Fans of Mahn Robert Ba Zan

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ - အပိုင်း (၃)


 

 ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ
- အပိုင်း (၃)


အပိုင်း (၂) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
စစ်တောင်ပံ နှစ်ခုဖြစ်သော (နော်တ) နှင့် (မယ်ပ) တို့၌ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း အသီးသီးတို့ နေရာယူ ထားကြပြီး ဖြစ်သည်။
မိမိတို့စစ်ကြောင်းလည်း အစီအစဉ်အတိုင်း စစ်ကြောင်းကြီး ချီတက်ပါပြီ။ ဒီဇယ်စက်လှေကြီး (၄) စီးနှင့် စစ်သည်၊ ဝန်ထမ်းများ၊ ရိက္ခာ၊ အရံကျည်များကို တင်ဆောင်လျှက် ချီတက်သွားကြပြီး မြစ်ဆုံကို ကျော်လာစဉ် သံလွင်မြစ်အတိုင်း စုန်ဆင်းလာရာ (မယ်လဲ့ထာ) (ကေး) အရောက် ရန်သူမှ (၁၂ဝ) မမ စိန်ပြောင်းကြီးနဲ့ (ရ၅) မမ နောက်ပွင့် လက်နက်ကြီး တို့ဖြင့် ဆီးကြိုနှုတ်ဆက်ကာ လှမ်းပစ် ပါတော့သည်။


စက်လှေများ ကမ်းကပ်ကြပြီး (မယ်လဲ့ထာ) တောင်ကြောပေါ်သို့ တက်ရောက်ပြီး နေရာချရသည်။ ကျောင်းသားတပ်မတော် တပ်ရင်းမှူး ကိုတင်စိုးအား “ဟိုတောင်ကြောမှာ ပွိုင့် (၂၅ဝဝ) ရှိတယ်၊ အဲဒီကနေ တို့ကို (ရ၅) မမ နောက်ပွင့်ရိုင်ဖယ်နဲ့ လှမ်း ပစ်နိုင်တယ်၊ ရဲဘော်တွေ ဒီည ပစ်ကျင်းတွေ အပြီး တူးကြရမယ်။ နောက် အလင်းရောင်ပေါ်ရင် (Overhead) အတွက် သစ်လုံးတွေဖြတ်၊ ခေါင်ကတုတ်လုပ်ကြ” ဟု ညွန်ကြားပြီး မိမိစစ်ကြောင်းရုံး ထားရန် နေရာကို ရှာသည်။ သံလွင်မြစ်ဇောင်း၊ လုံခြုံသည့်နေရာ၌ ဝန်ထမ်း များကို နေရာချရသည်။


စစ်သည်၊ ဝန်ထမ်း (၅ဝဝ) နီးပါးအတွက် ထမင်းချက်ရန် နေရာချပြီး တပ်ခွဲအားလုံးမှ ထမင်းလာယူရန် စီစဉ်သည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်မဟာ (၂)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ပေါင်းစု တပ်ခွဲများသည် တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့် လက်ချင်းချိတ်ရန် လူခွဲလိုက်သည်။ ကျောင်းသားတပ်မတော် တပ်ခွဲအား မိမိနားတွင် တပ်ချထားလိုက်သည်။ (ထွီဖါးဝီးကျိုး) (ခွေးအိပ်တောင်) (ပွိုင့်-၄ဝ၄၄) စစ်ဒေသကြီး တစ်ခုလုံးသည် ရန်သူ့ကျူးကျော် ရန်စမှုကို ခုခံကာကွယ်ရန် စစ်ကြောင်းများ အသီးသီး နေရာယူပြီးကြပါပြီ။

(ဗဟိုကွန်မန်ဒို) တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဘောကျော်ဟဲ၊ (ယခုတပ်မဟာ (၅) တပ်မဟာမှူး၊ ဗိုလ်မှူးချုပ်) ကျောင်းသား တပ်မတော်တပ်ရင်း (၂ဝရ)၊ (၂ဝဂ)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁) (၂) (၃) (၆) (ရ) မှ တပ်ခွဲများ၊ စစ်ကြောင်းများ၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ၏ အရံတပ်ဖွဲ့များဖြင့် လိုအပ်သော နေရာများ၌ တပ်နေရာ အသင့် နေရာယူထားကြပြီး ဖြစ်ပါသည်။

ရန်သူချီတက်လာရာ လမ်းကြောင်းတလျှောက်တွင် ဒေသခံ ပြောက်ကျားတပ်ဖွဲ့များမှ အစီအစဉ်အတိုင်း လှုပ်ရှားနေကြသဖြင့် ရန်သူသည် ရည်မှန်းချက် မရောက်မှီ အကျအဆုံး များနှင့် ရင်ဆိုင် တွေ့ကြုံနေရပါပြီ။ တပ်ဖွဲ့အားလုံးလည်း မိမိရှေ့ မျက်နှာမူရာဘက် ပစ်ပိုင်နယ်များ သတ်မှတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေးမြောင်း၊ ပစ်ကျင်းတူးခြင်း၊ ခေါင်ကတုတ်ဆောက်ခြင်းများ ပြုလုပ်နေကြပါပြီ။ မိမိတို့ အနေနှင့် ပြင်ဆင်ချိန်များစွာ ရနေပါသည်။

