (ဒုံမင်း။ ခွက်ခွင်း။ မောင်းကြေးနင်း။ ပတ်သာ။ နှဲ။ ပြွေ။ စသောတူရီယာတို့ အသံကိုစည်ကြီးသံ လွမ်းမိုးဖုံးအုပ်ဘိသကဲ့သို့။ အလုံးစုံသော တပ်တောင်တာ ဗိုလ်ပါတို့ကိုသိမ်းဆည်းချုပ်ခြာ။ တအာဏာတည်းဖြင့် စိုးပွပ်တိုက်လံသည်) (သဘောမှာ တသွေး တသံ တမိန့်ဖြင့် အုပ်ချုပ် သွားခြင်းဖြစ်ပေသည်၊ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းတွင် ဂျာမန်စစ်သူကြီး ရွမ်းမဲလ် အနေဖြင့် အခြားသူတိုထက် ကျော်ကြားရခြင်းမှာ စစ်မဟာဗျူဟာကို ကျင့်သုံးသောကြောင့် ဖြစ်ပေသည်၊ မဟာမိတ်များအနေဖြင့် ရွမ်းမဲလ် တပ်ဟု မခေါ်မပြောရ ရန်သူတပ်များဟုသာ သုံးရမည်ဟုသာ အမိန့် ထုတ်ရသည်အထိ ကျော်ကြားခဲ့ပေသည်) မြန်မာ့ စစ်သမိုင်းတွင်လည်း ကျန်စစ်သား။ ဘုရင့်နောင်။ အလောင်းဘုရား။ ဗန္ဓုလတို့သည် စစ်မဟာဗျူဟာကို လက်တွေ့ ကျင့်သုံးနိုင်သူများအဖြစ် သမိုင်းပြောင်မြောက် ခဲ့သူများ ဖြစ်ပေသည်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း စစ်မဟာဗျူဟာနှင့်အညီ ကျင်းသုံးနိုင်သည်ဟု ဆိုနိုင်ပါသည်။

စစ်ဟူသည်မှာ တယောက်တပေါက် သူထင်ရာသူလုပ်။ ကိုယ်ထင်ရကိုယ်လုပ် ဖြစ်သည် မဟုတ်ပေရာ တပ်ကိုကွပ်ကဲသူသည် စစ်သူကြီးများသာမဟုတ် အောက်ခြေအဆင့်ထိ တပ်မှူး ငယ်များအတွက်လည်း အရေးကြီးသည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တကြိမ်တခါ နယ်ချဲ့ အင်္ဂလိပ်တို့ သူ့ကျွန်ဘဝသို့ရောက်ရခြင်းအကြောင်းမှာလည်း စစ်မဟာဗျူဟာကို မကျင့်သုံးနိုင်ခဲ့သော ဟာကွက်ပင် ဖြစ်ပါသည်၊ ရှေ့တန်းစစ်မျက်နှာတွင် နယ်ချဲ့တို့နှင့် ရင်ဆိုင်နေသော စစ်သည်တော်တို့မှာ မည်သူ့အမိန့်ကို နာခံရမှန်းမသိပေ။ ဆက်တိုက်ရန် ကြေးနန်းလည်းလာသည်။

မတိုက်နှင့် တိုက်လျှင်သူပုန်ဟူသောေ ကြးနန်းလည်း လာသည်သို့ဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်ရမည်ကိုမသိ။ ဇဝေဇဝါဖြစ်လျှက်။စိတ်ဓါတ်ကျဆင်းပြီး စစ်ရှုံးရ သည်ဖြစ်ရာ ဦး စီးခေါင်းဆောင်ဖြစ်သော သေနတ်ဝန်ကြီး အဂမဟာ  သေနာပတိဘွဲ့ခံသော ကင်းဝန် မင်းကြီးဦးကောင်းသည် ကျွန်ဖြစ်ရခြင်း. တရာခံလုံးလုံးဖြစ်သည်ကို တွေ့ရပါသည်၊  အချို့က ကင်း ဝန်တွင် အပြစ်မရှိ ငြင်းဆိုလိုကြသည်၊ ဆင်သေကို ဆိတ်ရေနှင့်ဖုံးမရပါချေ၊ နိုင်ငံကျွန်ဖြစ်ရခြင်းသည် ကင်းဝန်. အရည်အချင်း ညံ့ဖျင်းခြင်းကြောင့်သာဆိုသည်မှာ ထင်ရှားသိသာပါသည်၊ သို့ဖြစ်၍ စစ်မဟာဗျူဟာသည်လည်း အရေးပါသောအခန်းကပင် ရှိနေသည်ကို တွေ့နိုင်ပါသည်

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

0 comments:

Post a Comment