မိမိ၏ ဒုတိယစစ်ကြောင်းမှူးသည် ရဲဘော်များနှင့် ဟန်ချက်ညီ လုပ်စရာ ကိုင်စရာများကို လုပ်ကိုင်နေပါသည်။ မိုင်းထောင်ခြင်း၊ ပစ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတူးခြင်း၊ ဝါးခုတ် ခြံစည်းရိုးကာခြင်းများ ပြုလုပ်နေသည်။ မိမိတို့ စစ်ကြောင်းရုံး အဖွဲ့ဝင်များလည်း မိမိတို့၏ လုံခြုံမှုအတွက် လုပ်ကိုင်နေကြပါသည်။ မိမိနေရာအား ကျောက်တုံးကြီး နောက်ဖက်တွင် အရံကျည်၊ မိုင်းဗုံး၊ ရှေ့ထွက်မိုင်း ထားရန်နှင့် မိမိနေရန် တူးထားပြီး ဖြစ်သည်။

ထို့နောက်တွင် “ရန်သူ ခမရ (၁ဝ) စစ်ကြောင်း မိမိတို့ရှေ့ကို လာနေကြောင်း၊ နောက်နာရီ အနည်းငယ်အတွင်း အလုပ်အကိုင် ဖြစ်နိုင်ကြောင်း” ကြားဖြတ်တာဝန်ခံမှ လာရောက် သတင်းပေးသည်။ မိမိမှ မိမိ၏ ဒုတိယစစ်ကြောင်းမှူးအား -

“ကီးဒိုမှ တီးမသေ၊ အသံကောင်းလား”

“အသံ - ၅”

“မင်းတို့ရှေ့ မကြာခင် ရထားမာလာ ဦးစီး မ - ၁ဝ ဝင်တိုးဖို့ရှိ၊ ရထားလား”

“အားလုံးအသင့်ဘဲ၊ လက်ယားနေတာကြာပြီ၊ ဒီကောင်တွေ ကျနော်တို့ သူတို့အသက်ကို မယူခင် ခြေထောက်တစ်ဖက်စီဘဲ အရင်ယူဖို့ သစ္စာရှိ မိုင်းစစ်သည်တွေကို တာဝန် ပေးထားတယ်”

“ကောင်းပြီ အကောင်းဆုံးလုပ်”

ဟု ညွန်ကြားပြီး (Sony) ကြားဖြတ်စက်ဖွင့်ကာ နားထောင်နေသည်။ မကြာမှီ သစ္စာရှိ မိုင်းစစ်သည်တစ်ယောက် အလုပ် လုပ်ပါပြီ၊ “ဝုန်း” နှင့် တဆက်ထဲ လက်နက်ငယ်သံများပါ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ မိမိရဲဘော်များ ပွဲဦးထွက် ရန်သူနှင့်စတင်၍ ထိတွေ့မှုဖြစ်ပါသည်။ လက်နက်ကြီးများပါ လုပ်ကိုင်လာသည်။ ရှေ့တန်း မိမိရဲဘော်များထံပါ မက မိမိရှိနေရာ တောင်ကြောပေါ်သို့ပင် ကျလာပါပြီ။ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး ရန်သူပြန်ဆုတ်သွားသည်။

“တီးမသေ ဘာထူးလဲ”

“မိမိ အထိအခိုက်မရှိ၊ ကျောပိုးအိတ် (၁ဝ) လုံး၊ စစ်ချပ်ဝတ်တန်ဆာ (၁ဝ) စုံ ရရှိ၊ ကရင်အခေါ် “သေကု” (စကားဝှက်) လက်နက် တစ်လက်မှ မရ”

“စောင့်နေ၊ လာပေးဦးမယ်”

မကြာပါ။ သေနတ်သံများ ဆူညံစွာ ပေါ်ထွက်လာပြန်သည်။ ဘက်နှစ်ဘက်၏ ပစ်ခတ်သံများဖြင့် တလောကလုံးကို အရုပ်ဆိုး အကျည်းတန် သွားစေပါတော့သည်။

“ခွေးမသားတွေ၊ မအေလိုးတွေ၊ ဗုံးတွေဘဲ နင်းထောင်ထားတယ်”

ရန်သူ့ဆဲသံများ။ မိမိဒုတိယစစ်ကြောင်းမှူးမှ -

“မိတ်ဆွေ၊ တို့က ဘာသာတရားကို ကိုင်းရှိုင်းတယ်၊ လေးစားတယ်၊ ဗုဒ္ဓတရားတော်မှာ (ပါဏာတိပါတကံဆောင်၊ သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကျဉ်” ဖို့ သွန်သင်ထားသလို ခရစ်ယာန်ဘာသာကလဲ “ Thou shall not kill ” လို့ သွန်သင်ထားတယ်။ မင်းတို့ကို မသတ်ဘူး၊ လူသားချင်း မေတ္တာစိတ်နဲ့ ခြေတဖက်ဘဲ ယူတယ်ဟေ့” ဟု လှမ်းပြောလိုက်ရာ သေနတ်သံများ ဆူညံသွားပြန်သည်။ ရန်သူကို မဆဲရန် မိမိစစ်ကြောင်းတွင် ညွှန်ကြားချက် ထုတ်ထားပါသည်။

မှတ်ချက်။

မိမိစစ်ကြောင်းရှိ စက်အများစု အမည်ကို သမ္မာကျမ်းစာရှိ တမန်တော်များ၏ အမည်ကို မှည့်ခေါ်ထားပါသည်။ မိမိစက်အမည် (ကီးဒို)၊ ဗိုလ်မှူးထီးမူး စက်အမည် (တီးမသေ)၊ မိမိသား ဗိုလ်ချာတိတ် စက်အမည် (လုကာ)၊ ဗိုလ်ဥာဏ်ထွန်း စက်အမည် (မိုရှေး)၊ ဗိုလ်တိုးတိုး စက်အမည် (တီးတူ)၊ ဗိုလ်တင်စိုး စက်အမည် (မသဲ) စသည်တို့ ဖြစ်ကြသည်။


ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်


0 comments:

Post a Comment